တိုင်းပြည်အပေါ် သစ္စာရှိပါ

တိုင်းပြည်အပေါ် သစ္စာရှိပါ
Published 12 August 2015
ဒေါက်တာ ဖြိုးသီဟ

ဆရာကြီး ဒေါက်တာသန်းထွန်းက ပြောဖူးပါတယ်။ ‘သမိုင်းဆိုတာ မ-အအောင် သင်တာ’ တဲ့။ အ,ချင်ယောင် ဆောင်နေသူတွေအတွက် မရည်ရွယ်ပေမယ့် တကယ်ကို အ,နေသူတွေ အတွက်တော့ ကိုယ်သိထားတဲ့ သမိုင်းဖြစ်ရပ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။၁၆ ရာစုတုန်းက ဂျပန်တွေဟာ ကိုရီးယား (အဲဒီတုန်းကတော့ ဂျိုဆွန်းလို့ခေါ်တယ်) ကို ခုနစ်နှစ်ကြာ ကျူးကျော်စစ် ဆင်နွှဲခဲ့ပါတယ်။ အဲဒီကာလအတွင်း ဂျပန်တွေရဲ့ရန်ကို ရွပ်ရွပ်ချွံချွံ ကာကွယ်နိုင်ခဲ့လို့ သမိုင်းမှာ အင်မတန်ထင်ရှားခဲ့တဲ့ ရေတပ်စစ်သူကြီး ယီဆွန်းရှင်းရဲ့ အကြောင်းက စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ ၁၅၉၂ ကနေ ၁၅၉၈ အထိ ဖြစ်ခဲ့တဲ့ ဒီကျူးကျော်စစ်အတွင်း တိုက်ပွဲပေါင်း ၂၃ ပွဲ တိုက်ခဲ့ရာမှာ တိုက်သမျှ တိုက်ပွဲအားလုံး အနိုင်ရခဲ့တဲ့အထိ မှတ်တမ်းဝင်ခဲ့တဲ့ ပါရမီရှင် ခေါင်းဆောင်တစ်ယောက်ပါ။ မြန်မာတွေ အသိနည်းပေမယ့် တောင်ကိုရီးယားမှာရော မြောက်ကိုရီးယားမှာပါ သူ့ကို အစွဲပြုပြီး ဂုဏ်ပြုထားတာတွေ၊ သူ့အကြောင်းရေးတဲ့ ဝတ္ထုတွေ၊ ဇာတ်ကား၊ ဇာတ်လမ်းတွဲတွေ အများကြီးပဲ ရှိပါတယ်။  စစ်ပွဲနောက်ခံသမိုင်း အနည်းအကျဉ်းကို ပြောရရင်တော့ ကျူးကျော်စစ်စတဲ့ အချိန်ကစလို့ တိုက်သမျှ ကုန်းလမ်းတိုက်ပွဲတွေမှာ လက်နက်အင်အား၊ လူအင်အား အသာစီးနဲ့ ပြင်ဆင်မှု ကောင်းကောင်းလုပ်ထားတဲ့ ဂျပန်တပ်တွေက အောင်ပွဲတွေ ဆက်တိုက်ရနေပါတယ်။ ဒါပေမဲ့ တစ်တိုင်းပြည်လုံးကို အောင်မြင်ဖို့၊ မြို့တော်ကို သိမ်းပိုက်ဖို့ ဆိုရင်တော့ ယီဆွန်းရှင်း တာဝန်ယူထားတဲ့ ပင်လယ်ပြင်က အချက်အချာနေရာမှာ ရှိနေတယ်။ ဒါပေမဲ့ ဂျပန်တပ်တွေဟာ ယီဆွန်းရှင်းရဲ့ တပ်တွေကို ဘယ်လိုမှ မယှဉ်နိုင် ဖြစ်နေခဲ့ရတယ်။ ဒါဟာလည်း ဂျပန်တွေဟာ တစ်နေ့နေ့မှာ ကျူးကျော်စစ် ဆင်နွှဲလာနိုင်တယ် ဆိုတာရယ်၊ အဲဒီလို ဆင်နွှဲလာတဲ့အခါမှာ ရေလမ်းခရီးနဲ့ စစ်ချီလာခဲ့ရင် ဒီလမ်းကြောင်းဟာ အချက်အချာနေရာတစ်ခု ဖြစ်လာလိမ့်မယ် ဆိုတာကို ကြိုတွက်ဆမိထားတဲ့ ယီဆွန်းရှင်းရဲ့ အမြော်အမြင်နဲ့ ကြိုတင်ပြင်ဆင်မှုတွေကြောင့် ဖြစ်ပါတယ်။ အဲဒီလို အချက်အချာနေရာမှာ တာဝန်ယူထားတဲ့ ယီဆွန်းရှင်းကို ဘယ်လိုမှ အနိုင်မတိုက်နိုင်တော့တဲ့အဆုံး ဂျပန်တွေဘက်က ဗျူဟာပြောင်းလိုက်ပါတယ်။ဂျိုဆွန်းနန်းတွင်းမှာ သူလျှိုအဖြစ် ထည့်ထားတဲ့ ဂျပန်တစ်ယောက် ရှိတယ်။ အဲဒီသူက ဂျိုဆွန်းအမတ်တွေနဲ့ ဘုရင် သူ့အပေါ် ယုံကြည်လာအောင် အမျိုးမျိုး အယုံသွင်းထားပါတယ်။ တစ်နေ့မှာတော့ သူကနေပြီး တောင်ပင်လယ်ဘက်ကို ဂျပန်တွေ ရောက်လာဖို့ ရှိတယ်။ ဒါကြောင့် ယီဆွန်းရှင်းရဲ့တပ်တွေ အနေနဲ့  အဲဒီကိုသွားပြီး တိုက်ထုတ်သင့်တယ်လို့ ဘုရင်ကို အကြံပေးပါတယ်။ အမြော်အမြင် နည်းပြီး သူ အာဏာမစွန့်ချင်တာပဲသိတဲ့ ဘုရင်ကလည်း အဲဒီသူလျှိုရဲ့ စကားကို ယုံကြည်ပြီး အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တကယ်တော့ ဂျပန်တွေဟာ ချုံခိုတိုက်လို့ကောင်းတဲ့ ဒီလိုနေရာမျိုးကို ယီဆွန်းရှင်းက သေချာ မစုံစမ်းဘဲ ဘုရင့်အမိန့် တစ်ခုတည်းနဲ့တော့ လာတိုက်မှာ မဟုတ်ဘူး ဆိုတာကို သိထားပြီးသားပါ။ ဒါပေမဲ့ ဘုရင်ရဲ့ အမြော်အမြင်နည်းမှုကို အခွင့်ကောင်းယူပြီး တမင်တကာ အကွက်ဆင်လိုက်တာ ဖြစ်ပါတယ်။ ယီဆွန်းရှင်းက မတိုက်သင့်ဘူးလို့ ငြင်းဆန်မယ်ဆိုရင် ဘုရင်က ကျိန်းသေ အပြစ်ပေးတော့မှာပဲ၊ ဒါဆိုရင် သူတို့ကိုယ်တိုင်တောင် ယီဆွန်းရှင်းကို တိုက်စရာ မလိုတော့ဘူး။ ဂျိုဆွန်းဘုရင်ကိုယ်တိုင်က သူတို့အတွက် ယီဆွန်းရှင်းကို ဖယ်ရှားပေးလိမ့်မယ်ဆိုတဲ့ ဗျူဟာမျိုး ခင်းလိုက်တာပါ။သူတို့ အကွက်ဆင်တဲ့ အတိုင်းပါပဲ။ တိုက်ပွဲတစ်ခု တိုက်တော့မယ်ဆိုရင် သေချာ ကင်းထောက်စစ်ဆေးပြီးမှ တိုက်လေ့ရှိတဲ့၊ ပင်လယ်ပြင် အနေအထားတွေကိုလည်း ကျွမ်းကျင်တဲ့ ယီဆွန်းရှင်းက ဒါဟာ ထောင်ချောက်တစ်ခုဆိုတာ ရိပ်မိပါတယ်။ တိုင်းပြည်ရဲ့ အကျိုးအတွက် ဒီကျွန်းကို ဘယ်လိုနည်းနဲ့မှ ချီတက်မတိုက်ခိုက်နိုင်ဘူးလို့ ငြင်းလိုက်တယ်။ အဲဒီအခါမှာ နဂိုကတည်းကမှ ယီဆွန်းရှင်းရဲ့ အရည်အချင်းတွေကြောင့် တစ်နေ့ သူ့ကို ပုန်ကန်လာနိုင်တယ်ဆိုပြီး သံသယဝင်နေတဲ့ ဘုရင်က သူ့အမိန့်ကို ဖီဆန်ရကောင်းလားဆိုပြီး ယီဆွန်းရှင်းကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အဲဒီနောက် အဲဒီခေတ်အခါက သေဒဏ်ပေးခံရတာထက် ပိုပြီး ဂုဏ်သိက္ခာကျစရာကောင်းတဲ့ အပြစ်သားအဖြစ် တပ်ထဲမှာ အောက်ခြေသိမ်း အလုပ်တွေလုပ်ဖို့ အမိန့်ချလိုက်ပါတယ်။ ယီဆွန်းရှင်းရဲ့ နေရာမှာတော့ တိုက်ရည်ခိုက်ရည် ရှိပေမယ့် နှလုံးရည်နဲ့ အမြော်အမြင် နည်းပါးလှတဲ့ ဝမ်ယွန်းကို စစ်သူကြီးအဖြစ် ခန့်အပ်ပြီး သူ့အလိုကျ စစ်ချီစေတယ်။ ဝမ်ယွန်းဟာ ကိုယ်ရာထူးရရေး၊ လုပ်ပိုင်ခွင့်ရရေး တစ်ခုတည်းကိုကြည့်ပြီး ဘုရင်အမိန့်ကို မဖြစ်နိုင်မှန်း သိသိကြီးနဲ့ နာခံခဲ့တယ်။ ဒီနေရာကိုသွားပြီး တိုက်ရင်တော့ ဆုံးရှုံးမှုတွေနဲ့ ကြုံရနိုင်တယ်ဆိုတဲ့ နောက်လိုက်တွေရဲ့ စကားကို လုံး၀ နားမထောင်ခဲ့ဘူး။ သူ့အမိန့်ကို မနာခံတဲ့ သူတွေကိုလည်း အလုပ်ကနေ နုတ်ထွက်စေတယ်။ နောက်ဆုံး အကျိုးဆက်ကတော့ ယီဆွန်းရှင်း တည်ထောင်ခဲ့တဲ့ တိုက်တိုင်းအောင် ရေတပ်ကြီးဟာ ဂျပန်တွေရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရတော့တယ်။အဲဒီလို ဖြစ်သွားတော့မှ ဘုရင်ဟာ သူကိုယ်တိုင် အပြစ်ပေးခဲ့တဲ့ ယီဆွန်းရှင်းကို ပြန်ခေါ်ပြီး တပ်ကိုတစ်ခါ ဦးဆောင်စေပြန်တယ်။ စစ်သင်္ဘော ရာဂဏန်းလောက် ရှိခဲ့ရာကနေ ၁၃ စင်းပဲ ကျန်တော့တဲ့ ရေတပ်ကို ယီဆွန်းရှင်းက အစကနေ ပြန်တည်ဆောက်ယူတယ်။ ဝမ်ယွန်းလက်ထက်က အလုပ်ထွက်သွားတဲ့ လူတော်တွေကို ပြန်စုစည်းတယ်။ အဲဒီလိုကနေ တဖြည်းဖြည်း အင်အားပြန်ကြီးထွားလာပြီး ဂျပန်တွေကို တိုက်ထုတ်နိုင်ခဲ့တယ်။ အခုလိုမျိုး အပြစ်မရှိဘဲ အပြစ်ပေးခံခဲ့ရတာတောင် တိုင်းပြည်အပေါ် သစ္စာအပြည့်နဲ့ ပြန်ပြီး တာဝန်ထမ်းဆောင်ခဲ့ပေမယ့် ဘုရင်ကတော့ ယီဆွန်းရှင်းရဲ့ အရည်အချင်း၊ နာမည်ကျော်ကြားမှု၊ ပြည်သူတွေရဲ့ အားကိုးယုံကြည်မှုတွေကို နည်းနည်းလေးမှ သဘောမကျခဲ့ဘူး။ အမြဲမနာလို ဖြစ်နေခဲ့တယ်။ အဲဒီအတွက် နောက်ထပ်တစ်ခါ အပြစ်ပေးတာကို မခံလိုတော့တဲ့ ယီဆွန်းရှင်းဟာ ရှေ့တန်းစစ်မြေပြင်မှာပဲ ဂုဏ်သိက္ခာရှိရှိ သေဆုံးဖို့ကို ရွေးချယ်ခဲ့ရတော့တယ်။ အခုပြောခဲ့တဲ့ ယီဆွန်းရှင်းရဲ့သမိုင်းဖြစ်ရပ်ကနေ ဒီသင်ခန်းစာတွေ ဆွဲယူ အသုံးချလို့ ရတယ်။၁။ တိုင်းပြည်တစ်ပြည်မှာ ခေါင်းဆောင်ရဲ့ အမြော်အမြင်နည်းမှုဟာ တခြားတိုင်းပြည်ကို အရှုံးပေးနေရတဲ့၊ ကြောက်နေရပါတယ်ဆိုတဲ့ အကြီးမားဆုံး အကြောင်းရင်း တစ်ခုပဲ။၂။ အာဏာရှင်တွေဟာ ဖြစ်သင့်တာထက် ဖြစ်ချင်တာပဲ သိတယ်။ တိုင်းပြည် တိုးတက်ရေးထက် အာဏာတည်မြဲရေးကိုပဲ ရှေ့တန်းပိုတင်တတ်ကြတဲ့ သဘော ရှိပါတယ်။ အာဏာရှင်တွေဟာ လူတော်ကို ကြောက်တယ်။ တိုင်းပြည်တိုးတက်ရေးအတွက် ထုတ်ယူရမယ့် အရင်းအမြစ်လို့ မမြင်ဘူး။ သူတို့ ထိုင်ခုံအတွက် ရှင်းပစ်လင်းပစ်ရမယ့် ဆူးခလုတ်လို့ မြင်တယ်။ အဲဒီအတွက် သူတို့ကို အကြံဉာဏ်ပေးမယ့်၊ ထောက်ပြမယ့် လူတော်ထက် သူတို့အမိန့်ကို နာခံတဲ့သူ၊ လိုက်နာတဲ့ သူကိုပဲ သူတို့အနားမှာ ထားချင်တယ်။ သူတို့ ရည်ရွယ်ချက်ကိုက တိုင်းပြည်တိုးတက်ဖို့မှ မဟုတ်ဘဲ သူတို့ အာဏာတည်မြဲရေးပဲကိုး။၃။ အမှန်တရားထက် ရာထူးကို မြတ်နိုတဲ့သူ၊ ဂုဏ်သိက္ခာထက် ခံစားခွင့်ကို ပိုမက်မောတဲ့သူတွေဟာ လတ်တလောတော့ အနိုင်ရသယောင် ထင်ရပေမယ့် သူတို့ရဲ့ နာမည်နဲ့ သမိုင်းကြောင်း လှမနေတတ်ဘူး။ အဲဒီလိုပဲ သူတို့ရဲ့ ဇာတ်သိမ်းလည်း မလှတတ်ဘူး။၄။ အာဏာရှင်တွေရဲ့ လက်အောက်မှာ မွေးရပ်မြေကို မစွန့်ခွာနိုင်လို့ ကြိတ်မှိတ် ဆက်လုပ်နေရတဲ့ ပညာရှင်တွေ ရှိသလို၊ မနေနိုင်တော့လို့ အပြီးစွန့်ခွာသွားကြတဲ့ ပညာရှင်တွေလည်း ရှိတယ်။ ပညာရှင်ဆိုတာ ဘယ်နေရာကိုပဲ ရောက်ရောက် သူတို့တတ်ထားတဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်ကြတာမို့ တကယ်တွေးကြည့်ရင် သူတို့က တိုင်းပြည်ဆုံးရှုံးတာထက် တိုင်းပြည်က သူတို့ကို ဆုံးရှုံးလိုက်ရတာက ပိုပြီးအရှုံးကြီးတယ်။၅။ အုပ်ချုပ်သူ လူတန်းစားတစ်ရပ်ရဲ့ အမြော်အမြင်နည်းမှု၊ ကိုယ်ကျိုးရှာမှု၊ အတ္တကြီးမှုတွေကနေ ပေါ်ထွက်လာတဲ့ ပေါ်လစီ အမှားတစ်ခုချင်းစီအတွက် အရင်ဆုံး ထိခိုက်ရသူတွေကတော့ တခြားမဟုတ်ပါဘူး၊ ပြည်သူတွေပဲ ဖြစ်ပါတယ်။၆။ ဘယ်လောက်ထိ အခြေအနေတွေက စုတ်ပြတ်နေပါစေ လူတော်တွေသာရှိရင် အချိန်မရွေး အသစ်က ပြန်စလို့ရပါတယ်။ ဘာသယံဇာတမှ မရှိလည်း ရတယ်၊ စစ်ရှုံးထားလို့ စစ်လျော်ကြေးတွေ ပေးထားရလို့ တိုင်းပြည်က မွဲပြာနေပါတယ်ဆိုလည်း ရတယ်၊ လူတော်တွေသာရှိရင် ကျန်တာတွေ အားလုံးက သူ့အလိုလို လိုက်ဖြစ်လာပါတယ် ဆိုတာကို ခေတ်သစ်မှာလည်း စင်ကာပူက သက်သေထူထားတယ်၊ ဂျပန်တွေက ဥပမာပြထားတယ်။ အဲဒီလိုပဲ သယံဇာတတွေ ဘယ်လောက်ရှိရှိ လူတော်တွေမရှိရင်၊ လူတော်တွေကို မွေးမထုတ်တတ်ရင်၊ လူတော်တွေကို မထိန်းသိမ်းတတ်ရင် ဘာဖြစ်တတ်တယ် ဆိုတာကိုလည်း ကျွန်တော်တို့ ကောင်းကောင်းကြီး သိထားဖို့ လိုတယ်။၇။ ယီဆွန်းရှင်းဟာ သူ ဒီလောက် သစ္စာရှိတာတောင် ဘုရင်က အယုံအကြည် မရှိဘူး၊ ဖမ်းဆီးတယ်၊ သိက္ခာချတယ်။ အသုံးလိုတော့မှ နောက်တစ်ခါ ထပ်ခေါ်တယ်။ ဒါပေမဲ့ သူ စိတ်မပျက်ဘူး၊ တာဝန်ပြန်ယူတယ်၊ နိုင်ငံကို သေတဲ့အထိ ကာကွယ်ပေးသွားတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အရေးကြီးဆုံး သင်ခန်းစာပါပဲ။ အုပ်ချုပ်တဲ့ သူတွေဟာ ဘယ်လောက်ပဲ စိတ်ပျက်စရာ ကောင်းနေပါစေ၊ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေ၊ ခံယူချက်တွေ၊ တာဝန်သိစိတ်တွေ လိုက်ပြီး ပျက်စီးသွားလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ သစ္စာရှိရမှာက အုပ်ချုပ်သူတွေအပေါ်မှာ မဟုတ်ဘဲ တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေ အပေါ်မှာ ဖြစ်နေလို့ပါပဲ။

Most Read

Most Recent