နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် လယ်ယာ၊ သားငါး၊ သစ်တော သုံးခုပေါင်းထားသည့် လယ်ယာကဏ္ဍ တစ်ခုလုံးသည် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ် ရာခိုင်နှုန်းပင် မရှိကြောင်း သိရ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် လယ်ယာ၊ သားငါး၊ သစ်တော သုံးခုပေါင်းထားသည့် လယ်ယာကဏ္ဍ တစ်ခုလုံးသည် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ် ရာခိုင်နှုန်းပင် မရှိကြောင်း သိရ
Published 16 August 2015
အငယ်ထွေး၊ နီလာ

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား လေ့လာကြည့်ပါက လယ်ယာ၊ သားငါး၊ သစ်တော သုံးခုပေါင်းထားသည့် လယ်ယာကဏ္ဍ တစ်ခုလုံးမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ်ရာခိုင်နှုန်းပင် မရှိကြောင်း သြဂုတ် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ မြေပဒေသာ ကျွန်း၌ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်း (ရန်ကုန်ရုံးခွဲ) မှ ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး ဟောပြောပွဲတွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးဖြစ်သူ ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။
“လယ်ယာနဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ဆိုရင် အရေးကြီးတဲ့တစ်ချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါ။ အခုက FDI ကိုလေ့လာကြည့်ရင် တစ်ရာခိုင်နှုန်းတောင် မရှိပါဘူး။ ဆိုတော့ ရင်းနှီးမြှုပ်နှံမှုအတွက် ဘာတွေက အဟန့်အတား ဖြစ်နေလဲ။ ဒါတွေကို ဘယ်လိုကျော်လွှားပြီး ရင်းနှီးမြှုပ်နှံတွေ များများဝင်လာအောင် ဘာတွေလုပ်မလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ ဒီနေရာမှာ တစ်ဧက အထွက်နှုန်း လောက်နဲ့တော့ မရတော့ပါဘူး။ လူတွေရဲ့ Capacity ရော Land ရဲ့ ထုတ်လုပ်နိုင်မှု Capacity ရော ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အလားတူ မြေဧရိယာတွေ ဖော်ထုတ်နိုင်ဖို့လည်း လိုပါတယ်” ဟု ဦးတင်ထွဋ်ဦးက ပြောပြခဲ့သည်။
နိုင်ငံ၏ အကျယ်အဝန်းနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် ဗီယက်နမ်နိုင်ငံထက် နှစ်ဆရှိကြောင်း၊ သို့သော် စိုက်ပျိုးနိုင်သည့် မြေဧရိယာ ဖော်ထုတ်မှုမှာ ဗီယက်နမ်နိုင်ငံထက် နည်းနေကြောင်း၊ မြန်မာနိုင်ငံက စုစုပေါင်း ဖော်ထုတ်နိုင်မှုသည် တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း ၂၀ သာ ရှိကြောင်း၊ ထိုင်းနိုင်ငံမှာ ရာခိုင်နှုန်း ၄၀ ရှိပြီး ဗီယက်နမ်နိုင်ငံမှာ ရာခိုင်နှုန်း ၃၀ ဝန်းကျင်ရှိကြောင်း၊ အလားတူ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံ တို့တွင်လည်း မြေဧရိယာ တော်တော်များများ ဖော်ထုတ်ထားပြီဖြစ်ကြောင်း သိရသည်။
“အခု မြေယာကဏ္ဍမှာ ပြဿနာတွေ ပေါ်နေတယ်ဆိုတာ မြေယာသစ်တွေဖော်ထုတ်ပြီး Small Holder တွေကို များများချမပေးနိုင်လို့ပါ။ တကယ်သာ မြေယာဖော်ထုတ်ရေးကို ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အများကြီး ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အများကြီးဖော်ထုတ်မိရင်တောင် လုပ်နိုင်တဲ့သူက ရှိမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ စက်မှုလယ်ယာကို ထိထိရောက်ရောက် သွားနိုင်မှာ မဟုတ်သေးဘူး။ ဖြစ်နေတာက မြန်မာနိုင်ငံမှာ လူတွေရဲ့ထုတ်လုပ်နိုင်မှုက နိမ့်သလို မြေယာရဲ့ ထုတ်လုပ်နိုင်မှုကလည်း နိမ့်နေတယ်။ ဒါကြောင့် ဒါတွေကို သေသေချာချာစစ်ဆေးပြီး ထုတ်လုပ်မှုတက်အောင် ကျွန်တော်တို့ အရင်လုပ်သွားဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံတွင် မည်သည့်ကိစ္စမဆို အကောင်အထည်ဖော်ရာ၌ Legal Framework များရှိရန် အရေးကြီးကြောင်း၊ ယင်းတို့နှင့်အတူ ဥပဒေပြဋ္ဌာန်းသွားပြီးလျှင်လည်း ဥပဒေအတိုင်း ဆောင်ရွက်နိုင်မည့် Institution များ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍတို့တွင် အရည်အသွေးမြှင့်တင်နိုင်ရန် များစွာလိုအပ်နေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
၁၉၈၉ခုနှစ်မှစ၍ ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ကျော်ရှိနေပြီး ယင်းအနက်မှ Existing ပမာဏမှာ ၄၀ ကျော်ရှိကြောင်း၊ အဓိကအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု များနေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်ရှိခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ်တွင်မူ ဘဏ္ဍာနှစ်၏ အစဖြစ်သော ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent