၁၉၉၀ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့သော သူ့ကို စာရေးသူက ပန်းချီကျော် ဦးကံကောင်းဟု ခေါ်ဆိုရည်ညွှန်းခဲ့သည်။မော်ဒန်ပန်းချီကို မြန်မာအနေဖြင့် အစပြုခဲ့သူ၊ စိတ်အလျဉ်ဖြင့် ပန်းချီရေးနည်းကို စခဲ့သူ၊ မော်ဒန်ဟူသည်မှာ အရှေ့မှ အနောက်သို့ ကူးလူးသွားခြင်းဖြစ်သည်ဟု ဆိုခဲ့သူ စသည်ဖြင့် ဝ,လုံးကလေး ရှစ်လုံးအား ဝန်းရံထားသည့် ဝ,လုံးကြီးတစ်လုံး သင်္ကေတဖြင့် သူ့လက်မှတ်နှင့်တွဲလျက် ကဗျာသရုပ်ဖော်ပန်းချီ အများအပြားရေးခဲ့သူ ဗဂျီအောင်စိုး ကွယ်လွန်ခြင်း ၂၅ နှစ်မြောက်အတွက် ဤစာစုကို ရေးသားခြင်းဖြစ်သည်။ ဗဂျီအောင်စိုးသည် ကဗျာသရုပ်ဖော် ပန်းချီကို ရှုမဝမဂ္ဂဇင်းတွင် အများဆုံး မဟုတ်သည့်တိုင်၊ အများအပြား ရေးခဲ့သည်တော့ အမှန်။ စာရေးသူနှင့် တရင်းတနှီး ဖြစ်ခဲ့သည့် အဓိက အကြောင်းရင်းတစ်ခုမှာ ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းကို တစ်နှစ်တစ်ကြိမ်ထုတ်တိုင်း ကလောင်ရှင်တို့၏ ကဗျာများအား သူနေထိုင်သည့် ကျောက်မြောင်း သင်္ဂဟလမ်းထိပ်နေအိမ်သို့ အရောက်သွားအပ်ရသည်က များသည်။ ကဗျာပန်းချီ ပုံအပ်ခြင်း ရည်ရွယ်ချက် နှစ်ခုရှိသည်။ ပထမ ရည်ရွယ်ချက်မှာ သူ၏ကဗျာအပေါ် နှစ်နှစ်ကာကာ ခံစားရေးဆွဲသော ကောက်ကြောင်းအား ကျေနပ်နှစ်သက်မိခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဒုတိယ ရည်ရွယ်ချက်မှာ ကဗျာပန်းချီပုံများအတွက် သူ့ကိုအထိုက်အလျောက် ပူဇော်ကန်တော့လိုခြင်း ရည်ရွယ်ချက်ဖြစ်သည်။ ပြီးတော့ ဗဂျီအောင်စိုးသည် ၁၉၇၀ ပြည့်လွန်နှစ် ကာလများ၌ စက်မှုတက္ကသိုလ် ဗိသုကာဌာနတွင် အချိန်ပိုင်း ကထိကအဖြစ် ဆောင်ရွက်ခဲ့သောကြောင့် ခင်မင်ရင်းစွဲရှိရာမှ တိုး၍သာ သူ့အပေါ် သံယောဇဉ် ကြီးထွားခဲ့သည်။ကဗျာသရုပ်ဖော်ပုံများ စိုက်လိုက်မတ်တတ်ရေးခဲ့သည့် ကာလတစ်လျှောက် ‘ကဗျာဆိုတာ ပန်းချီ၊ ပန်းချီဆိုတာ ကဗျာ’ ဟူသော သူ၏ ခံစားချက်သည် ပြောင်းလဲသွားခြင်း မရှိခဲ့။ ကဗျာသရုပ်ဖော်ပုံများသာမက သူသည် ပန်းချီသဘောတရားနှင့် ပတ်သက်သည့် ဆောင်းပါးများလည်း ရေးခဲ့သည်။ ဆောင်းပါးတစ်ပုဒ်တွင် ပန်းကလေးတစ်ပွင့်ကို ရေးချင်လျှင် ထိုပန်းကို ကြမ်းကြမ်းတမ်းတမ်း ချိုးဖျက်၍ မခူးရ၊ ယင်းသို့ ပြုလုပ်ပါက ပန်း၏အလှကို ဖျက်ဆီးရာရောက်သည့် အကြောင်းကို ရေးထားသည်။ ထို့ပြင် စံပယ်ဖြူပွင့်ကို ရေးဆွဲမည်ဆိုပါက ယင်းစံပယ်ပင်အောက်တွင် အတန်ကြာထိုင်ကာ သမာဓိဈာန် ဝင်စားမိသည်အထိ ထိုပန်းကိုမြတ်နိုး စိတ်ဝင်လာအောင် ဦးစွာအလေ့အကျင့် လုပ်ရသည်ဟု ဆိုသည်။ကဗျာသမားမို့ အထူးပြောနေရခြင်း မဟုတ်၊ ကဗျာအပေါ် ဗဂျီအောင်စိုး၏ ခံယူချက်မှာ စာရေးသူ၏ ခံယူချက်နှင့် ထပ်တူထပ်မျှ နီးပါးတူသည်။ သူအမြဲ စွဲကိုင်ထားသည့် ‘သစ္စာသည်သာ အလှတရား’ သည် ကဗျာစာပေ ပန်းချီသမားအားလုံး၏ ဆောင်ပုဒ်ဖြစ်မည် ထင်သည်။ အဆိုပါအချက်ကို ထောက်ခံသည့် သူ၏ ဆောင်းပါးတစ်ပုဒ်တွင် ပြောကြားချက်ကို ကြည့်ပါ။‘ကဗျာကြောင့် ပန်းချီဟာ တန်ဖိုးမြင့်မားလာတာနဲ့အမျှ ပန်းချီကြောင့်လည်း ကဗျာဟာ တန်ဖိုးမြင့်မား ကြီးထွားလာရတယ်။ ဒါကြောင့်လည်း ကဗျာကောင်းတစ်ပုဒ်ကို သရုပ်ဖော်ပန်းချီ ရေးဆွဲပေးရတဲ့ အခါတိုင်း ကြီးကြီးငယ်ငယ် ကဗျာစာဆိုကို လေးစားဦးညွတ်မိပါတယ်’ ဟု ရေးသားထားသည်။သူ့ကို စာရေးသူက အဘယ့်ကြောင့် ပန်းချီကျော် ဦးကံကောင်းဟု ခေါ်ပါသနည်း။ ကံကောင်းသည်ဆိုခြင်းမှာ အမျိုးမျိုးရှိမည် ထင်သည်။ ပုထုဇဉ်လောဘသား လူသားအများ၏ ယူဆချက်တွင် ကံကောင်းသည်ဟုဆိုလျှင် ငွေကြေးချမ်းသာကြွယ်ဝပြီး ပစ္စည်းဥစ္စာ ပြည့်စုံခြင်းကို ရည်ညွှန်းပြောဆိုကြပေမည်။ ပစ္စည်းဥစ္စာ မပြည့်စုံစေကာမူ စိတ်ချမ်းသာအောင် နေတတ်ထိုင်တတ်သူများအားလည်း ကံကောင်းသူများဟု သမုတ်နိုင်သည်။ သို့ရာတွင် ဗဂျီအောင်စိုးကို ကံကောင်းသူဟု ခေါ်ဆိုရည်ညွှန်းခြင်းမှာ အခြားအကြောင်းအရာ တစ်ခုကြောင့်သာ ဖြစ်သည်။၁၉၈၀ ခု ပတ်ဝန်းကျင်မှစ၍ သူ့အိမ်သို့ ရံဖန်ရံခါ ရောက်တတ်သည်။ ကိစ္စအထူးအထွေ မရှိလည်း သင်္ဂဟလမ်းထဲ၌ တိုင်းရင်းမေ ဂျာနယ်တိုက်လည်း ရှိသဖြင့် တိုင်းရင်းမေ ဂျာနယ် ကဗျာအယ်ဒီတာ ဒေါင်းနွယ်ဆွေရော ကိုသူရဇော်၏ ဇနီး ဒေါ်ခင်သန်းဌေးတို့ကိုပါ ဝင်ရောက်နှုတ်ဆက်ရင်း သူ့ထံသို့လည်း စကားစမြည် ဝင်ပြောသည်။ စကားပြောရာတွင် သူ့နားနားကပ်၍ အော်ပြောမှ ကြားရသည်ကို သတိထားမိသည်။ သြော်…သူ၏ အကြားအာရုံ အတော်ပင် ချွတ်ယွင်းသွားပြီကော။ သည်တွင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းတည်းဟူသော လွန်ဆွဲမှုများ ရင်ထဲလှုပ်ခတ်ကာ စာကဗျာတစ်ပုဒ်ကို ပြိုကျပွင့်အန် လာစေတော့သည်။ငှက်ကျေးအလှ၏ တေးမြမြမြည်ကျူးသံကို သူမကြားရသည်မှာ ကာလကြာခဲ့ပြီဖြစ်သည်။ လူတန်းစား အလွှာအမျိုးမျိုး တွေ့ဆုံကြရာ လူအစုအဝေး၌ ပဋိသန္ဓာရ စကားများ အပြန်အလှန် ဆက်ဆံပြောကြားရင်း လေလှိုင်းမှ စီးမျောလာသော ငြိမ့်ညောင်းသာယာ ဂီတသံစဉ်နှင့်လည်း သူမနီးရသည်မှာ ကြာပြီကော။ မွေးကတည်းက သဘာဝအလျောက် သူ့နားတံခါးကို ဖွင့်ထားခဲ့ပါသော်လည်း ယခုတော့ သဘာဝသည် ဘယ်ရန်ငြိုးကြောင့် တံခါးပိတ်၍ သူ့အား ဒဏ်ခတ်ခဲ့လေသနည်း။ နားကြပ်ကိရိယာကို တပ်ဆင်အသုံးပြု မထားသဖြင့် သူ့နားရှိ အမြှေးပါးသည် မတုန်ခါသည်မှာ ကြာပြီ။အလွန်တရာ ကျယ်ပြောသည့် လောက၏ အနိဋ္ဌာရုံများအား ကြည့်ပါကလည်း တစ်ယောက်နှင့်တစ်ယောက် ဆူညံအော်ဟစ်၊ ရန်ဖြစ်ထိုးကြိတ်၊ ဖိနှိပ်ဆဲရေး၊ ခွေးဟောင်သံ ဗလောင်ဆူသံတို့ကို မကြားနိုင်တော့ပြီ။ စားသောက်ကုန်ဈေးနှုန်း အဆမတန် တက်ခြင်းကြောင့် နေ့စဉ် အိမ်ရှင်မတို့၏ အကြွေးထူ၍ ညည်းတွားသံ၊ ငိုသံရယ်သံ၊ ကျီးမည်းတို့၏ အတင်းထိုးသုတ် အစာရှာသည့် အာသံ စသည်တို့မှာ သူ့နားထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိတော့။ ပို၍ဆိုးသည်က လူ့လောက၏ တစ်ဦးပေါ်တစ်ဦး တိုက်ခိုက်ပြောဆိုသော လိမ်သံညာသံ၊ အနိုင်ကျင့် ရိုက်နှက်သံတို့ကိုလည်း သူ့နားက ခိုင်ခိုင်မာမာ ပိတ်ဆီးထားပြီး ဖြစ်သောကြောင့် ဆိတ်ငြိမ်ငြိမ်းချမ်းသည့် လောကတစ်ခုလုံးအား သူပိုင်ဆိုင်သွားပြီဟု ဆိုရပေမည်။လောက၏ အနိဋ္ဌာရုံ မကောင်းဆိုးဝါး အသံဗလံများအား မကြားရသည့် ထိုထိုသော ဘဝမျိုးအား သူပိုင်ဆိုင်ထားခြင်းမှာ ကံကောင်းလေစွ။ ဤသည်မှာ သူ့ဘဝဧ။် အလှတရားဟု ခေါ်ရမည်လား မသိ။ သစ္စာသည်သာ အလှတရားဟု အစဉ်အမြဲ ကိုင်စွဲထားသူအဖို့ ဆိတ်ငြိမ်အေးချမ်းမှုဟူသော အလှတရား တစ်ခုကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီဟု စာရေးသူကတော့ အခိုင်အမာ ယူဆသည်။အကယ်၍ ယခုအချိန်ထိ သူသာ သက်ရှိထင်ရှား ရှိနေဦးမည် ဆိုပါက အလွန်ကံကောင်းသောသူဟု သူ့ကို ဆက်လက်ပြီး သမုတ်ရပေဦးမည်။ ငိုရမလို ရယ်ရမလို၊ ကြောက်ရမလို၊ ခြိမ်းခြောက်နေသလို အနှစ်အသားမပါ အနိဋ္ဌာရုံ မကောင်းဆိုးဝါး အသံဗလံများစွာကို သူကြားရမည် မဟုတ်သောကြောင့် စာရေးသူတို့ထက် ဘဝပေးကောင်းသူဟု ဆိုရမည်ဖြစ်သည်။










