ဗဟိုဘဏ်က ငွေလဲနှုန်းကို တစ်ဒေါ်လာ ၁၂၆၆ ကျပ် ရောက်သည်အထိ ဆက်တိုက်တိုးမြှင့် သတ်မှတ်နေ၊ ငါးရက်အတွင်း တစ်ဒေါ်လာ ကျပ် ၂၀ တိုးပြီး သတ်မှတ်လိုက်ခြင်းဖြစ်

ဗဟိုဘဏ်က ငွေလဲနှုန်းကို တစ်ဒေါ်လာ ၁၂၆၆ ကျပ် ရောက်သည်အထိ ဆက်တိုက်တိုးမြှင့် သတ်မှတ်နေ၊ ငါးရက်အတွင်း တစ်ဒေါ်လာ ကျပ် ၂၀ တိုးပြီး သတ်မှတ်လိုက်ခြင်းဖြစ်
Published 17 August 2015
အောင်မြတ်ကို

ဗဟိုဘဏ်ငွေလဲနှုန်းကို တစ်ဒေါ်လာ ၁၂၆၆ ကျပ်ရောက်သည်အထိ ဆက်တိုက်တိုး၍ သတ်မှတ်လျက်ရှိပြီး ငါးရက်အတွင်း တစ်ဒေါ်လာ ၂၀ ကျပ်အထိ တိုး၍သတ်မှတ်ထားကြောင်း သိရသည်။
 ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုးသည် သြဂုတ် ဒုတိယပတ်အတွင်း ဆက်တိုက်မြင့်တက်နေပြီး သြဂုတ်တတိယပတ်တွင် တစ်ဒေါ်သတ်မှတ်နှုန်းမှာ ၁၂၆၆ ကျပ်အထိ မြင့်တက်လာခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာ တန်ဖိုးသည် သြ ဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၄၆ ကျပ်မှ ၁၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၅၆ ကျပ်သို့လည်းကောင်း၊ သြဂုတ် ၁၇ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၆၆ ကျပ်သို့လည်းကောင်း တစ်ရက်လျှင် ၁၀ ကျပ်နှုန်းဖြင့် တိုးမြှင့်သတ်မှတ် လျက်ရှိသည်။
သြဂုတ်တတိယပတ်တွင် ပြင်ပဈေးကွက်၌ ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာ လျှင် ၁၂၇၅ ကျပ်ဝန်းကျင်တွင် ရှိနေပြီး သြဂုတ်ဒုတိယပတ် ဈေးကွက်ပေါက်ဈေးနှင့် ကွာဟချက် အနည်းငယ်သာ ရှိခဲ့သည်။
ပြင်ပဈေးကွက် ဒေါ်လာလဲနှုန်းသည် သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၈၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သော်လည်း သြဂုတ် ၁၄ ရက်တွင် တစ်ဒေါ်လာ လဲနှုန်းမှာ ကျပ် ၁၂၇၄ ဝန်းကျင်သို့ ပြန်လည်ကျဆင်းပြီး သြဂုတ် ၁၇ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၇၅ ကျပ်ဝန်းကျင်တွင် ရှိနေခဲ့သည်။
သြဂုတ်ဒုတိယပတ်အတွင်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ချက်မှာ သြဂုတ် ၁၀ ရက်တွင် တစ်ဒေါ်လာတန်ဖိုး သတ်မှတ်ချက်မှာ ၁၂၃၄ ကျပ်မှ သြဂုတ် ၁၁ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၃၆ ကျပ်သို့ မြင့်တက်လာခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် ၁၂၃၉ ကျပ်သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။ သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၄၆ ကျပ်သို့ ဆက်လက်တိုးမြင့်ပြီးနောက်  သြဂုတ် ၁၄ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၅၆ ကျပ်အထိ ဆက်တိုက်တိုးမြှင့်သတ် မှတ်ထားသည်။ ထို့ကြောင့် ဗဟိုဘဏ်၏ သတ်မှတ်နိုင်ငံခြား ငွေလဲနှုန်းတွင် ဒေါ်လာ တန်ဖိုးသည် သြဂုတ်ဒုတိယပတ်အတွင်း တစ်ဒေါ်လာတန်ဖိုး ၁၂၃၄ ကျပ်မှ ၁၂၅၆ ကျပ်အထိ တစ်ပတ်အတွင်း ၂၂ ကျပ် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၁၇ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၆၆ ကျပ် သတ်မှတ်ထားသည်။ ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၇၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေးကျပ် ၁၂၇၀ ဝန်းကျင်တွင် ရှိနေသည်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် သြ ဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်ဈေး ၁၂၅၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၅၂ ကျပ်ဝန်းကျင်ရှိခဲ့ပြီး သြဂုတ် ၁၄ ရက် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်ဈေး ၁၂၆၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၆၄ ကျပ်ဝန်းကျင် ရှိနေသည်။ သြဂုတ် ၁၇ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၇၅ ကျပ်၊ ဝယ်ဈေး ၁၂၆၈ ကျပ်ဝန်းကျင် ရှိနေကြောင်း သိရသည်။
တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင် နှုန်းဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှု များအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
 

Most Read

Most Recent