သတ္တိကိုအဖေ၊ သတိကိုအမေ ဟူသော ဆောင်ပုဒ်ရှိ၏။ သတ္တိနှင့်သတိတွင် မည်သည်က အဓိကကျပါသလဲ။ ဖခင်သည် အိမ်ထောင်ကို ထိန်းသိမ်းအုပ်ချုပ်ရ၏။ မိခင်မူကား ကိုယ်ဝန်လွယ်ရခြင်း၊ မီးဖွားရခြင်း၊ နို့ချို တိုက်ကျွေးရခြင်းစသော ဖခင် မစွမ်းသည့် အမှုတို့ကိုပြုရ၏။ ယင်းသို့ပြုကြရာတွင် မိခင် နှင့် ဖခင်တို့သည် ကျွမ်းကျင်ရာ လိမ္မာနည်းတို့ဖြင့် အစဉ်အမြဲ အညီအညွတ်ပူးတွဲ ဆောင်ရွက်ကြရ၏။ သတ္တိနှင့်သတိသည်လည်း ထိုနည်း၎င်းပင်။ ယင်းသို့ဆိုလျှင် သတိကို မည်သို့ ဖွင့်ဆိုထားပါသနည်း။
သတိဖွင့်ဆိုချက်တို့သည်ကား များပြားလှသည်။ သတိနှင့် ဆင်ခြင်တုံတရားတို့ ဆက်စပ်နေ၍ သတိ၏ ပုံပန်းသဏ္ဌာန်သည် ကြီးမားသည်။ ကျယ်ပြန့်သည်။ အနှစ်သာရတို့ အားကောင်းသည်။ နေရာတကာ ဦးဆောင်သည်။
ကြွယ်သည် အသက် ၂၀ ကျော်ဘွဲ့ရပြီး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ လစာ နှစ်သိန်းကျော်ရသူ။ အချိန်ပိုဆင်းရလျှင် နှစ်ဆရသည်။ ထိုနေ့က အချိန်ပိုဆင်းရ၍ ညနေငါးနာရီခွဲမှာ အိမ်ပြန်ရသည်။ ရှစ်မိုင်မှ ကျောက်ရေတွင်းထိ ကားနှင့်ပြန်လျှင် ကြာလှ ၁၅ မိနစ်ပင်။
ကားလမ်းတစ်လျှောက် ကားကြောပိတ်နေ၍ ကျောက်ရေတွင်း မှတ်တိုင်ရောက်တော့ ညနေ ၆ နာရီ ညီအစ်ကို မသိတသိအချိန်။ မိုးရိပ်မှိုင်းကျနေ၍ အမှောင်ဘက်ကို အားယူလာချိန် ကြွယ့်အိမ်က မရမ်းကုန်း ကျောက်ရေတွင်းကုန်းပေါ်မှာ။ မှတ်တိုင်ကနေ၍ တစ်ဖက်သို့ ကူးသည်။ ကျောက်ရေတွင်း တံတားပေါ်က သုဓမ္မာလမ်းမကြီးသို့ ဆင်းသောလမ်း ကားတက်ခွင့်မရှိသော်လည်း အချိန်မရွေး လူသွားလာနိုင်သည်။ အနည်းငယ်မှောင်လာ၍ သတိထားလျက် လျှောက်သည်။ သူ့နောက်က တစ်စုံတစ်ယောက် လိုက်လာသည် ထင်ရသည်။ မသိမသာကြည့်သည်။ ယောကျ်ားတစ်ယောက် ပေ ၁၀၀ အကွာက လျှောက်လိုက်လာသည်။ သတိထား၍ သွက်သွက်လျှောက်သည်။ မကြာမီက လှိုင်သာယာသွား အင်းစိန်တံတားပေါ်မှာ အလုခံရရုံသာမက မိန်းမသားကျင့်ကြံစော်ကားခံရသည့်ကိစ္စကို ကြွယ်မမေ့။ ခြေလှမ်းသွက်သွက် လိုက်လာသူက နီး၍နီး၍ လာသည်။ တံတားတစ်လျှောက် လူပြတ်သည်။ ကြွယ်ကလွဲ၍ တစ်ယောက်မျှမရှိ။ ကြွယ်ချွေးပြန်စ ပြုလာပြီ။ အကူအညီလိုလာပြီ။ ကြွယ်ဘာလုပ်မှာလဲ။ သတ္တိရှိရှိ စွန့်စားခုခံလျှင် ခုခံ၊ ဒါမှမဟုတ် တံတားပေါ်က ဆင်းလာသည့် ကား၊ ဆိုက်ကား ဘာပဲဖြစ်ဖြစ် အကူအညီတောင်းရန် လိုပြီ။
အချိန်ကိုက်ပင် အငှားတက္ကစီကလေးတစ်စီး ဆင်းလာသည်။ ကြွယ်သွက်လက်စွာပင် တက္ကစီကလေးကို ကြွယ်လက်ပြတားသည်။ စက္ကန့်ပိုင်းအတွင်း ကြွယ့်ရှေ့မှာ တက္ကစီလေး ရပ်သွားသည်။ ဘယ်သွားမလို့လဲဟု ကြွယ့်ကို လှမ်းမေးသည်။ “ဟိုလူ လိုက်နှောင့်ယှက်နေလို့” ကြွယ်က လိုက်လာသူကို လက်ညှိုးထိုးပြသည်။ ထိုလူ တန့်သွားသည်။ တက္ကစီသမားက ထောင်ထောင်မောင်းမောင်း ကားထဲကဆင်းပြီး ထိုလူ့ကို ထွက်ရင်ဆိုင်သည်။ “ဒီမိန်းကလေးကို ဘာနှောင့်ယှက်တာလဲ” မေးလိုက်တော့ လိုက်လာသူ ကိုယ်ရှိန်သတ်သွားသည်။ “ကျွန်တော့်ဘာသာ သွားတာပါ။ သူ့ကိုဘာမှမလုပ်ပါဘူး” ဟု ဖြေ၏။ ဒါဆို မင်းရှေ့ကသွား၊ မင်းနောက်က ခွာပြီး မိန်းကလေး လိုက်လိမ့်မယ်။ တစ်ခုခုဖြစ်ရင် ရဲစခန်းရောက်ပြီမှတ်။ ကြွယ်သတိရှိ၍ တစ်နည်း၊ တက္ကစီသမားကြောင့် ကြွယ်အန္တရာယ်က ဖယ်ရှားသွားနိုင်သည်။ သတိ၏ အရေးပါ အရာရောက်မှုသည် လမ်းပေါ်မှာပို၍ ပို၍တန်ဖိုးကြီးသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် နှစ်မိနစ်အတွင်းမှာ လုပ်ကြံခံခဲ့ရသည်။ အစည်းအဝေးခန်းမမှာ လက်နက်ကိုင် အစောင့်ထားလိုက်လျှင် ဒါမှမဟုတ် ဗိုလ်ချုပ်အိမ်မှာ ထိုအစည်းအဝေး ပြောင်းလုပ်လိုက်လျှင် ဗိုလ်ချုပ်တို့ဘာမှ မဖြစ်နိုင်။
သတိကလေးတစ်ချက် ပျက်ကွက်သွားသည့်အတွက် အသက်ထွက်ကြရရှာသည်။ ကြေကွဲဖွယ်ရာပင်။
စင်စစ် သတိတရားသည်သာလျှင် မေ့လျော့မှုကို ဆင်ခြင်အောက်မေ့နိုင်၏။ အာရုံပြုခြင်းအားဖြင့်လည်း သတိဖြစ်နေသလိုပင်။ မှတ်သားခြင်းဖြင့်လည်း သတိဖြစ်နေပေသည်။ သတိဖြစ်စေသည့်အကြောင်းတရားတို့ကား များလှပေသည်။ သတိသည် ဆင်ခြင်နိုင်စွမ်း ရှိသည်။ သတိဟူသည် အောက်မေ့ခြင်း၊ အမှတ်ရခြင်း၊ တစ်စုံတစ်ခုသော အာရုံကို အစဉ်မပြတ် သိနေခြင်းတို့ပင်။
မိမိကိုယ်တိုင် မေ့လျော့နေလင့်ကစား သူတစ်ပါးတို့၏ နှိုးဆော်တိုက်တွန်းခြင်းကို ခံရသဖြင့်လည်း သတိကို ဖြစ်စေပေသည်။
တစ်စုံတစ်ယောက်သည် တောကျေးလက်ကနေ၍ ရန်ကုန်မြို့သို့ ပြောင်းလာ၏။ ချိုးရေ၊ သုံးရေ၊ သောက်ရေတို့ကို လုံလောက်စွာ သုံးစွဲနိုင်သည်။ လျှပ်စစ်မီးရ၏။ သုံးနိုင်၏။ ရေဘေး၊ မီးဘေးမရှိ။ ယင်းကြောင့် ဤအရပ် ဤဒေသ ရန်ကုန်မြို့သည် မိမိအဖို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိ၏။ မိမိကို ကောင်းကျိုးတရားဖြစ်ထွန်း ပွားများစေသည်ဟု ထင်မြင်သိမှတ်ခြင်းအားဖြင့်လည်း သတိကိုဖြစ်စေပေသည်။
ဆန့်ကျင်ဘက်အားဖြင့် ကောင်းကျိုး ဆုတ်ယုတ်သော မနေအပ်သည့်အရပ်သို့ မိမိရောက်သွား၏။ ယင်းမှာ ဤအရပ်သည် မိမိကို မကောင်းကျိုးသာဖြစ်ထွန်းစေ၏ဟု ထင်မြင်သိမှတ်ခြင်းအားဖြင့်လည်း သတိတရားကို ဖြစ်စေပေသည်။
မိမိနှင့် တစ်စုံတစ်ယောက်သည် နှစ်သက်ပုံ အကြိုက်ချင်းတူ၏။ မိမိနှင့်ပြောဆို ပြုမူပုံချင်းတူ၏။ မိမိနှင့် စိတ်နေသဘောထားချင်း တူ၏။ ယင်းသို့တူညီမျှတသော သဘောအားဖြင့်လည်း သတိကိုဖြစ်စေပေသည်။
အလားတူ မိမိနှင့်ဆုံတွေ့သူသည် အယူအဆချင်းမတူ ပြုမူလှုပ်ရှားပုံကွဲပြား၏။ စိတ်နေသဘာထားချင်းလည်း ဆန့်ကျင်ဘက်။ ယင်းသို့ အစစအရာရာ ကွဲပြားခြားနားခြင်းအားဖြင့်လည်း သတိကို ဖြစ်စေပေသည်။
နောက်နောင်က မေ့လျော့နေခဲ့သည့်တိုင် စကားပြောသံ သီချင်းဆိုသံတို့ကို ကြားလိုက်ရခြင်းအားဖြင့် ဤအသံရှင်သည် ဘိလပ်ပြန်သန်းတည်း။ ဤစကားပြောသူသည် စန္ဒရားချစ်ဆွေတည်းဟူ၍ သတိအမှတ်ဖြစ်စေအပ်ပေသည်။
တစ်ခါတစ်ရံ မိမိသည် တစ်ခုသော အမှုကိစ္စကို မေ့လျော့နေ၏။ ထို့အတူ တစ်ခုသော အကြောင်းအရာကိုလည်း မမှတ်မိသလိုဖြစ်နေ၏။ ထိုအခါတွင် မိမိကို တစ်ဦးသောသူက အနီးကပ်နှိုးဆော်လာ၏။ တိုက်တွန်းလာ၏။ ယင်းမှာ မိမိသည် မေ့လျော့နေရာက သတိကို ဖြစ်ပေါ်လာ၏။ သတိရလာ၏။
သတိပေးစကားတို့ကား များလှသည်။ ခရီးသွားရင်း ကားရထားအန္တရာယ်ကို သတိထားဖို့ လူကြီးသူမတို့က သတိပေးကြ၏။ ယာဉ်ရထားတိုက်မှု အစုစုတွင် အလျင်စလို ဖြတ်ကူးမှုနှင့် အချိန်တစ်မိနစ် နှစ်မိနစ်စောင့် လင့်လျက် သတိထား၍ စိတ်ရှည်ရှည်မစောင့်နိုင်မှုတို့ကြောင့် အသက်အန္တရာယ်တွေ့ကြုံ ရခြင်းဖြစ်၏။
တရားထိုင်ခြင်းတည်းဟူသော ဗုဒ္ဓဓမ္မမှုတို့တွင် သတိကို မပြတ်မလပ်အောင် တစ်ဆက်တည်း အာရုံပြုနေရ၏။ သတိဖြင့် ရှုမှတ်မှုပြုနေရ၏။ သတိသည် အသိမှာ ထပ်တူဦးတည်လျက်ရှိ၏။
သတိသည် ပိုသည်မရှိ။ လိုသည်သာရှိ၏။ သွားသတိ၊ လာသတိ၊ စားသတိ၊ နေရာတိုင်းမှာ သတိပေးချက်တို့ ရှိနေ၏။ သတိ၏ တာသွားမှုကား အတိုင်းအဆမရှိ ဖြစ်ပေါ်နေ၏။
သတ္တိဟူသည် စွမ်းရည်စွမ်းအင် အစွမ်း၊ စွမ်းအားကို ဆိုလို၏။ နေရာတိုင်းမှာ သတ္တိလိုအပ်၏။ အင်အားအဖြစ်နှင့် နေရာတိုင်းမှာ သုံးစွဲရ၏။ သို့သော် သတ္တိရှိရုံဖြင့် မပြည့်စေုံပေ။ သတ္တိကို သတိက ဦးဆောင်မှသာလျှင် အရာခပ် သိမ်းအောင်မြင်မှုကိုရ၏။ အောင်မြင်မှုကို ပေးစွမ်းနိုင်၏။ ယင်းကြောင့် သတ္တိကို အဖေ၊ သတိကို အမေဟူသော ဆောင်ပုဒ်သည် ဖခင်သတ္တိနှင့်အတူ မိခင်သတိပါ ပေါင်းစည်း၍ အရာရာသောကိစ္စတို့မှာ မြဲမြံစွာတူ ယှဉ်တွဲလျက် ဦးတည်ချက် ခရီးရောက်သည် အထိ လျှောက်လှမ်းသွားကြရန် ညွှန်ကြားထားခြင်းဖြစ်သည်။ စင်စစ်သတ္တိနှင့် သတိကား ဖခင်နှင့် မိခင်ပမာ မခွဲမခွာ တူယှဉ်တွဲလျက်သာပင်။










