အမှန်တော့ ခုအချိန်ဟာ ကျွန်တော့်အတွက် အတော့်ကို မအားတဲ့ အချိန်ပါပဲ။ ကျွန်တော် တာဝန်ကျရာ မြို့ကလေးရဲ့ ၁၅ ရာခိုင်နှုန်းလောက်ဟာ ရေလွှမ်းနေပါတယ်။ လူဦးရေ သုံးသောင်းလောက်က ရေအခက်အခဲ ဖြစ်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေ ကိုယ့်ကို ယုံကြည်စွာနှင့် အပ်နှံလာတဲ့ သူငယ်ချင်း မိတ်ဆွေများရဲ့ အလှူငွေတွေ လှူဒါန်းမှုတွေကို အလေအလွင့် မရှိအောင် အမှန်တကယ် လိုအပ်သူတွေ လက်ရောက်အောင် စီမံခန့်ခွဲနေရသလို မူရင်းအလုပ်ဖြစ်တဲ့ ဆေးရုံဆေးခန်း အလုပ်တွေကလည်း မအားရပါဘူး။ အေးအေးဆေးဆေးရှိရင် စာကလေးတွေရေးဖို့ တွေးနိုင်ပေမယ့် အလုပ်မအားတော့ မတွေးနိုင် စာလည်းမရေးနိုင် ဖြစ်ရပါတော့တယ်။ ဒါပေမဲ့ ခုစာစုကလေးကတော့ မအားတဲ့ကြားထဲက ခေါင်းထဲက နှလုံးသားထဲက မနေနိုင် မထိုင်နိုင် ပွင့်အန်ထွက်လာတဲ့ စာစုကလေးတွေပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ နိုင်ငံမှာ ၁၉၇၀ နောက်ပိုင်းကတည်းက ခေတ်စားလာတဲ့ စကားလုံး တစ်လုံးဟာ ‘မိုးကျရွှေကိုယ်’ ဆိုတာပါပဲ။ ရှင်းရှင်းဆိုရရင် တပ်မတော်က အရာရှိတွေ စစ်သည်တွေကို အရပ်ဘက်ကို ပြောင်းရွှေ့ပေးလိုက်ရင် ခေါ်တဲ့ အခေါ်အဝေါ်ပါပဲ။ အရပ်ဘက်မှာ လိုအပ်ချက်ရှိလို့ ပြောင်းရွှေ့ရတယ်ဆိုပြီး အကြောင်းပြတာ ရှိသလို တပ်ဘက်က မသုံးချင်လို့ ကန်ထုတ်လိုက်တာ (မကောင်းကျောင်းပို့တာ) လည်း ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် အရပ်ဘက် ရောက်လာရင်တော့ တပ်က ရာထူးထက်သာတာ အမှန်ပါပဲ။ ဒါ့ကြောင့်လည်း ‘မိုးကျရွှေကိုယ်’ လို့ခေါ်ကြတာပေါ့။ကျွန်တော်ကတော့ မိုးကျရွှေကိုယ်တွေနှင့် ပတ်သက်ရင် ခံစားချက် ထူးထူးခြားခြား မရှိပါဘူး။ သေချာစဉ်းစားတတ်တဲ့ အရွယ်ကတည်းက ကျွန်တော့်မှာ ပြိုင်ဘက်တစ်ယောက်တည်း ရှိပါတော့တယ်။ အဲဒါကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ ငယ်ငယ်ကတော့ အတန်းထဲမှာ သူ့ထက်တော်ရမယ် သူ့ထက်သာရမယ် ဆိုပြီး ကြိုးစားခဲ့ဖူးပေမယ့် စဉ်းစားတတ်တဲ့ အရွယ်ကျတော့ ယနေ့ကျွန်တော်ထက် နက်ဖြန် ကျွန်တော်ဟာ ပိုတော်ရမယ်ဆိုပြီး ခံယူချက်ပြောင်းကာ ကျင့်သုံးခဲ့ပါတယ်။ အကုသိုလ်ကင်းကာ ပိုမိုတိုးတက်အောင်မြင်တယ်ဆိုတာ ကိုယ်တွေ့ပါပဲ။နောက်တစ်ခု ကြိုတင်တင်ပြထားချင်တာက ကျွန်တော်ဟာ စစ်တပ်မုန်းတီးရေးသမားမဟုတ်ပါဘူး။ အစဉ်အလာကောင်းတဲ့ မြန်မာ့တပ်မတော်ကို အင်မတန်ချစ်မြတ်နိုးပေမယ့် အာဏာရှင်မှန်သမျှကိုတော့ လေးစားမှုလုံးဝမရှိပါဘူး။ အများအကျိုးအတွက် တွန်းတွန်းတိုက်တိုက်လုပ်ရင်း အာဏာရှင်ဖြစ်မှန်းမသိဖြစ်သွားတဲ့ အုပ်ချုပ်သူတွေကို နားလည်စွာ လေးစားခွင့်လွှတ်ပေးနိုင်ပေမယ့် မိမိကိုယ်ကျိုးစီးပွားအတွက် အာဏာကို မလျော်သြဇာအသုံးပြုသူတွေကို ရွံပါတယ်။ အပြင်မှာပြုံးနေရင်တောင် စိတ်ထဲကမုန်းပါတယ်။ကျွန်တော့်အတွက် ရာထူးဆိုတာ မလိုချင်ခဲ့ပါဘူး။ (ရာထူးတိုးလက်ခံခဲ့တယ်ဆိုတာတောင် ကိုယ်တိုင်ရဲ့လုပ်ပိုင်ခွင့်ပိုရှိပြီး ရည်စူးထားတဲ့ အကျိုးပြုလုပ်ငန်းတွေကို ပိုမိုအင်တိုက်အားတိုက်လုပ်နိုင်စေရန် ရည်ရွယ်ခဲ့ပါတယ်။) အထက်လူကြီး ဘယ်သူလာလာ အဆင်ပြေခဲ့ပါတယ်။ အထက်ဖြစ်စေ အောက်ဖြစ်စေ အဆင်ပြေအောင်ပေါင်းနိုင်ခဲ့ပါတယ်။ အထက်လူကြီးတွေရဲ့လုပ်ရပ်မှာ မနှစ်သက်တာတွေ့ခဲ့ရင် ကျွန်တော် သူတို့နေရာရောက်ရင် ဘယ်တော့မှ သူတို့လိုမလုပ်ပါဘူး။ အောက်လက်ငယ်သားအတွက် ထိန်းမတ်ပေးတာရှိပေမယ့် နာကျင်စေလိုခြင်းထက် လိုရာပန်းတိုင်ရောက်ဖို့ တွန်းတွန်းတိုက်တိုက်လုပ်တယ်ဆိုတာ သိစေခဲ့ပါတယ်။ လူကြီးပင်ဖြစ်လင့်ကစား အရိုသေတန်တဲ့သူတွေနဲ့ တွေ့ဖူးသလို အောက်လက်ပင်ဖြစ်လင့်ကစား လေးစားကြည်ညိုစရာလူတွေလည်း တွေ့ခဲ့ရပါတယ်။ခုတော့ မိုးကျရွှေကိုယ်တွေတော်တော်များများ ကျန်းမာရေးဝန်ကြီးဌာနထဲကို အလုံးအရင်းနဲ့ဝင်ရောက်တော့မယ်။ တဖွဲဖွဲဝင်ရောက်လာနေတာလည်း ရှိတယ်လို့ သိရပါတယ်။ ကျွန်တော့်မှာ ရှင်းရှင်းပြောရရင် ကြားခါစက သိပ်ခံစားမှုမရှိခဲ့ပါဘူး။ ဘယ်သူရောက်ရောက် ဘယ်တက္ကသိုလ် ဘယ်ပညာအရည်အချင်းဖြစ်ဖြစ် ရာထူးတစ်ခုနှင့် ထိုက်တန်တဲ့အရည်အချင်းရှိဖို့သာလိုတယ်လို့ ယုံကြည်ပါတယ်။ ဆေးပညာပါရဂူကို စက်မှုလယ်ယာမှာ ရာထူးကြီးကြီးပေးမယ်ဆိုပြီး ခန့်မရသလိုပါပဲ။ ကျွမ်းကျင်ရာမှာသာ လိမ္မာသင့်ပါတယ်။ ရာထူးကြီးကြီးယူထားတဲ့ အဝတ်ချွတ်လူကြီးတစ်ယောက် အခမ်းအနားတစ်ခုမှာ ကြုံးဝါးတဲ့စကားသံတွေကို ခုထိကြားယောင်နေဆဲပါပဲ။ တပ်မတော်သားတွေဟာ လေ့ကျင့်သင်ကြားမှု ပြည့်စုံခဲ့တဲ့သူတွေမို့ မြန်မာပြည်ရဲ့ ကြိုက်တဲ့နယ်ပယ်မှာ ချထားပေးလိုက်ရင် အဆင်မပြေမရှိဘူး။ အားလုံးတတ်တယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ သိပ်မကျွမ်းကျင်လို့ မိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်တွေရဲ့အားကို သုံးရတယ်ဆိုတာပါပဲ။ကျန်းမာရေးဌာနထဲကို တပ်ဘက်ကသူတော်တော်များများ ဝင်ရောက်လာရန် ကြံစည်ကြတဲ့အခါ မကျေနပ်ချက်တွေ ကျယ်ကျယ်လောင်လောင် ပေါ်ပေါက်လာပါတော့တယ်။ မြန်မာပြည်ရဲ့ခေါင်းအမာဆုံး အတိုက်အခံအများဆုံး အီလိုက်တွေတော့ စတင်ကာ စနစ်တကျဖြိုခွဲခံနေရပြီဆိုတဲ့အသံတွေလည်း ကြားလာရပါတော့တယ်။ ကျွန်တော်ကတော့ သမိုင်းဆိုတာရဲ့ဒဏ်ခတ်တာကို မကြောက်။ သမိုင်းတရားခံဆိုတာ ဂုဏ်ယူစရာလို့ ယူဆချင်သူတွေ ကြိုက်သလိုစီမံကြပါစေတော့လို့ မှတ်ယူထားပြီး ကိုယ့်တာကိုယ်လုံအောင် ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုပဲ ဖိဖိစီးစီးလုပ်ကိုင်နေခဲ့ပါတယ်။ သူ့ဘာသာသူ ဆရာနေရာက လာချင်လာပါစေ။ အရည်အသွေးမှာ ကိုယ့်ထက်ညံ့လို့ကတော့ ဆရာအယောင်ဆောင်တဲ့ တပည့်ပဲဖြစ်မယ်လို့ ကျွန်တော်ကတော့ယုံကြည်သူပါ။ လူအချင်းချင်း ရေရှည်ဆက်ဆံရေးမှာ အရေးအကြီးဆုံးက လေးစားမှု Respect ပါပဲ။စကားတစ်ခွန်းထပ်ထွက်လာပါတယ်။ အရပ်သားတွေ ကောင်းမွန်စွာစီမံခန့်ခွဲနိုင်မှုမရှိလို့ တပ်ဘက်က လာရောက်စီမံပေးရတယ်ဆိုတဲ့စကားပါပဲ။ မည်သူပြောတယ်လို့ တိတိကျကျမပြောနိုင်ပေမယ့် တကယ်လို့သာ ဒီလိုပြောတယ်ဆိုရင်တော့ ဒါဟာရူးသွပ်မှုတစ်ခုပါပဲ။ တပ်နှင့်ပြည်သူ ရင်ကြားစေ့အောင် ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလိုဆိုလိုက်သူဟာ တကယ်ရှိခဲ့တယ်ဆိုရင် အဖျက်သမားပါပဲ။ လူယုတ်မာပါပဲ။ (ကျွန်တော်ကိုယ်တိုင် တပ်နှင့်ပြည်သူ ရင်ကြားစေ့စေလိုပါတယ်။ ကျွန်တော်နှင့် တပ်မတော်အထူးကုတွေ ပူးပေါင်းဆေးကုကြပါတယ်။ တပ်အရပ်ဆေးပညာရှင်အချင်းချင်းရော အုပ်ချုပ်မှုအပိုင်းနဲ့ရော ကောင်းမွန်စွာဆက်ဆံရေးရှိပါတယ်။ နောက်ဆုံး ကျွန်တော့်အတွေးရင်သွေးဖြစ်တဲ့ တန်ဖိုးသင့်ညစာကို တပ်မတော်ကမွေးစားခွင့်ပြုခဲ့တဲ့အထိ ဆက်ဆံရေးကောင်းခဲ့ပါတယ်။)ဒီလိုပြောတဲ့သူအတွက် သေချာစွာပြန်မေးလိုက်ချင်ပါတယ်။ ကောင်းမွန်တဲ့စီမံမှုကိုရော နားလည်ပါရဲ့လား။ တကယ်စီမံနိုင်သူအရပ်သားတွေကိုရော နေရာပေးခဲ့ပါရဲ့လား။ PH 7 လား မရပ်နဲ့ဦး ကြိုးစား ၈၊ ၉ အထိ ဖြစ်အောင်လို့ဆိုတာ ကောင်းမွန်တဲ့ စီမံခန့်ခွဲသူ အရည်အသွေး ပြည့်ဝသူတွေရဲ့ လမ်းညွှန်စကားလား။ ပညာကိုပဲ ရူးသွပ်တဲ့ ပညာရှင်ဟာ ဘယ်တော့မှ ဘယ်သူ့ကိုမှ ဦးညွှတ်အောက်ကျို့ရန် စိတ်မဝင်စားပါဘူး။ သူဟာ ပညာကိုပဲ ရူးသွပ်နေတတ်ပါတယ်။ ဒါကို ငါ့ကို ဦးစားမပေးလို့ ဦးမကျိုးလို့ဆိုပြီး ဣဿာ မစ္ဆရိယစိတ်နှင့် နှိပ်ကွပ်မယ်ဆိုတဲ့သူတွေ အုပ်စိုးတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။ လူမှန်နေရာမှန် စီမံမှု မှန်မမှန် ဆိုတာကို ယနေ့တိုင်းပြည်ရဲ့ ရောက်နေတဲ့ အနေအထားကို ပြန်သုံးသပ်သင့်ပါတယ်။ယနေ့ထိ ကျွန်တော်တို့ ရင်စီးခံနေရတဲ့ သဘာဝဘေး ရေဘေးဒုက္ခတွေကို ကြည့်လိုက်ပါဦး။ ဖြစ်သင့်လို့ ဖြစ်တာလား စီမံမှု အမှားတွေကြောင့် ဖြစ်ခဲ့တာလား ဆိုတာကို သေချာသုံးသပ် ကြည့်ပါဦး။ ဆည်တွေကြောင့် ရေကြီးနစ်မြုပ်တာတောင် ပိုကာကွယ်နိုင်တယ်။ ဆည်ကို မပုတ်ခတ်ပါနဲ့။ ပြည်သူ့အကျိုးပြုပါဆိုပြီး လာပြောတဲ့ ပညာတတ် အရာရှိကြီးတွေ ရှိပါတယ်။ သူတို့ကို မေးချင်တာက ဆည်နဲ့ပတ်သက်လို့ မလုပ်ခင်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုကို ထည့်သွင်းစဉ်းစားတာတွေ စစ်တမ်းကောက်တာတွေ စစ်ဆေးတာတွေ စိစစ်တာတွေ ရှိခဲ့သလား ဆိုတာပါပဲ။ (မရှိခဲ့ပါဘူး) ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ သူတွေရဲ့ စီမံမှုကြောင့် ရေတွေ အပေါက်တွေကနေ လေလွင့်ကာ ဆုံးရှုံးခဲ့ရသလိုပါပဲ။ ဆည်ကြောင့် ရေကြီးတာ မဟုတ် သဘာဝက ဖောက်ပြန်တာပါဆိုရင် အဲဒီသဘာဝက အလိုလို ပြောင်းသွားတာလား။ လူတွေ စီမံမှု အမှားကြောင့် ပြောင်းလာတာလား ဆိုတာကို ဖြေစေချင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို စာရွက်ထဲမှာပဲ ဟန်ပြချစ်တတ်သူတွေအတွက် သဘာဝက တန်ပြန်ဆုံးမခြင်းကို ခံရတာပါပဲ။ ပြည်သူတွေ သဘာဝပတ်ဝန်းကျင်ကို မချစ်တတ် မစီမံတတ်ဘူးဆိုတာ မှန်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဖျက်ဆီးတာထက် စီးပွားရေးသမားတွေ ဖျက်တာက ပိုများပါတယ်။ သာမန်ပြည်သူအတွက် သစ်တစ်ပင်ကို တစ်ရက်တည်းပြီးအောင် ခုတ်နိုင်ရန် ခက်ခဲနေပေမယ့် စီးပွားရေးသမားကတော့ တစ်ရက်တည်း တစ်တောလုံးကုန်အောင် ခုတ်နိုင်ပါတယ်။ ပြည်သူတွေ ချောင်းထဲ အမှိုက်ပစ်တာထက် စီးပွားရေးသမားတွေကြောင့် ချောင်းတွေမြစ်တွေ တိမ်ကောတာ ပိုများပါတယ်။ခုရေဘေးမှာရော စီမံခန့်ခွဲမှု မှန်ကန်ပါရဲ့လား။ National Alarm ကို ဘယ်အချိန်မှာ စခေါ်ခဲ့ပါသလဲ။ ပြည်သူကို ကြိုတင်သတိပေးမှုတွေ ရှိပါရဲ့လား။ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဘာတွေအချိန်မီ ဆောင်ရွက်ခဲ့တာ ရှိပါသလဲ။ ပြည်သူဟာ ဘယ်သူ့ကို အားကိုးခဲ့ရပါသလဲ။ ပြည်သူကို ပြည်သူကသာ လုံခြုံအောင် စောင့်ရှောက်နေရတာ အုပ်ချုပ်သူတွေအနေနှင့် အားနာဖို့ ကောင်းလှပါတယ်။ တကယ်တော့ ကယ်ဆယ်ရေးပစ္စည်းတွေကို မလိုချင်ပါဘူး။ ဆန်ဆီတွေထောက်ပံ့တာ မလိုချင်ပါဘူး။ အားပေးစကားတွေ မကြားချင်ပါဘူး။ အဲဒီလိုဘဝတွေ မရောက်အောင် ကောင်းမွန်စွာ ထီးတစ်လက်လို လုံခြုံစေတဲ့ စီမံခန့်ခွဲသူတွေကို လိုအပ်ခဲ့တာပါ။ ပြည်သူဘဝကို လုံခြုံအောင်ပဲ စီမံပေးကြပါဦး။ကျွန်တော့်သဘောထားကို ထပ်မံတင်ပြပါ့မယ်။ တပ်ကလာလာ အရပ်ကလာလာ ဘယ်ကလာလာ ဘယ်ကျောင်းထွက်ထွက် ဘာဘွဲ့ရရ ရာထူးနှင့် ထိုက်တန်တဲ့ သူတွေသာ တိုင်းပြည်မှာ ဖြစ်စေချင်ပါတယ်။ ‘ပြည်သူသာ အမိ ပြည်သူသာ အဖ’ ဖြစ်သင့်ပါတယ်။ ဘာပဲလုပ်လုပ် ပြည်သူ့အတွက်ဆိုပြီး ကျွမ်းကျင်မှုကို စေတနာနှင့် ပေါင်းစပ်ကာ စီမံခန့်ခွဲတတ်သူတွေ ပေါ်ပေါက်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကို အထက်က လာအုပ်ချုပ်ချင်ရင် အနည်းဆုံး ကျွန်တော်တို့ထက်တော့သာတဲ့ အရည်အသွေးတွေ ရှိရပါ့မယ်။ ရန်သူညီမျှခြင်း ချေမှုန်းရန်ဆိုတဲ့ အသိကို လေ့ကျင့်ခဲ့သူတွေအတွက် ရန်သူကို မိတ်ဆွေဖြစ်အောင် ရန်သူမတိုးလာအောင် ရန်သူနှင့် အတူတွဲနေလျက် အောင်မြင်အောင် လုပ်နေရတဲ့ နေရာတွေမှာတော့ အံဝင်ခွင်ကျဖြစ်ဖို့ ခဲယဉ်းပါတယ်။ အမိန့်နှင့် တည်ဆောက်ခဲ့တဲ့ အကြောက်တရား ဖိစီးထားတဲ့ ဘဝမှ သူတွေအတွက် ယုံကြည်မှုလေးစားမှုနှင့် တည်ဆောက်ရမယ့် ဘဝတွေမှာ အဆင်ပြေပါ့မလား။ မင်းတို့ အရည်အချင်းမရှိလို့ ငါတို့ လာလုပ်တာလို့တော့ မဆိုပါနှင့်ဦး ကျွန်တော်တို့ကို အခွင့်အရေး ပေးခဲ့လို့လား။ အခွင့်အရေး ပေးရဲတဲ့ သတ္တိရော ရှိခဲ့လို့လား။ အရည်အချင်း မရှိဘူးလို့ ထင်ထားတဲ့ ကျွန်တော်တို့ကို လွတ်လပ်စွာ စီမံခွင့်ပေးလိုက်ပါ။ စေတနာဆိုတဲ့ တစ်ခုတည်းနှင့်တင် အားလုံးကို ပိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ ဘယ်သူလုပ်လုပ် တိုင်းပြည်သာ တကယ်တိုးတက်မယ်ဆိုရင် အသက်ကြီးကြီးငယ်ငယ် ဘယ်သူဖြစ်ဖြစ် ဦးညွှတ်ကာ နောက်ကလိုက်ဖို့ ဝန်မလေးပါဘူး။ တိုင်းပြည်ဟာ ကမ္ဘာနဲ့ယှဉ်ရင် နောက်ကျနေလွန်းလို့ အရှိန်အဟုန်နှင့် တိုးတက်အောင်လုပ်ရမယ့်အချိန် ရောက်နေပါပြီ။ လူတော် လူကောင်းတွေ ဦးဆောင်တဲ့နောက်ကို လိုက်ပါ လုပ်ကိုင်လိုလှပါသည်။တစ်ခုတော့ သတိပေးချင်ပါတယ်။ ပြည်သူကို လျစ်လျူရှု တစ်ဦးတစ်ယောက်အတွက် အဖွဲ့အစည်းကို အသုံးချနေတယ်။ တိုင်းပြည်ကို အမွေရပစ္စည်းလို လိုသလိုခြယ်လှယ်ကာ စေတနာမဲ့နေပြီ ဆိုရင်တော့ ပြည်သူနှင့် အလှမ်းဝေးသွားပါလိမ့်မယ်။ ပြည်သူက လှလှကြီး ဒဏ်ခတ်သွားပါလိမ့်မယ်။ကျွန်တော်ဟာ ဆရာဝန်ဖြစ်ကတည်းက မြို့ကြီးပြကြီးတွေမှာ တာဝန်ထမ်းဆောင်ခွင့် မရှိခဲ့တဲ့ တောမှာဘဲ ပြည်သူကြားမှာ ပျော်နေတဲ့ လူလတ်ပိုင်း ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ မိဘဆီက ပညာနှင့် ဆုံးမသြဝါဒသာ အမွေအဖြစ် အဓိက ရယူထားသူလည်း ဖြစ်ပါတယ်။ မြေမှာ လျှောက်နေရတဲ့ မြေပေါက်ပန်းပါ။ ခုခံစားချက်ဟာလည်း မြေနှင့်နီးလို့ မြေစော်နံတယ်လို့ မိုးထက်က ကိုယ်တော်များ ခံယူတယ် ဆိုရင်လည်း...။










