သွင်းကုန်လုပ်ငန်းရှင်များက ဗဟိုဘဏ်ငွေလဲနှုန်းဖြင့် ဒေါ်လာဝယ်ယူရာတွင် မှန်ကန်စွာဝယ်ယူမှု ရှိ၊ မရှိ သွင်းကုန်ကဏ္ဍအလိုက် စစ်ဆေးရန် စီစဉ်

သွင်းကုန်လုပ်ငန်းရှင်များက ဗဟိုဘဏ်ငွေလဲနှုန်းဖြင့် ဒေါ်လာဝယ်ယူရာတွင် မှန်ကန်စွာဝယ်ယူမှု ရှိ၊ မရှိ သွင်းကုန်ကဏ္ဍအလိုက် စစ်ဆေးရန် စီစဉ်
Published 16 August 2015

သွင်းကုန်လုပ်ငန်းရှင်များက ဗဟိုဘဏ်ငွေလဲနှုန်းဖြင့် ဒေါ်လာဝယ်ယူရာတွင် မှန်ကန်စွာဝယ်ယူမှု ရှိမရှိ သွင်းကုန်ကဏ္ဍအလိုက် စစ်ဆေးမှုပြုလုပ်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“ဗဟိုဘဏ်ရဲ့ သတ်မှတ်ငွေလဲနှုန်းနဲ့ ဝယ်နေတာ စားအုန်းဆီ၊ စက်သုံးဆီ စတဲ့ သွင်းကုန်တွေပေါ့။ မှန်ကန်စွာ ဝယ်ယူမှု ရှိမရှိ စစ်မယ်ဆိုတာက အခုလက်ရှိမှာ စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီတချို့က သတ်မှတ်လိုင်စင်ကာလထက် ကျော်လွန်တဲ့ ယခင်လိုင်စင်တွေနဲ့ မမှန်မကန် ဝယ်တာကို တွေ့တာပါ။ အဲဒါကြောင့် အခြားသွင်းကုန်တွေမှာရော ဒီလိုမျိုး ရှိ၊ မရှိဆိုတာ ကဏ္ဍအလိုက် စစ်ဆေးသွားမှာပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယင်းကဲ့သို့ မမှန်မကန် ဝယ်ယူခြင်းများကို တွေ့ရှိသော်လည်း ဘဏ္ဍာရေးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သဖြင့် ဗဟိုဘဏ်နှင့် ညှိနှိုင်း၍ အရေးယူမှုများကို ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။ယခု ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စု၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စု တင်သွင်းရန်အတွက် ဒေါ်လာ ၅၄၉၂ သန်းကျော် အသုံးပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။       မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ၁၅ သန်း သြဂုတ် ၁၂ ရက်က လေလံစနစ်ဖြင့် ရောင်းချခဲ့ပြီး ဒေါ်လာငါးသန်း လေလံအောင်မြင်ကြောင်း ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့သည်။၂၀၁၂ ခုနှစ် ဧပြီတွင် ထိန်းကျောင်းမှုရှိသည့် ငွေလဲနှုန်းရှင် စတင်စဉ်ကတည်းက ဘဏ်များအကြား ဖြစ်ပေါ်သည့် နိုင်ငံခြားငွေ ရောင်းဝယ်မှုဈေးကွက် ဈေးနှုန်းသတ်မှတ် ပြဋ္ဌာန်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နေ့စဉ်လေလံစနစ်ဖြင့် နိုင်ငံခြားငွေများ ရောင်းချနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ဇူလိုင်လကုန်အထိ ပြည်တွင်းသို့ စားအုန်းဆီတန်ချိန် ၂၀၂၆၁၀ တန် တင်သွင်းရန်အတွက် ဒေါ်လာ ၁၄၄ သန်း အသုံးပြုထားကြောင်း၊ ယခင်နှစ်ကာလတူ တင်သွင်းမှု ပမာဏထက်နည်းပြီး အဓိကအားဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် တင်သွင်းမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။     

Most Read

Most Recent