တပ်မတော်အရာရှိဟောင်းများ ဖြစ်သော ဦးဝေလွင်၊ ဦးလှဌေးဝင်းနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်အောင်သန်းတို့ နေပြည်တော်နယ်မြေမှ ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း

တပ်မတော်အရာရှိဟောင်းများ ဖြစ်သော ဦးဝေလွင်၊ ဦးလှဌေးဝင်းနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်အောင်သန်းတို့ နေပြည်တော်နယ်မြေမှ ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း
Published 15 August 2015
ဇေယျာထွန်း၊ ကျော်မျိုး

ဦးဝေလွင်၊ ဦးလှဌေးဝင်းနှင့် ဦးမြင့်အောင်သန်းတို့က နေပြည်တော်နယ်မြေမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးသို့ သြဂုတ် ၁၄ ရက်တွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း လာရောက်တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယခင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝေလွင်က ပုဗ္ဗသီရိမြို့နယ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းက ဇေယျာသီရိမြို့နယ် နှင့် တစ်သီးပုဂ္ဂလအဖြစ် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဟောင်း ဦးမြင့်အောင်သန်းက ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသီးသီး လာရောက် ကိုယ်စားလှယ်အမည်စာရင်းများ တင်သွင်းခဲ့ကြောင်း သိရသည်။
 
ကိုယ်စားလှယ်လောင်းအမည် တင်သွင်းသည့်နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၁၄ ရက်တွင် လာရောက်တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဦးဝေလွင်နှင့် ဦးလှဌေးဝင်းတို့မှာ ကိုယ်တိုင်လာရောက်၍ အမည်စာရင်း တင်သွင်းခြင်းမရှိဘဲ ၎င်းတို့ ကိုယ်စားလှယ်မှတစ်ဆင့် လာရောက် အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
 
“ကျွန်တော် ပါတီနိုင်ငံရေး လုံးဝမလုပ်ပါဘူး။ အမျိုးသားနိုင်ငံရေးပဲ လုပ်တာဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်က အငြိမ်းစားယူပြီးတော့ စည်းမျဉ်း၊ စည်းကမ်းဥပဒေနဲ့ အညီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အဆိုတင်သွင်းခြင်းပဲ ဖြစ်ပါတယ်။ကျွန်တော် ဘယ်ပါတီမှ မဝင်တာ မယုံလို့ မဟုတ်ပါဘူး။ ကျွန်တော့် ရဲ့ခံယူချက်ကြောင့် အမျိုးသားနိုင်ငံရေးလုပ်ခြင်း ဖြစ်ပါတယ်”  ဟု တစ်သီးပုဂ္ဂလအဖြစ် နေပြည်တော်ကောင်စီနယ်မြေအဖွဲ့ဝင်ဟောင်း ဦးမြင့်အောင်သန်းက ပြောကြားသည်။
 
နေပြည်တော်ပြည်ထောင်စု နယ်မြေတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် အမည်စာရင်း တင်သွင်းသူ စုစုပေါင်း ၄၃ ဦး ခန့်ရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ စသည့် ပါတီတို့ နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများဖြစ်ကြောင်း သိရသည်။ 
 

Most Read

Most Recent