အာရှတိုက်၏ အကြီးဆုံးဆောက်လုပ်ရေးနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း Surbana Jurong က မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့မည်

အာရှတိုက်၏ အကြီးဆုံးဆောက်လုပ်ရေးနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း Surbana Jurong က မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့မည်
Published 15 August 2015
နွဲ့ယဉ်အေး

အာရှတိုက်၏ အကြီးဆုံး ဆောက်လုပ်ရေးနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း Surbana Jurong  က မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ှSurbana Jurong သည် မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် နှစ်နှစ်ခွဲမှ စတင်ဝင်ရောက် အခြေချခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်မက ပဲခူး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်တို့တွင်ပါ လုပ်ငန်းများ လုပ်ကိုင်နေပြီ ဖြစ်သည်။
 
မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ခဲ့သော စီမံကိန်းများတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အကျယ်အဝန်း ဧက ၂၂၀ ပေါ်တွင် တည်ဆောက်နေသည့် ဧရာဝဏ် နှင့် ရတနာအိမ်ရာ စီမံကိန်းများအတွက် ပင်မလွှမ်းခြုံစီမံကိန်းရေးခြင်းအပြင် ဗိသုကာနှင့် အင်ဂျင်နီယာပိုင်း အတိုင်ပင်ခံ ဝန်ဆောင်မှုများ ပေးလျက်ရှိနေသည်။
 
ထို့ပြင် ရန်ကုန်အဏ္ဍဝါပြတိုက်အသစ်အတွက် ဒီဇိုင်းပိုင်းနှင့် စီမံကိန်းစီမံခန့်ခွဲမှုပိုင်း  အတိုင်ပင်ခံအဖြစ်လည်း ဆောင်ရွက်လျက်ရှိပြီး  Polo Club Residence စီမံကိန်း၏ စီမံခန့်ခွဲမှုအတိုင်ပင်ခံအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း စီမံကိန်းပေါင်း ၃၉ ခုရှိနေပြီး အိမ်ရာဆောက်လုပ်မှုလုပ်ငန်းအပြင် ကူးသန်းရောင်းဝယ်မှု၊ အပန်းဖြေမှု၊ စက်မှုနှင့် လေကြောင်းလုပ်ငန်းကဏ္ဍများသို့ပါ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေကြောင်း သိရသည်။
 
Surbana Jurong ကုမ္ပဏီသည် စင်ကာပူနိုင်ငံ မြို့ပြတည်ဆောက်ရေးတွင် တစ်လျှောက်လုံး ပါဝင်ခဲ့ပြီး စင်ကာပူရှိ အိမ်ရာစီမံကိန်းများနှင့် တစ်မြို့လုံးရှိ ရေပိုက်လိုင်းစနစ်များ ရေးဆွဲခြင်းကို အဓိကတာဝန်ယူ ဆောင်ရွက်ပေးခဲ့သည့် ကုမ္ပဏီဖြစ်သည်။
 
Surbana Jurong အနေနှင့် စင်ကာပူနိုင်ငံ၏ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများတွင် မျိုးဆက်ခုနစ်ဆက်တိုင် ပါဝင်စီမံကိန်း ရေးဆွဲတည်ဆောက်ခဲ့ပြီး စင်ကာပူနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၈၀ မှာ အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင် နေထိုင်ကြကြောင်းနှင့် အဆိုပါအတွေ့အကြုံများကို မြန်မာနိုင်ငံသို့ သယ်ဆောင်ပြီး တန်ဖိုးနည်းအိမ်ရာဖြစ်သော်လည်း ရေပေးဝေမှု ကောင်းမွန်စေရန်၊ လုံခြုံစိတ်ချရသည့် လျှပ်စစ်မီးစနစ်၊ အိမ်သာစနစ်တို့  ပါဝင်သော အရည်အသွေးမီ အိမ်ရာများဖြစ်စေရန် အကောင်းဆုံး အတိုင်ပင်ခံဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
 
လက်ရှိအချိန်တွင် Surbana Jurong က မြန်မာအစိုးရအတွက် တိုင်းပြည်တည်ဆောက်ရေးတွင် အရေးပါသည့် အဆောက်အအုံအရည်အသွေး သတ်မှတ်သည့် ကုတ်စနစ်များ ပေါ်ပေါက်ရေး၊ နည်းပညာဆိုင်ရာ ဗဟုသုတများ မျှဝေခြင်း၊ တန်ဖိုးနည်းအိမ်ရာ ပိုင်ဆိုင်ခွင့် ဝယ်ယူနိုင်ခွင့်နှင့် ပတ်သက်သည့် စည်းကမ်းချက်များ၊ မူဝါဒများချမှတ်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 

Most Read

Most Recent