ယခုနှစ် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှစ်စဉ်ထုတ်ပြန်သည့် ၁၅ ကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် အဆိုပြုထောက်ခံချက် ၁၃ ချက် သတ်မှတ်ဖော်ပြခဲ့သည်။ထို ၁၃ ချက်ထဲတွင် ပြည်တွင်းလူကုန်ကူးမှုနှင့် ပတ်သက်သည့် အချက်တစ်ချက်မှာ ပြည်တွင်းလူကုန်ကူးမှု ဖြစ်ကြသော လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှုနှင့် လုပ်အားအတွက် လူကုန်ကူးမှု အမှုများကို အားကြိုးမာန်တက် တရားစွဲဆိုရန်နှင့် ထိုပြစ်မှုများ ကျူးလွန်သူများကို အပြစ်ပေးရန်ဟု ဖော်ပြပါရှိသည်။ပြည်တွင်းရွှေ့ပြောင်းသွားလာ အလုပ်လုပ်သူများ၏ လူကုန်ကူးခံရနိုင်မည့် အခြေအနေများအား စစ်တမ်းကောက်ယူမှုများကို ၂၀၁၅ ခုနှစ် ဧပြီလအတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ ၁၁၁ မြို့နယ်မှ ပြည်တွင်းရွှေ့ပြောင်း အလုပ်သမား ၇၂၉၅ ဦးကို အိုင်အယ်လ်အို၏ နည်းပညာ အကူအညီပေးမှု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အကူအညီဖြင့် အရပ်ဘက် အဖွဲ့အစည်းများမှ စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့သည်။■ သုတေသန ကွင်းဆင်းသည့်နေရာပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ မြို့နယ်သုံးခုစီ သို့မဟုတ် မြို့နယ်သုံးမြို့နယ်ထက်ပိုကာ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရွေးချယ်ခဲ့သော ဒေသများမှာ သိသာထင်ရှားသည့် ရွှေ့ပြောင်းအလုပ်သမားများ ဦးရေရှိသော လက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် ဦးတည်နေရာ (သို့) သိသာထင်ရှားသည့် လူဦးရေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ စတင်ရွှေ့ပြောင်းခဲ့သော မူလနေရာများတို့ ဖြစ်သည်။ဦးတည်သော နေရာများသည် လူကုန်ကူးခြင်းနှင့် အဓမ္မ အလုပ်ခိုင်းစေခြင်းများ ဖြစ်ပွားလေ့ရှိသော လုပ်ငန်းများဖြစ်သော သတ္တုတူးဖော်ခြင်း၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် အိမ်ဖော်လုပ်ငန်းများတို့ ဖြစ်သည်။ စစ်တမ်းဖြေဆိုသူများ ရွေးချယ်ရာတွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ ငါးဖမ်းလုပ်ငန်း၊ အိမ်အကူလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း စသည့် ပြည်တွင်းလုပ်ငန်း ၁၄ ခုတို့မှ အောက်ခြေအလုပ်သမားများကို ရွေးချယ်မေးမြန်းမှု ပြုလုပ်ခဲ့ကြသည်။■ ဦးတည်အုပ်စုစစ်တမ်းအတွက် အချက်အလက် မေးမြန်းခဲ့သည့် သူများသည် အသက် ၁၅ နှစ်မှ ၆၀ နှစ်အရွယ်ကြားရှိ ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများဖြစ်သည့် အမျိုးသား၊ အမျိုးသမီးများ ဖြစ်ကြသည်။ ထိုသူများသည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၅ ခုနှစ် ဧပြီလအကြား အလုပ်လုပ်နေသူများ ဖြစ်ကြသည်။ အမျိုးသား ၄၇၈၀ ဦးနှင့် အမျိုးသမီး ၂၅၁၅ ဦးတို့ထံမှ မေးမြန်းမှု ပြုလုပ်ခဲ့ကြသည်။ အိမ်အကူ အလုပ်သမားများမှာ အလုပ်ရှင်များ၏ နေအိမ်များတွင် နေထိုင်ရသည့်အတွက် မေးမြန်းရန်အတွက် ပိုမိုခက်ခဲမှုများ ကြုံတွေ့ခဲ့ရသည်။■ အသက်နှင့် ကျား/မအသက် ၁၅ နှင့် ၆၀ နှစ်ကြားရှိ တွေ့ဆုံမေးမြန်းခံရသူ စုစုပေါင်း ၇၂၉၅ ဦးအနက် ၉၄ ရာခိုင်နှုန်းသည် အရွယ်ရောက်သူ၊ ၄ ရာခိုင်နှုန်းသည် ကလေးသူငယ်များနှင့် ၃၅ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြသည်။■ ပညာအရည်အချင်းတွေ့ဆုံမေးမြန်းခံရသူများထဲတွင် ၆၃ ရာခိုင်နှုန်းသည် နဝမတန်း အောင်မြင်ပြီးသူ ၂၄ ရာခိုင်နှုန်းသည် အထက်တန်းအထိ တက်ရောက်ခဲ့ပြီးသူနှင့် ၂ ရာခိုင်နှုန်းသည် ဘွဲ့ရပြီးသူများ ဖြစ်ကြသည်။ အထက်တန်း အောင်မြင်ခဲ့မှုကို ကျား/မ နှိုင်းယှဉ်ကြည့်ရာ အမျိုးသားဦးရေ ၂၅ ရာခိုင်နှုန်းနှင့် အမျိုးသမီးဦးရေ ၂၂ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း တွေ့ရှိရသည်။ ၎င်းတို့ ကျောင်းဆက်မတက်သည့် အကြောင်းရင်းကို မေးမြန်းသည့်အခါ ၆၆ ရာခိုင်နှုန်းသည် ငွေကြေးအခက်ခဲကြောင့် ပညာဆက်လက် မသင်ယူနိုင်သည့် အခြေအနေတွင်ရှိပြီး၊ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာရန် လိုအပ်နေကြသူများ ဖြစ်ကြသည်။■ ပြည်တွင်းရွှေ့ပြောင်းမှုပုံစံတိုင်းဒေသကြီး/ပြည်နယ်အတွင်း ရွှေ့ပြောင်းခြင်းထက် အများစုမှာ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြသည်။ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ရွှေ့ပြောင်းအလုပ်သမားများသည် အခြားဒေသသို့ ပြောင်းရွှေ့လုပ်ကိုင်နေကြသော်လည်း ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ရွှေ့ပြောင်းအလုပ်သမားများသည် ယင်းတို့နေထိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းတွင်သာ ရွှေ့ပြောင်းလုပ်ကိုင်နေကြသည်။■ အလုပ်သမားစုဆောင်းမှုအများစုသည် ငွေလိုအပ်သဖြင့် လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသဖြင့် လည်းကောင်း မူရင်းနေရပ်မှ ရွှေ့ပြောင်းအလုပ်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သူများ ဖြစ်ကြသည်။ မူရင်းနေထိုင်ရာ အရပ်တွင် တစ်နေ့လျှင် ၁၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်သာ ရရှိကြသည့်အတွက် အခြားဒေသများတွင် တစ်နေ့လျှင် ၄၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရရှိနိုင်သည်ဟု မျှော်လင့်ချက်ဖြင့် ရွှေ့ပြောင်းလုပ်ကိုင်ကြသည်ဟု ဆိုကြသည်။ ရွှေ့ပြောင်းမှုဖြစ်စဉ်များ အားလုံးနီးပါးသည် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှ မဟုတ်ဘဲ၊ ၉၀ ရာခိုင်နှုန်းသည် အလုပ်အကိုင်ကို အခြားသူများထံမှ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပထမဦးဆုံး ရှာဖွေခဲ့ကြရသူများ ဖြစ်ကြသည်။ မိသားစု (သို့) သူငယ်ချင်းများကဲ့သို့သော ယင်းတို့နှင့် သိနှင့်ပြီးသော သူများထံမှ အလုပ်သမား စုဆောင်းမှုတွင် အကူအညီများ ရယူခဲ့ကြသည်။ ၉ ရာခိုင်နှုန်းသာလျှင် ပွဲစားဟုခေါ်သော အလုပ်သွင်းပေးသူများထံမှ အလုပ်ရရှိကြရသည်။ ဖြေဆိုသူများထဲမှ ၅ ရာခိုင်နှုန်းသည် လုပ်သားစုဆောင်းခြင်းအတွက် လိုင်စင်ရှိသူများနှင့် ဆက်သွယ်ကာ အလုပ်ရရှိကြသော်လည်း ဖြေဆိုသူ ၉၅ ရာခိုင်နှုန်းသည် လိုင်စင်မရှိသော အလုပ်သမား စုဆောင်းသည့် ပွဲစားများမှ ကူညီပေးခဲ့သဖြင့် အလုပ်ရသည်ဟု ဆိုကြသည်။■ လုပ်ငန်းခွင် အခြေအနေဖြေဆိုသူ ၅၁ ရာခိုင်နှုန်းသည် နားချိန်မပါဘဲ တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီ (သို့) ထိုထက်ပိုပြီး လုပ်နေကြရသည်။ အလုပ်သမား ၄၀ ရာခိုင်နှုန်းသည် နားချိန်မပါဘဲ၊ တစ်နေ့လျှင် ၁၀-၁၂ နာရီ အလုပ်လုပ်ရပြီး၊ ၁၁ ရာခိုင်နှုန်းသည် နားချိန်မပါဘဲ၊ အလုပ်ချိန် ၁၂ နာရီမှ ၂၀ နာရီအထိ အလုပ်လုပ်နေကြရသည်။ ဖြေဆိုသူ ၄၁ ရာခိုင်နှုန်းသည် တစ်နေ့လျှင် တရားဝင် သတ်မှတ်ထားသည့် အလုပ်ချိန် ၈ နာရီအတွင်း အလုပ်လုပ်ကိုင်နေကြသည်။ Factory Act တွင် တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီ တစ်ပတ်လျှင် နာရီပေါင်း ၄၄ နာရီ အလုပ်လုပ်ရသော အလုပ်သမားများကို အချိန်ပိုကြေးသည် ပုံမှန်လုပ်ခထက် နှစ်ဆပေးရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ဖြေဆိုသူ ၂၉၆၂ ဦး ၄၁ ရာခိုင်နှုန်းကို အလုပ်ရှင်မှ အချိန်ပို အလုပ်ဆင်းခိုင်းသော်လည်း အများစုမှာ အချိန်ပိုကြေး မရကြ။■ လေ့လာတွေ့ရှိသည့် ဖြစ်စဉ်အချို့မွန်ပြည်နယ် စိုက်ပျိုးရေးကဏ္ဍ တွေ့ရှိမှုတွင် ပဲခူးတိုင်းမှ အလုပ်သမား ၈ ဦးကို စပါးစိုက်ရန် ဆွေမျိုးမကင်းသူမှ စည်းရုံးခဲ့သည့် အမှုဖြစ်စဉ်တွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူခြင်း၊ အကြွေးဖြင့် အလုပ်သမား စုဆောင်းခြင်း၊ မှတ်ပုံတင်များ မတရားသိမ်းယူခြင်း၊ လစာစောင့်သည့် အချိန်တွင် အလုပ်ကို အချိန်ကြာမြင့်စွာ လုပ်ကိုင်ရန် ဖိအားပေးခံရခြင်း၊ မူလက သဘောတူညီချက်အတိုင်း မဟုတ်ဘဲ အလုပ်မှထွက်ရန် အခွင့်အရေး မရှိခြင်းတို့ ဖော်ထုတ်တွေ့ရှိရသည်။တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက်ခင်းကဏ္ဍ တွေ့ရှိမှုတွင် အလုပ်သမား စုဆောင်းသူက ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ အလုပ်သမား ၁၀၀ ခန့်ကို တစ်နေ့လျှင် ရော်ဘာပင်စိုက်ပျိုးခြင်းနှင့် ပိုးသတ်ဆေးဖျန်းရန်အတွက် အမျိုးသားတစ်ဦးလျှင် ၅၀၀၀ ကျပ်၊ အမျိုးသမီးတစ်ဦးလျှင် ၃၅၀၀ ကျပ် နေ့တွက်ရမည်။ နေစရာ၊ သွားစရာ အခမဲ့ဟု ဆိုသည်။ ပွဲစားမှ အလုပ်သမားအချို့ကို ၃၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အထိ ကြိုတင်ငွေချေးပေးခဲ့သည်။ လုပ်ငန်းခွင်တွင် နေ့စားခ ၁၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်သာ ရကြသည်။ ရော်ဘာခင်းအတွက် တောရှင်းကြရသည်။ ထို့အပြင် ရော်ဘာခင်းသို့သွားသည့် ပို့ဆောင်ခစရိတ်ကို အကြွေးတွင် ထည့်ပေါင်းလိုက်သည့်အခါ အကြွေးမှာ ရှစ်သောင်းမှ တစ်သိန်းကျပ်အထိ ဖြစ်သွားသည်။ နေထိုင်စရာအတွက် ကျပ်ညပ်စွာ နေရာထိုင်ခင်းပေးထားသည်။ သောက်ရေအလုံလောက် မရ။ တစ်နှစ်စာချုပ်ဖြင့် အလုပ်ဆင်းရ။ ထို့ကြောင့် ကြွေးမြီနှောင်ဖွဲ့ခိုင်းစေခံရမှု ပေါ်လွင်နေသည်ကို စိစစ်တွေ့ရှိရသည်။ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ငါးဖမ်းလုပ်ငန်းတစ်ချို့ ဖြစ်စဉ်တွင် အလုပ်သမားများ ရောင်းချခံရမှု၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှု၊ သိက္ခာကျစေရန် ဆက်ဆံခံရမှု၊ လုပ်ငန်းခွင် အခြေအနေကို လှည့်ဖြားခံရမှု၊ လုပ်အားခ လိမ်လည်ခံရမှု၊ လွတ်လပ်စွာ ဆက်သွယ်ပြောဆိုမှုနှင့် သွားလာခွင့်တို့ကို တားဆီးခံရမှုနှင့် အကြွေးဖြင့် နှောင်ဖွဲ့ခံရမှုများတို့ တချို့ ကြုံတွေ့ခဲ့ကြရသည်။■ စစ်တမ်း တွေ့ရှိချက်များထိုစစ်တမ်းများအရ ဖြေဆိုသူ ၁၉၀၈ ဦး၊ ၂၆ ရာခိုင်နှုန်းသည် အဓမ္မ အလုပ်ခိုင်းစေခြင်း အခြေအနေတွင် ရှိနေသည်။ ထို့အပြင် ဖြေဆိုသူ ၁၀၀၇ ဦး၊ ၁၄ ရာခိုင်နှုန်းသည် အဓမ္မခိုင်းစေခြင်းအတွက် လူကုန်ကူးမှု အခြေအနေတွင် ကျရောက်နေသည်။စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် ရွှေတူးဖော်ရေး၊ ကျောက်စိမ်းတူးဖော်ရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ ဧရာဝတီတိုင်းမှ ပြည်တွင်းငါးဖမ်းလုပ်ငန်းနှင့် တနင်္သာရီတိုင်းမှ ဆီအုန်းခြံ၊ ရော်ဘာခြံများတွင် ပြည်တွင်းလူကုန်ကူးမှုများ ဖြစ်နေကြသည်ဟု ထိုစစ်တမ်းက ဖော်ပြထားသည်။■ အနာဂတ်အတွက် အကြံပြုအလုပ်သမားဦးစီးဌာန အနေဖြင့် ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများ အလုပ်အကိုင် ရှာဖွေရာတွင် အကူအညီပေးနိုင်ရေးအတွက် အလုပ်သမား အိတ်ချိန်းရုံးများမှ ကူညီပေးနိုင်မည့် နည်းလမ်းများ ရရှိရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်သင့်သည်။ အလုပ်သမား အိတ်ချိန်းရုံးများသည် ဘေးကင်းလုံခြုံသည့် ရွှေ့ပြောင်းမှုနှင့် ရွှေ့ပြောင်းအလုပ် သမားများအတွက် ဗဟုသုတများကို ပေးစွမ်းနိုင်ကြသည်။ ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများ အများစုနှင့် အလုပ်သမားအိတ်ချိန်းရုံးတို့နှင့် ချိတ်ဆက်မှု အားနည်းနေသည့်အတွက် ပုံမှန်မဟုတ်သည့် နည်းလမ်းများကိုသာ မှီခိုအားထားနေကြဆဲ ဖြစ်သည်။အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့သည် ပြည်တွင်းရွှေ့ပြောင်း လုပ်ကိုင်မှုအတွက် ဘေးကင်းလုံခြုံပြီး စိတ်ချရသည့် အလုပ်အကိုင် နေရာချထားရေး ပုံစံများအတွက် အလုပ်ရှင်များနှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်သင့်သည်။အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည် လှည့်စားသည့် အလုပ်သမား စုဆောင်းခြင်းပြဿနာများ ဖြေရှင်းရန်အတွက် မကြာခဏ အလုပ်ရုံ၊ လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသင့်သည်။ လုပ်ငန်းခွင် အခြေအနေများသည် စာချုပ်များတွင် ဖော်ပြထားသည့် ကတိကဝတ်များဖြင့် ကိုက်ညီမှုရှိစေရန် ကြပ်မတ်ရမည်။အိမ်ဖော် အလုပ်သမားများမှာ အနိုင်ကျင့်ခံရမှု ပိုမိုမြင့်မားသည်ကို စစ်တမ်းတွင် တွေ့ရှိရသည့်အတွက် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် အိမ်ဖော်အလုပ်သမားများ ရင်ဆိုင်ရလေ့ရှိသည့် ခေါင်းပုံဖြတ်မှု ပုံသဏ္ဌာန် အမျိုးမျိုးကို လူအများ သိရှိစေရန် ဆောင်ရွက်သင့်သည်။သတ္တုတွင်းနှင့် ငါးဖမ်းလုပ်ငန်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရမှုများကို သက်ဆိုင်ရာ ဦးစီးဌာနများနှင့် နီးကပ်စွာ ပူးပေါင်းပြီး အလုပ်သမား စစ်ဆေးရေးမှူးများသည် ငါးဖမ်းစက်လှေများနှင့် သတ္တုတွင်းများကို ခေါင်းပုံဖြတ်မှုများ ရှိ၊ မရှိ စစ်ဆေးသင့်သည်။■ သဘာဝဘေးနှင့် ဆက်စပ်မှုသဘာဝဘေးအန္တရာယ်များသည် ရုပ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာများအတွက် လုံခြုံမှု အပြည့်အ၀ မပေးနိုင်တော့ပေ။ ထိုဘေးဆိုးက ရွှေ့ပြောင်းအလုပ်သမားများ၊ အလုပ်ရှာဖွေနေသူများ (သို့) ဆင်းရဲသည့် မိသားစုများ ဖြစ်ကြသည့် ဘဝရပ်တည်ရန် ခက်ခဲသည့် လူမှုအသိုင်းအဝိုင်းအတွက် ပိုမို ထိခိုက်မှု ရှိသည်။ ထိုသူတို့အတွက် ခေါင်းပုံဖြတ်ခံရမှုနှင့် ကျွန်ပြုခံရနိုင်မှု အခြေအနေ ဖန်လာနေသည်။ယခုအခါ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်မှု လုပ်ရာတွင် အလုပ်အကိုင် ရှားပါးမှုများနှင့်အတူ ပြည်တွင်းလူကုန်ကူးမှုများ ပေါ်ပေါက်လာနိုင်သည်ကို သတိမူကြရပေမည်။










