ဒေါ်လာလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် ပြန်လည်ကျဆင်းသွားသော်လည်း ဗဟိုဘဏ်က တစ်ရက်အတွင်း ၁၀ ကျပ် ဆက်လက်တိုးမြှင့်သတ်မှတ်ပြီးနောက် တစ်ဒေါ်လာလဲနှုန်း ၁၂၅၆ ကျပ်အထိဖြစ်လာ

ဒေါ်လာလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် ပြန်လည်ကျဆင်းသွားသော်လည်း ဗဟိုဘဏ်က တစ်ရက်အတွင်း ၁၀ ကျပ် ဆက်လက်တိုးမြှင့်သတ်မှတ်ပြီးနောက် တစ်ဒေါ်လာလဲနှုန်း ၁၂၅၆ ကျပ်အထိဖြစ်လာ
Published 15 August 2015

ဒေါ်လာလဲနှုန်းမှာ ပြင်ပဈေးကွက်၌ ပြန်လည်ကျဆင်းသွားသော်လည်း ဗဟိုဘဏ်က တစ်ရက်အတွင်း ၁၀ ကျပ်ဆက် လက်တိုးမြှင့်သတ်မှတ်ပြီးနောက် တစ်ဒေါ်လာလဲနှုန်း ၁၂၅၆ ကျပ်အထိဖြစ်လာကြောင်း နိုင်ငံခြားငွေကြေးလဲလှယ်ရောင်းဝယ်ရေး ဈေးကွက်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။    ပြင်ပဈေးကွက်ဒေါ်လာလဲနှုန်းသည် သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၈၀ ဝန်းကျင်အထိမြင့်တက်ခဲ့သော်လည်း သြဂုတ် ၁၄ ရက်တွင် တစ်ဒေါ်လာလဲနှုန်းမှာ ကျပ် ၁၂၇၄ ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားကြောင်း ပြင်ပဈေးကွက်မှ သိရသည်။ ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် သြဂုတ် ၁၀ ရက် တစ်ဒေါ်လာ ၁၂၄၁ ကျပ်ဝန်းကျင်မှ သြဂုတ် ၁၄ ရက်တွင် တစ်ဒေါ်လာ ၁၂၇၄ ကျပ်ဝန်းကျင်အထိ ရှိခဲ့သည်။    သြဂုတ်ဒုတိယပတ်အတွင်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသတ်မှတ်ချက်မှာ သြဂုတ် ၁၀ ရက်တွင် တစ်ဒေါ်လာတန်ဖိုးသတ်မှတ်ချက်မှာ ၁၂၃၄ ကျပ်မှ သြဂုတ် ၁၁ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၃၆ ကျပ်သို့ မြင့်တက်လာခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် ၁၂၃၉ ကျပ်သို့တိုးမြှင့်သတ်မှတ်ခဲ့သည်။    သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၄၆ ကျပ်သို့ ဆက်လက်တိုးမြင့်ပြီးနောက် သြဂုတ် ၁၄ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၅၆ ကျပ်အထိ ဆက်တိုက်တိုးမြှင့်သတ်မှတ်ထားသည်။ ထို့ကြောင့် ဗဟိုဘဏ်၏ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုးသည် သြဂုတ်ဒုတိယပတ်အတွင်း တစ်ဒေါ်လာတန်ဖိုး ၁၂၃၄ ကျပ်မှ ၁၂၅၆ ကျပ်အထိ တစ်ပတ်အတွင်း ၂၂ ကျပ်တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။    "ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုက ဒေါ်လာဈေးတက်ရမယ်အခြေအနေတွေကရှိနေတယ်။ နံပါတ်တစ်အစိုးရမှာ ဒေါ်လာလုံလုံလောက်လောက်ရှိပုံမရဘူး။ တစ်ဖက်ကလည်း သွင်းကုန်ကပို့ကုန်ထက်ပိုများနေတယ်။ သွင်းကုန်တွေက ဆက်ပြီးသွင်းနေရတော့ ဒေါ်လာငွေလိုအပ်ချက်တွေရှိနေတယ်။ ဒေါ်လာလိုအပ်ချက်ပေါ်အခြေခံပြီးတော့မှ ဒေါ်လာဝယ်ကိုင်ထားဖို့၊  စုထားဖို့ဆိုတာက တချို့စီးပွားရေးသမားတွေက ဒါကိုတွက်ပုံရပါတယ်။ နည်းနည်းလေးလှုပ်လှုပ်ဖြစ်တာနဲ့ ကုန်ဈေးနှုန်းတက်သလိုပေါ့ ဒေါ်လာလည်းဝယ်ကြတော့ ဒေါ်လာဈေးတက်လာတဲ့ သဘောပါပဲ။ အခုဗဟိုဘဏ်နှုန်းရှင်သတ်မှတ်ပြီး အပြင်နဲ့ကိုက်အောင်ပေါ့။ ဗဟိုဘဏ်ရဲ့ တရားဝင်ဈေးနှုန်းက အပြင်မှာတက်ရင် သူလည်းလိုက်တက်တယ်ပေါ့။ ပြောင်းပြန်အကျိုးသက်ရောက်မှုဖြစ်ပြီး ဗဟိုဘဏ်ကတက် ပြင်ပပေါက်ကလည်းတက် ဒီလိုမျိုးတွေဖြစ်လာတယ်လို့ထင်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအခြေအနေက ဒေါ်လာဈေးတက်လာဖို့အနေအထားရှိတယ်လို့ထင်တယ်" ဟု မြန်မာ့နိုင်ငံရေးလေ့လာကျွမ်းကျင်သူ ဦးကျော်လင်းဦးက သုံးသပ်သည်။    လက်ရှိအခြေအနေအရ ဒေါ်လာဈေးမြင့်တက်မှုမှာ USDP ပါတီ၏ အပြောင်းအလဲနဲ့သက်ဆိုင်သည်ဟု ခန့်မှန်းမှုများရှိနေသော်လည်း တိုက်ရိုက်သက်ဆိုင်သည့်အခြေအနေမဟုတ်ဘဲ အထက်ပါအချက်များကြောင့်သာဖြစ်နိုင်ကြောင်း ဦးကျော်လင်းဦးက ဆက်လက်သုံးသပ်သည်။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များအပြင် အခြားသွင်းကုန်လုပ်ငန်းရှင်များလိုအပ်သည့် ဒေါ်လာများကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သြဂုတ် ၁၂ ရက်တွင် အမေရိကန်ဒေါ်လာ ၁၅ သန်းကို လေလံစနစ်ဖြင့် ရောင်းချခဲ့ပြီး ဒေါ်လာငါးသန်း လေလံအောင်မြင်ကြောင်း သတင်းထုတ်ပြန်ပေးခဲ့သည်။ ဗဟိုဘဏ်အနေဖြင့် ၂၀၁၂ ခုနှစ် ဧပြီတွင် ထိန်းကျောင်းမှုရှိသည့် ငွေလဲနှုန်းစနစ်စတင်စဉ်ကတည်းက ဘဏ်များအကြားဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေရောင်းဝယ်မှုဈေးကွက်ဈေးနှုန်းသတ်မှတ် ပြဋ္ဌာန်းနိုင်ရေး နေ့စဉ်လေလံစနစ်ဖြင့် နိုင်ငံခြားငွေများရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။    သြဂုတ် ၁၄ ရက်တွင်ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၅၆ ကျပ်သတ်မှတ်ထားသည်။ ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၇၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၆၇ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူတစ်ဒေါ်လာလျှင် ရောင်းဈေးကျပ် ၉၁၀ ဝန်းကျင်၊ ဝယ်ဈေး ၉၀၂ ကျပ်ဝန်းကျင်နှင့် ယူရိုတန်ဖိုးမှာ တစ်ယူရိုလျှင် ရောင်းဈေးကျပ် ၁၄၀၀ ဝန်းကျင်၊ ဝယ်ဈေး ၁၃၈၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။    ပြည်တွင်းပုဂ္ဂလိကဘဏ်များ၌ သြဂုတ် ၁၂ရက်တွင် ရောင်းဈေး ၁၂၄၉ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၄၄ ကျပ်ဝန်းကျင်ရှိခဲ့ပြီး သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၅၆ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၂၅၂ ကျပ်ဝန်းကျင်ရှိခဲ့သည်။ သြဂုတ် ၁၄ ရက် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၆၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၆၄ကျပ်ဝန်းကျင် ရှိနေသည်။    တရားဝင်ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းတွင်လည်းကောင်း A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent