ကျွန်တော်တို့ရဲ့ သဘာဝဂေဟစနစ်ကို မူလအတိုင်း ပြန်ထားပေးပါ

ကျွန်တော်တို့ရဲ့ သဘာဝဂေဟစနစ်ကို မူလအတိုင်း ပြန်ထားပေးပါ
Published 11 August 2015
ဒေါက်တာ သိန်းမြင့်

ကျွန်တော်က တောမှာမွေးပြီး တောမှာပဲ ကလေးဘဝဖြတ်သန်းခဲ့ရတဲ့ တောသားအစစ်ပါ။ ကျွန်တော်တို့ရွာကလေးဟာ သုံးခွမြို့ရဲ့မြောက်ဘက် သုံးမိုင်ခန့်အကွာအဝေးမှာရှိတဲ့ ရေပေါ်ကန်ဆိုတဲ့ ရွာကလေးပါ။ သုံးခွကို ခြေကျင်သွားရင် တစ်နာရီခန့် ကြာပါတယ်။
 
ကျွန်တော်တို့ရွာကလေးက အေးချမ်းသာယာပြီး စည်းလုံးညီညွတ်မှုလည်း ရှိကြပါတယ်။ ရွာဦးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းတည်းရှိပြီး အိမ်ခြေက ၄၀၀ လောက်ရှိပါတယ်။ ရွာနံဘေးကကပ်ပြီး ချောင်းက ကွေ့ကောက်စီးဆင်းလျက်ရှိပါတယ်။ အဲ့ဒီချောင်းကပဲ ကျွန်တော်တို့ရွာကို သယ်ယူပို့ဆောင်ရေး စားနပ်ရိက္ခာဖြည့်တင်းရေး လုပ်ဆောင်ပေးလျက်ရှိပါတယ်။
 
ရွာချောင်းနံဘေးမှာ သောင်ပြင်နှစ်ခုရှိပြီး တစ်ခုကတော့ ရွာထိပ်ပိုင်းမှာရှိပြီး နောက်တစ်ခုက ရွာအစွန်မှာရှိပါတယ်။ ဒီချောင်းရိုးတစ်လျှောက် တခြားရွာတွေကို အလွယ်တကူ လှေများနဲ့ ကူးသန်းသွားနိုင်သလို သုံးခွကို တော့ သမ္ဗန်များနဲ့ ရေတက်ချိန် ရေကျချိန်ကိုက်ပြီး အစုန်အဆန် သွားလာလေ့ရှိကြပါတယ်။ ရေတက်ရေကျအချိန်တွေကို မြန်မာလတွေရဲ့ ရက်တွေနဲ့ တွက်ချက်ပြီး မှတ်သားထားလေ့ရှိကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရွာကလူတွေဟာ မြန်မာလရဲ့ ရက်တွေကို မသိလို့မဖြစ်ကြပါဘူး။
 
ပင်လယ်မှာ ပင်လယ်ရေ ခေါင်ရေဖြစ်တာက ၁၂ နာရီဖြစ်ပေမယ့် ကျွန်တော်တို့ရွာမှာတော့ ခေါင်ရေက ပင်လယ်ထက် သုံးနာရီကြာပြီးမှ ဖြစ်ပါတယ်။ သုံးခွကို သွားချင်ရင် ရေကျတဲ့အချိန်ကို တွက်ချက်ပြီး ရေစုန်သွားရသလို သုံးခွက ပြန်လာရင် ရေတက်ချိန်ကို တွက်ချက်ပြီး ပြန်လာရပါတယ်။ ပုံမှန်သွားရင် တစ်နာရီလောက်ပဲ ကြာပါတယ်။ 
 
ကျွန်တော်ကတော့ အဲဒီလို သမ္ဗန်လေးစီးပြီး သုံးခွကို သွားရတဲ့နေ့ဆို အရမ်းကို ပျော်ပါတယ်။ ဒါပေမဲ့ မိုးတွေရွာရင်တော့ အပြင်ကို မထွက်နိုင်တော့ဘဲ ပေါင်းမိုးအောက်မှာပဲ နေရတဲ့အတွက် မွန်းကျပ်ပြီး အနေတော့ ခက်လှပါတယ်။ သုံးခွက လူသုံးကုန်ပစ္စည်းတွေ ရွာကို သယ်ရာမှာ အဆင်ပြေခဲ့သလို ရွာက ထွက်တဲ့ ဆန်စပါး၊ ဆားနဲ့ငါးပိ၊ ငံပြာရည်၊ သီး နှံတို့ကို သုံးခွကို သွားရောက်ရောင်းချရာမှာ လည်း အဲဒီချောင်းလေးရဲ့ ကျေးဇူးကြောင့် အလွန်အဆင်ပြေလှပါတယ်။
 
ရေကြောင်းအားကိုးသွားရတဲ့အတွက် ခရီးစရိတ်လွန်စွာမှ သက်သာလှပါတယ်။ ရွာအတွက် လိုအပ်တဲ့ ဝါးဖောင်တွေ၊ ညောင်တုန်းဘက်က စဉ့်အိုးတွေ၊ တွံတေးက အိုးတွေ၊ ပဲခူးဘက်က မျှစ်တွေ၊ နာနတ်သီးတွေ၊ ကြံတွေ စသဖြင့် ဒီချောင်းလေးကပဲ ရွာအရောက် ပို့ဆောင်ပေးခဲ့ပါတယ်။
 
မိုးတွင်းဆိုရင် ချောင်းလေးမှာ ရေပြည့်ပြီး ကျွန်တော်တို့အိမ်စပ်မှာ ရေပြည့်နေလေ့ရှိပါတယ်။ အဲ့လို ရေပြည့်ချိန်မှာ ကျွန်တော့် အဖေက ကျွန်တော့်ကို ရေကူးသင်ပေးပါတယ်။ အလွန်ပျော်စရာကောင်းပါတယ်။ ဝါမဆိုခင်လေးတင် ပဲခူးဘက်က သမ္ဗန်နဲ့ အပြည့်ရောက်လာတဲ့ နာနတ်သီးတွေဟာ အရသာ အရမ်းရှိပြီး အလွန်စားလို့ ကောင်းပါတယ်။ နာနတ်သီးအူတိုင်က သန်ကျတယ်ဆိုပြီး ကျွန်တော့်အမေကတော့ ကျွန်တော့်ကို တစ်ပတ်တိတိ နေ့တိုင်းနာနတ်သီးအူတိုင် ကျွေးပါတယ်။
 
ဝါဆိုဝါခေါင်ဆိုရင် အဲဒီချောင်းလေးထဲမှာ ငါးတွေ အလွန်ပေါများစွာ တွေ့ရပါတယ်။ ငါးခုံးမနဲ့ ငါးစင်ရိုင်းကတော့ တစ်ခါတစ်ရံ ဖမ်းလို့မနိုင်လောက်အောင် ပေါများလေ့ရှိပါတယ်။ မဖမ်းနိုင်တော့လို့ ပိုက်ထဲက ပိုက်ကို ဖွင့်ပစ်လိုက်ရတာတောင် ကြုံရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရွာက လူတွေ အလုပ်အရမ်းရှုပ်ကြပါတယ်။ တစ်နှစ် စားစရာ၊ တချို့ရောင်းဖို့အထိ ငါးပိကို အင်နဲ့ အားနဲ့ လုပ်ကြပါတယ်။ ငါးက လတ်တော့ အဲဒီအချိန်လုပ်ထားတဲ့ ငါးပိဟာ အလွန်မွှေးပြီး ထွက်တဲ့ငံပြာရည်လည်း အလွန်ကောင်းလှပါတယ်။ 
ကျွန်တော်ကတော့ ကိုယ်တိုင်ဝင် မလုပ်ရပေမယ့် ကျွန်တော့် အဖေနဲ့အမေ၊ ကျွန်တော့်ဦးလေးတွေ ငါးပိလုပ်တာကိုတော့ ကောင်းကောင်း မှတ်မိနေပါသေးတယ်။ 
 
ငါးကျတာကလည်း တော်တော်ထူးဆန်းတယ်။ ငါးခုံးမဆို ငါးခုံးမချည်းကျပြီး ငါးစင်ရိုင်းဆို ငါးစင်ရိုင်းချည်း ကျတတ်ပါတယ်။ ဝါးပိုးဝါးထိပ်ဘက်ကို တစ်တောင်လောက် အစိတ်လေးတွေဖြစ်အောင်လုပ်ပြီး ငါးခုံးမငါးတွေကို တောင်းထဲထည့်ကာ အဲဒီဝါးတွေနဲ့ ခြေမွပြီး ရေစပ်စပ်မှာ အကြေးခွံထုတ်ပါတယ်။ အူတွေလည်း ထွက်သွားတတ်ပါတယ်။ အကြေးခွံပြောင်တဲ့အခါ အဲဒီငါးတွေကို အဆင်သင့်ထားတဲ့ စဉ့်အိုးထဲမှာထည့်ပြီး ထိပ်ခွဲထားတဲ့ ဝါးပိုးဝါးနဲ့ ခြေပါတယ်။ ခြေလို့ညက်တဲ့အခါ ဆားကို သင့်တော်ရုံထပ်ထည့်ပြီး ထပ်မံသမပါတယ်။ အိုးရဲ့လေးပုံသုံးလောက် ခြေထားတဲ့ ငါးနဲ့ဆား ရတဲ့အခါ ဝါးကပ်အုပ်အိုးပေါ် သံလင်ပန်းတင်ပြီး အိမ်နောက်ဖေး ရေကန်နားမှာ ထားလိုက်တော့တာပါပဲ။
 
နေပူလိုက် မိုးရွာလိုက်နဲ့ သုံးလလောက်ကြာတဲ့အခါ တန်ဆောင်မုန်းလလောက်မှာ အဲဒီငါးက ငါးပိဖြစ်သွားပြီး စားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ငံပြာရည်လိုချင်ရင်တော့ အဲဒီအိုးထဲကို ရေနွေးကို ကျက်အောင်ကျိုပြီး လဆုတ်ရက်မှာ လောင်းထည့်ရပါတယ်။ လပြည့်နဲ့ လပြည့်ကျော်လာတဲ့အခါ ကုပ်သိပ်ထားတဲ့အပေါ်ဘက်မှာ ငံပြာရည် အလိုလို တက်လာပါတယ်။ အဲဒီငံပြာရည်ကို ခပ်သိမ်းပြီး နှစ်ပေါက်စားနိုင်အောင် စီစဉ်ရပါတယ်။ အဲဒီငံပြာရည်လောက် သဘာဝဖြစ်တာ ဘယ်မှာရှိပါ့မလဲ။ လပြည့်နေ့မှာ ငံပြာရည်တက်လာတဲ့အကြောင်းကို ရှစ်တန်းရောက်တဲ့အခါ လရဲ့ဆွဲအားကြောင့် ရေတက်ရေကျဖြစ်ရတဲ့အကြောင်း သိလိုက်ရတာကို ဆက်စပ်ပြီး ငံပြာရည်လည်း အဲဒီလိုတက်လာကြောင်း သဘောပေါက်သွားပါတယ်။
 
အဲဒီချောင်းက မိုးတွင်းမှာပဲ အသုံးတည့်တာမဟုတ်ဘဲ နွေဘက်မှာလည်း အသုံးဝင်ပါတယ်။ ရွာကလူတွေက အိမ်နောက်ဖေး ချုံစပ်မှာ သစ်ကိုင်းတွေချပြီး ငါးပလိုင်းထည့်ကာ ငါးတွေကို ဖမ်းလေ့ရှိပါတယ်။ ရေသေရက် မှာ ကျွန်တော်တို့ရွာအခေါ် ချုံဖော်ပြီး ပလိုင်းထုတ်ကာ ငါးတွေကိုယူပြီး လပြည့်ကျော်တဲ့အထိ အဲဒီပလိုင်းကို ပြန်ချထားပါတယ်။ ကိုယ့်အိမ်ကိုယ့်ရွာစားဖို့ကတော့ လုံလုံလောက်လောက်ပါပဲ။ 
 
အဲဒီချောင်းရေက ကျွန်တော်တို့ကို ငါးတွေ တင်ပေးတာမဟုတ်ပါဘူး။ ဆားတွေကိုလည်း ပေးပါသေးတယ်။ မိုးအခါ ရေတက်ချိန်မှာတက်လာတဲ့ ရေငန်တွေဟာ လယ်ကွင်းတွေကြားထဲက ရိုးတစ်လျှောက် ပျံ့နှံ့ရောက်ရှိသွားပါတယ်။ အဲဒီလို ပျံ့နှံ့ရောက်ရှိတဲ့အခါ ဆားဓာတ်တွေဟာ ရိုးတစ်လျှောက် မှာ ကျန်ခဲ့ပါတယ်။ ရွာကလူတွေက နွေအခါမှာ အဲဒီရိုးထဲက မြေကြီးတွေကို ခြစ်ယူပြီး ရေနဲ့ဖျော်ကာ ဆားချက်ပါတယ်။ ပင်လယ်ဆားလို ဆားကြမ်းမဟုတ်ဘဲ ဆားနုတွေဖြစ်ပါတယ်။
 
အဲဒီလောက် ကျွန်တော်တို့ရွာနဲ့ အခြားရွာတွေကို အကျိုးပြုခဲ့တဲ့ ချောင်းကလေးဟာ  အခုတော့ ရွာသစ်ရွာထိပ်မှာ တည်ဆောက်ထားတဲ့ ရေထိန်းတံခါးကြောင့် အစုန်အဆန် မရှိတော့ဘဲ ရေသေဖြစ်သွားရပါတော့တယ်။ ရွာကလူတွေက သုံးခွကိုသွားချင်ရင် အဲဒီတံခါးထိပ်အထိကို လှေနဲ့လာ ရေထိန်းတံခါးကိုကျော် တစ်ဖက်မှာ ပြန်ဆင်းပြီး နှစ်ဆင့်သွားနေကြရပါတယ်။ လူအတွက် ပြဿနာ သိပ်မရှိပေမယ့် ကုန်တွေကို ထမ်းပြီးရွှေ့ရတာမှာတော့ ခဲယဉ်း ပင်ပန်းလှပါတယ်။ စိတ်ပျက်စရာကောင်းလှပါတယ်။
 
ရေကလည်း ရေသေဖြစ်သွားတဲ့အတွက် ငါးတွေကလည်း ငါးသေတွေဖြစ်ပြီး အကွက်တွေထကာ ရောဂါသည်ငါးတွေလို ဖြစ်လာပါတယ်။ အရင်တုန်းကလို ပေါပေါများများ လတ်လတ်ဆတ်ဆတ်လည်း မရှိကြတော့ပါဘူး။ မျှစ်သမ္ဗန်တွေ၊ နာနတ်သီးသမ္ဗန်တွေ တွံတေးက အိုးသမ္ဗန်တွေ ဝါးဖောင်တွေ ဘယ်လိုမှလာလို့ မရကြတော့ပါဘူး။ 
 
အဲဒီရေထိန်းတခါးမျိုး သုံးခွတစ်မြို့တည်းမှာ နောက်ထပ်နှစ်ခု ရှိပါသေးတယ်။ အဲဒါနဲ့ ဆက်စပ်တဲ့သူတွေလည်း ကျွန်တော်တို့ရွာကလူတွေလို ခံစားကြရမှာ မလွဲပါဘူး။
 
အဲဒါဆိုရင် အဲဒီရေထိန်းတံခါးကို နိုင်ငံတော်က ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ခဲ့တာ ဘယ်သူတွေ အကျိုးရှိသွားပါသလဲ။ စီမံကိန်းမှာ ပါဝင်ပတ်သက်သူတွေ အကျိုးရှိ မရှိတော့ သူတို့ကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။ 
 
ကျွန်တော်ရွာပြန်စဉ် ဒီရေတံခါးဟာ ဘယ်လိုအကျိုးမျှော်ကိုးပြီး လုပ်ခဲ့သလဲလို့  ရွာကလူကြီးတွေကို မေးကြည့်တဲ့အခါ ရေရေရာရာဖြေနိုင်တဲ့လူ မရှိပါဘူး။ စိတ်ပျက်လက်ပျက်နဲ့ မရှိတာ ပိုကောင်းတယ်လို့ ပြောနေသူတွေပဲ များပါတယ်။ တစ်ယောက်ကတော့ ပြောပါတယ်။ 
အဲဒီလို ချောင်းကို ပိတ်လိုက်တဲ့အတွက် အဲဒီချောင်းတစ်လျှောက် မိုးတွင်းမှာ ရေချိုတွေစုထားမယ်။ နွေရောက်တဲ့အခါ အဲဒီရေနဲ့ သုံးလည်း သုံးမယ်။ စိုက်ပျိုးရေးလည်း လုပ်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဲဒီရေကိုသုံးပြီး စိုက်ပျိုးရေးလုပ်တာ အလွန်ကို နည်းလွန်းလှပါတယ်။ 
 
ကျွန်တော်တို့အရပ်က အခုဆိုလျှင် နှစ်သီးစိုက်ပျိုးပါတယ်။ မိုးတွင်းမှာ သက်နုစပါးစိုက်ပြီး ဆောင်းတွင်းမှာ ပဲစိုက်ပါတယ်။ ပဲစိုက်တဲ့အခါ မိုးအကုန် မြေကြီးထဲ အောက်ဆန် မကုန်ခင်စိုက်တဲ့အတွက် ရေသွင်းစိုက်ပျိုးစရာ မလိုပါဘူး။ ဘယ်လိုရေမျိုးမှလည်း မလိုပါဘူး။ 
 
ကျွန်တော်တို့ရွာကလည်း ရေပေါ်ကန်ဆိုတဲ့အတိုင်း ရွာသေးပေမယ့် ရေကန်တွေ ပေါများလွန်းလှပါတယ်။ ရွာထဲမှာတင် ရေကန် ကိုးကန်လောက်ရှိပါတယ်။ ကိုယ့်ရွာသုံးဖို့ကိုကတော့ ပိုလျှံတောင် နေပါသေးတယ်။ အဲဒီရေထိန်းတံခါးအပေါ် ဘယ်သူမှ မှီခိုအား ထားမှုမရှိပါဘူး။ မူလကရှိခဲ့ပြီးဖြစ်တဲ့ ရေတက်ရေကျ ရေစုန်ရေဆန် ဖြစ်နေတဲ့ချောင်းကလေးရဲ့ သဘာဝအနေအထားပျက်သွားတာပဲ အဖတ်တင်ပါတယ်။
 
ရေထိန်းတံခါးအောက်ဘက်က ချောင်းဆိုရင် နွေဘက်မှာကောပြီး ရေတောင်မရှိတော့ပါဘူး။ မူလသဘာဝအလျောက် ရေအတက်အကျအလိုက် လွတ်လပ်စွာ စီးဆင်းနေတဲ့ ချောင်းကလေးကို ဘယ်လိုဉာဏ်ကြီးရှင် ဆည်မြောင်းပညာရှင်တွေက ဘယ်မှာသင်ခဲ့တဲ့ ဘယ်မှာလေ့လာခဲ့တဲ့ ပညာတွေအားကိုးပြီး ပိတ်ဆို့အောင် လုပ်ဆောင်ခဲ့ကြပါသလဲ။ မဆောက်ခင်မှာ ကြိုတင်လေ့လာပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပါသလား၊ ဆောက်ပြီးတဲ့အခါ အကျိုးအပြစ်တွေကို လေ့လာပြီးကြပါပြီလား။ အကျိုးမရှိမှန်းသိခဲ့ရင် ဘာကြောင့် ပြန်မရုပ်သိမ်းတာလဲ၊ နစ်နာခဲ့တဲ့ နိုင်ငံတော်ဘဏ္ဍာတွေ၊ နစ်နာခဲ့တဲ့ဘဝတွေအတွက် နှမြောစရာကောင်းလှပါတယ်။
 
အဲဒါကြောင့် အဲဒီရေထိန်းတံခါးကြီးကို အောက်ဘက်ကဖျက်ပြီး တံတားအဖြစ်သာ အသုံးပြုခွင့်ပေးရင် မကောင်းပေဘူးလား။ 
 
ကျွန်တော်တို့ရဲ့ သဘာဝဂေဟစနစ်ကိုတော့ မူလအတိုင်း ပြန်ထားပေးပါလို့ တောင်းဆိုပါရစေ။

Most Read

Most Recent