ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များမှ ၃၂ နေရာချန်လှပ်၍ ကျန် ၁၁၃၉ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်စာရင်းတွင် ဖော်ပြထားသည်။
အဆိုပါ ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်မှုအရ မဲဆန္ဒနယ် ၁၁၇၁ နေရာအနက် ၁၁၃၉ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ တွင် ၃၂၀ ၌ လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာတွင် ၁၆၆ နေ ရာ၌ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နေရာတွင် ၆၂၄ နေရာ၌ လည်းကောင်း၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် (တိုင်းရင်းသားရေးရာဝန်ကြီး)၂၉ နေရာတွင် လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် မြေစာရင်းကို သြဂုတ် ၁၂ ရက်ကလည်း ထုတ်ပြန်ခဲ့ပြီး ထိုစဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် စုစုပေါင်း မဲဆန္ဒနယ်ထက် ရှစ်နေရာပို၍ မဲဆန္ဒနယ် ၁၁၇၉ တွင် ၃၂ နေရာချန်လှပ်၍ ၁၁၄၇ နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရှစ်နေရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် စုစုပေါင်း ၆၄၄ နေရာအား ပြည်ခိုင်ဖြိုးပါတီမှ ၆၅၂ နေရာ ဟု သတ်မှတ်ထားခြင်းဖြစ်ကာ ယင်းရှစ်နေရာသည် တနင်္သာရီတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်နေရာ ၂၀ အား ၂၈ နေရာအဖြစ် ယှဉ်ပြိုင်ရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်၍ သြဂုတ် ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယှဉ်ပြိုင်ခြင်းမရှိဘဲ ချန်လှပ်မဲဆန္ဒနယ်မှာ ၂၄ နေရာသာ ရှိခဲ့သည်။ သို့သော် သြဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရမူ နောက်ထပ် ရှစ်နေရာ အပါအဝင် စုစုပေါင်း ၃၂ နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ ချန်လှပ်ထားသည့် မဲဆန္ဒများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှဖြစ်ပြီး ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်နှစ်နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်နေရာ၂၀ တို့တွင် ဖြစ်သည်။
ရွေးကောက်ပွဲအတွက် ဆောင်ရွက်ထားရှိမှုအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အလိုက် စနစ်တကျ ရွေးချယ်ထားရှိပြီး ဖြစ်သော ကိုယ်စားလှယ်လောင်းများအား မပြင်မဆင် မပြောင်းလဲဘဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သြဂုတ်၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ ပြန်လည်ပါဝင်ပြီး ကိုယ်စားလှယ်လောင်းအသစ်များ အနေဖြင့် အစိုးရအဖွဲ့ဝင် ၅၀ နှင့် တပ်မတော်မှ အငြိမ်းစားယူလိုက်သည့် တပ်မတော်ထိပ်ပိုင်းအဆင့်မြင့်အရာရှိကြီးများ ဖြစ်သည့် ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းအပါအဝင် တပ်မတော်သား ၅၉ ဦး ပါဝင်ကြောင်း သိရသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လက်ရှိတွင် ပါတီဝင်အင်အား ၅၆ သိန်းကျော် ရှိကြောင်း သိရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ပြည်ခိုင်ဖြိုးပါတီမှ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များမှ ၃၂ နေရာချန်လှပ်၍ ၁၁၃၉ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်