“များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ မယားတကွဲ မိတကွဲ ဖတကွဲ ဖြစ်နေကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ လက်ယာလက်ဖြင့် ပြည်သူအပေါင်းအား ဆန်စပါးရိက္ခာ ပေးပါအံ့။ ငါ၏ လက်ဝဲလက်ဖြင့် လူအပေါင်းအား ဝတ်စားတန်ဆာပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သက်စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သက်စေအံ့။”
(မွန်ဘာသာဖြင့် ရေထိုးထားသော ရွှေစည်းခုံကျောက်စာ)
ဘုန်းကြီးဘုရား..ရေဘေးအတွက် အလှူခံပါဘုရား..
သြော်..အေး အေး ညည်းတို့က ဘယ်အတွက်လဲ..
ကလေးမြို့က သီလရှင်(....) စာသင်တိုက်အတွက်ပါ ဘုရား...
ဟဲ့ အဲဒီကလေးမြို့မှာ များစွာ သွားလှူနေကြတာ မဟုတ်လား...
သီလရှင်ကျောင်းတွေ မရဘူးတဲ့ဘုရား...။
သြော် အဲလိုလား...မောင်ပဉ္စင်းရေ...ဝတ္ထုငွေ...လှူလိုက်ပါဦးကွယ်။ စာဝါလာတက်ကြတဲ့ သီလရှင်ကလေးများက အလှူခံခြင်းဖြစ်ပါတယ်။
ဘုန်းကြီးဘုရား..ရေဘေးအတွက် လှူပါဦးဘုရား...
သြော် အေးအေး ..မောင်ပဉ္စင်းတို့က ဘယ်အတွက်လဲကွဲ့...
ရခိုင်ပြည်နယ်အတွက်ပါ ဘုရား
အေး ကောင်းတယ်ကွ၊ ရခိုင်ကို မင်းသားမင်းသမီးတွေ များစွာ Eleven Media Group မှာ တွေ့လိုက် ရပါတယ်ကွ။
တပည့်တော်တို့ သူငယ်ချင်းတွေအလှူခံပြီး လှူမှာပါဘုရား...
သြော် အဲဒီလိုလား... မောင်ပဉ္စင်းရေ .. ဝတ္ထုငွေ.. လှူလိုက်ပါဦးကွယ်။ စာဝါလာတက်ကြတဲ့ စာသင်သားတွေက အလှူခံခြင်း ဖြစ်ပါတယ်။
ဘုန်းဘုန်းဘုရား.. တပည့်တော်တို့အသင်းက ရေဘေးအတွက် အလှူခံပါဘုရား...
သြော် အေးအေး ဒကာတို့က ဘယ်မှာလှူကြမှာတုံးကွဲ့...
ဦးကျော်သူတို့ နာရေးကူညီမှု အသင်းကနေတစ်ဆင့် လှူမှာမို့ အဲဒီသွားပို့မှာဘုရား...
သြော်အဲလိုလား.. မောင်ပဉ္စင်းရေ.. ဝတ္ထုငွေ.. လှူလိုက်ပါဦးကွယ်၊ နာရေးကူညီမှုအသင်းက ကျယ်ပြန့်တာဆိုတော့ ဆွမ်းကျောင်းဘုန်းကြီးထံက ဥပုသ်သည်တွေအတွက် အလှူခံရထားတဲ့ ဆွမ်းဆန်တစ်အိတ်လည်း အလှူခံသွားကြကွာ။
ကိုယ်တည်ထောင်ထားတဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) စိုက်/မွေး (၁) ရပ်ကွက် အာစိဏ္ဏကံ လူမှုကူညီရေး အသင်းက အလှူခံခြင်း ဖြစ်ပါတယ်။
သာပေါင်းမြို့နယ် ဆတ်သွားကျေးရွာ ရေနစ်မြုပ်နေသည်ကို သြဂုတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - မင်းသူဝင်းထွဋ်)
မေတ္တာ+ကရုဏာ
အများသတ္တဝါ ကောင်းကျိုး ချမ်းသာလိုလားတာ၊ အများသတ္တဝါ ဆင်းရဲဒုက္ခ မရောက်စေလိုတာ မေတ္တာ။ အများသတ္တဝါ ဆင်းရဲဒုက္ခ ရောက်နေတာကို မြင်ရကြားရရင် ထိခိုက်ခံစားရတာ၊ ဒုက္ခရောက်သူ များရဲ့ဒုက္ခကို ဖယ်ရှားပေးလိုတာ ကရုဏာ။
တို့နိုင်ငံသားတွေ နာဂစ်အတွေ့အကြုံကြောင့်ထင်ရဲ့ အလွန်တက်ကြွပြီးညီညွတ်စွာ ဆောင်ရွက်နေကြတယ်။ အခုရေဘေးက နာဂစ်ထက်ပိုပြီး အုန်းအုန်းကျွက်ကျွက် ရှိလှတယ်လို့ ထင်ပါတယ်။ လာတော့မည့် မိမိတိုင်းပြည့်ရဲ့ Change မှာလည်း အခုရေဘေးလို အချီအချ လက်ကျကျညီညီ ပြိုင်တူတွန်းကြရပါဦးမည်။
မနက်က ဆွမ်းစားကြွတဲ့အိမ်မှာတောင် မြန်မာဆိုတာ အလွန်သဒ္ဓါတရား ထက်သန်တဲ့လူမျိုး၊ ဒုက္ခ ရောက်နေသူများကို မျက်ကွယ်မပြုတဲ့လူမျိုး၊ အလွန်ကူညီချင်တဲ့လူမျိုး ဖြစ်ကြတယ်ဆိုတာ ထုတ်ဖော်ကြွားစရာကို မလိုတာ။ ကျုပ်တို့လူမျိုးက ခိုးဆိုး ခါးပိုက်နှိုက်တောင် ရိုက်နှိက်ပြီး ပြန်သနားတတ်တဲ့ လူမျိုး။ ဒီလိုမျိုး ဒုက္ခရောက်လို့ကတော့ ကူညီပြီးသားပဲ။ နူးညံ့စာနာတဲ့ နှလုံးသားလှတဲ့ လူမျိုးပါလို့ ပြောဖြစ်ပါသေးတယ်။ နှလုံးသားကို မေတ္တာ+ကရုဏာနဲ့ ထုံမွမ်းထားကြတာမို့ လူသားနှလုံးသားနဲ့ တိုင်းပြည်ဖြစ်ပါတယ်။
အခုလိုအပ်တာတွေ အခုကူညီ
ဒီရက်မှာ မိုးလည်းပြတ်စပြုပြီမို့ အထက်မှာ ရေကျစပြုလာပါတယ်။ ဒါပေမဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ဧရာဝတီမြစ်ရိုး တစ်လျှောက်က မြို့ရွာတွေမှာတော့ ရေတိုးလာပါတယ်။ ကျုပ်တို့ရွာ ညောင်စာရေးက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်၊ အနောက်ဘက်မှာ အကောက်တောင်ခံနေတော့ ရေဦးက ကျုပ်တို့ညောင်စာရေးရွာကို တိုက်ပါတယ်။ အနိမ့်ပိုင်းအိမ်တွေ ရေမြုပ်ပြီး၊ ရွာတာလမ်းမ ရေကျော်ကာ အိမ်အောက်တွေမှာတော့ ရေရောက်လို့နေပါတယ်။
လမ်းပန်းဆက်သွယ်ရေး အဆင်ပြေတော့ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းတို့အပြင် အခြားပုဂ္ဂလိကအလှူရှင်တွေ နေ့စဉ်တဖွဲဖွဲ အဖွဲ့လိုက်လာ လှူကြပါတယ်။ အလှူရှင်တွေက ညောင်စာရေးရွာမှာ တစ်ထောက်နား၊ ရေမြုပ်တဲ့ကျွန်းထဲက ရွာတွေဆီ သို့ စက်လှေငှားပြီး သွားလှူဒါန်းကြ ပါတယ်။
အခုဆို အချို့ကုသိုလ်ရှင်တွေ အထက်မှသည် ဧရာဝတီတိုင်း၊ မ ကွေးတိုင်းနဲ့ ပဲခူးတိုင်း (အနောက်ပိုင်း) တွေဆီ အလှူခရီး လှည့်လာကြ ရပြန်ပါတယ်။ အလွန်ထိရောက်ပြီး ကျေးဇူးများလှပါတယ်။
တချို့လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ ရွာတွေမှာ အကူအညီတွေ အခုတိုင် ရောက်မလာသေးဘူးဆိုတာ ကြားနေရပါတယ်။ ဧရာဝတီ မြစ်ပြင်ကြီးက အခုဆို တစ်မျှော်တစ်ခေါ် ရေပြင်ကြီးဖြစ်နေတော့ ပိတ်မိနေသူတွေ ရှိနေကြဦးမှာပါ။
အခု လိုအပ်နေတာက သောက်ရေနဲ့ ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးပိ၊ ငါး ခြောက် စတဲ့စားနပ်ရိက္ခာ၊ ဆေးဝါး အဝတ်အစားတွေ လိုအပ်ပါတယ်။ မြို့ပေါ် ရေဘေးသင့်သူတွေမှာ ငွေကြေးလိုအပ်သော်လည်း ကျေးရွာတွေမှာတော့ ငွေကြေးထက် ချက်ပြုတ်စားသောက်ဖို့ရာ စားနပ်ရိက္ခာ လတ်တလော လိုအပ်ပါတယ်။ ငွေကြေးက ဝယ်စရာဆိုင်တွေ ရွာတွေမှာ ရေမြုပ်နေလို့ပါ။
ပြန်လည်တည်ဆောက်ရေး
အခု ရေကျသွားတဲ့ ကလေးနဲ့ ကောလင်းမြို့တွေ စုတ်ပြတ်သတ် ဖြစ်ကျန်ခဲ့ပါတယ်။ ပြန်လည်ထူထောင် ကြရပါမယ်။ တောင်သူတွေရဲ့ စိုက်ပျိုးပြီး လယ်တွေ၊ ခြံတွေက ရေမြုပ်ခဲ့လို့ ပြန်စိုက်ကြရပါမယ်။ အစိုးရရဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေက လယ်သမားတွေ ထုတ်သုံးပြီးပါပြီ။ စိုက်စရာ ပျိုးစရာမျိုး၊ ပျိုးပင်နဲ့ ရေသွင်းပြီး စိုက်ကြရမှာမို့ ထိုအချိန်မှာ ငွေကြေးအမှန် လိုအပ်ပါမယ်။ အဲဒီ အခါမျိုးမှာ စနစ်တကျ ဒေသအလိုက် လှူပေးနိုင်ရင် ပိုပြီးအကျိုးများပါမယ်။ နောက်ဆက်တွဲပူပန်ရတဲ့ ဒုက္ခအပြင် အတိုးပေးချေးငွေ ချေးကြရတဲ့ကိစ္စတွေ အတန်အသင့်သက်သာ မှာမို့ပါ။
ဒေသအလိုက် လတ်တလော လိုအပ်တဲ့ပစ္စည်းတွေကို အခုကူညီ ငွေကြေးတချို့ကိုတော့ ဘဏ်တို့ လိုမှာ ပြည်သူများ စိတ်ချယုံကြည်ရ တဲ့ လူမှုကူညီ အဖွဲ့အစည်းများနဲ့ စနစ်တကျဖွဲ့ပြီး အပ်နှံသိမ်းထား၍ ပြန်လည်ထူထောင်ရေးမှာလည်း လှူဒါန်းနိုင်ကြရင် ဆိုတာကို စဉ်းစားမိပါတယ်။
မနက်က ရွာမှအမေက ဖုန်းဆက်ပါတယ်။ ရေမြုပ်ကွင်းတွေ ပြန်စိုက်နိုင်ဖို့ အခု ရေလွတ်တဲ့ လယ် ကွက်တွေမှာ မျိုးစပါးပျိုးပြန်ကြဲနေ ကြရပါသတဲ့။
နာဂစ်တုန်းက ဧရာဝတီစပါး ကျီသာ ထိခိုက်ခဲ့ပါတယ်။ ယခု မိုး ကြီးရေလျှံဘေးကတော့ နိုင်ငံရဲ့စပါးကျီများနဲ့ ဆီအိုးကြီးတွေပါ အထိနာခဲ့ပါတယ်။ ဆန်ထွက်ရာဒေသနဲ့ ဆီ ထွက်ရာဒေသတွေရဲ့ စိုက်ခင်းတွေ အားလုံး ပျက်စီးသွားပါတယ်။
သီတင်းကျွတ်၊ တန်ဆောင်မုန်း လတွေမှာ ကျုပ်တို့ ညောင်စာရေးနဲ့ အနီးဝန်းကျင်ရွာတွေမှာ ယခုစိုက် ပျိုးနိုင်ခဲ့တဲ့၊ ရေမြုပ်ဒဏ်လွတ်တဲ့ ကောက်ရင်းစပါးတွေပေါ်တော့မှာ ပါ။ အဲဒီအခါမှာ မိုးလွတ်အောင် တလင်းပျောက်စနစ် ခြွေလှေ့ကြရပါမယ်။ တကယ်လို့ ဖြစ်နိုင်ဦးမယ်ဆိုရင် အဲဒီအခါမျိုးမှာလည်း ကူညီနိုင်ပါတယ်။ ကိုယ်နဲ့ နီးစပ်လို့ ကိုယ့်ရွာကိုယ့်ဒေသကို ဥပမာပေးပြောရတာပါ။ အခြားရွာတွေမှာလည်း အလားတူ အကူအညီတွေ အမှန်လိုအပ်ပါတယ်။
ထိုအချိန်သည် နိုင်ငံရေးပါတီ များနဲ့ အစိုးရတို့ ရွေးကောက်ပွဲအ တွက် အလုပ်ရှုပ်လုံးပန်းနေကြချိန်မို့ ယခု ရေဘေးသင့်ဒုက္ခရောက်ခဲ့သူ တွေရဲ့ နောက်ဆက်တွဲဒုက္ခကို သတိ ပြုမိချင်မှ ပြုမိပါလိမ့်မယ်။ အမှန် တော့ တောသူတောင်သားတွေဟာ တစ်နိုင်ငံလုံးကို ထမင်းကျွေးထားတဲ့ ကျေးဇူးရှင်တွေဖြစ်လို့ သူတို့ရဲ့ နောက်ဆက်တွဲ သောကတွေကို လည်း ငြိမ်းအေးပေးကြရမှာပါ။
မြင်းခြံမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျွဲနွားများ ရေနစ်နေသည်ကို ဒေသခံများက ကယ်ဆယ်နေစဉ် (ဓာတ်ပုံ - မိုးဟိန်း)
သွေးအေးလို့ မနေသင့်
ကျုပ်တို့လူမျိုးက သွေးဆူလွယ် ကြတော့ ဖြစ်ပြီဆိုတာနဲ့ တက်ကြွစွာ ကိုယ့်ကိစ္စတွေပစ်ထားပြီး ကူညီကြ၊ ယိုင်းပင်းကြပါတယ်။ နောင်ရေဘေး ငြိမ်းသွားတဲ့အခါ ကိုယ့်ကိစ္စနဲ့ကိုယ်ဆိုတော့ အဲဒီဘက် မလှည့်နိုင်ကြတော့။ ၅-၈-၂၀၁၅ နေ့ထုတ် Daily Eleven ပါ ဆောင်းပါးမှာ ကောလင်းမှာ အလှူပစ္စည်းတွေ စုပုံနေကြောင်းကို ဖတ်ရပါတယ်။ မြို့နဲ့ဝေးကွာပြီး ခရီးလမ်းပန်းခက်ခဲတဲ့ ဒေသတွေဆီကို တစ်ဆင့်သွားမပို့ နိုင်ကြတော့ဘူး။ ရေကျသွားတော့ ကောလင်းမြို့ သူမြို့သားတွေလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်ရှင်းရ လင်းကြရနဲ့ အလုပ်ရှုပ် နေကြပါတယ်။ မအားကြတော့။
တာဝန်ခံ ခွဲဝေပို့ပေးကြမယ့် လူမှုရေး အဖွဲ့အစည်းတွေး စနစ်တကျထားရှိပြီး ဆက်လက်ဆောင်ရွက် ကြပါမှ အဲဒီအလှူပစ္စည်းတွေ လိုအပ်သူတွေထံ တိုက်ရိုက်ရောက်တော့မှာ။ နာဂစ်တုန်းက ဖျာပုံမြို့ပေါ်က မိတ်ဆွေဘုန်းတော်ကြီးကျောင်းမှာ အဲဒီလိုပဲ အလှူခံရထားတဲ့ပစ္စည်းတွေ စုပုံကျန်နေတာကို သံဃာတော်များက အလျဉ်းသင့်သလို နောင်မှ လက်လှမ်းမီရာ ဝေပေးလိုက်ရသတဲ့။ ပွဲပြီးမီးသေမဖြစ်ကြပါမှ နောက်ဆက်တွဲ ဆင်းရဲဒုက္ခငြိမ်းမှာ၊ သက်သာရာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ သောကဒုက္ခတွေကို ငြိမ်းစေရန် စွမ်းနိုင်တဲ့ လူမှုရေးအသင်းကြီးများက နီးစပ်ရာဒေသရှိ ပရဟိတအဖွဲ့တွေနဲ့ ကွန်ရက်ဆက်သွယ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရင်တော့ ပိုကောင်းမယ်။
မေတ္တာပို့
ဒကာတစ်ဦးက အရှင်ဘုရားရယ် တပည့်တော်တို့နိုင်ငံကလည်း ရန်သူမျိုးငါးပါးလုံးရဲ့ နှိပ်စက်ဒဏ်ခံ နေရတယ်လို့လျှောက်ပါတယ်။ မက ဘူး ဒကာ၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူအချို့ဟာ ဓားထောက် လုတာ၊ ငွေလဲကောင်တာ ငွေတွေ ဝင်လုတာ၊ မူးယစ်ဆေးဝါးအမြောက် အမြားဖမ်းမိတာတွေ ထောက်ဆရင် လူကပေးတဲ့ မနုဿဘေးတွေနဲ့ သစ် တောတွေ အပြောင်ရှင်း၊ ရတနာ ထွက်တဲ့တောင်တွေ အကုန်ဖြိုချတဲ့ အတွက် သယံဇာတ ကျိန်စာဘေး တွေနဲ့ဆို ရန်သူမျိုးငါးပါးတင်မက တော့ဘူး။ အဲဒီဘေးတွေက အခုရေ ဘေးထက် ပိုဆိုးတယ်။ အချိန်တိုင်း မလုံခြုံဘူး၊ ကျီးလန့်စာနဲ့ ကြောက်ရွံ့ စိုးရိမ်ထိတ်လန့်နေကြရတယ်။ ဘယ်အချိန် ဘာဖြစ်လာဦးမလဲဆိုပြီး အမြဲလန့်နေကြရတယ်။
ဖြစ်ပျက်နေတဲ့ကာလနဲ့ လိုက်လျောညီထွေရှိတာမို့ ဒီမေတ္တာပို့ လေးနဲ့ တစ်နိုင်ငံလုံး အတူတူပို့ကြရ အောင်လားဗျာ။
ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊
ဘယပ္ပတ္တာ စ နိဗ္ဘယာ ။
သောကပ္ပတ္တာ စ နိဿောကာ၊
ဟောန္တု သဗ္ဗေပိ ပါဏိနော။
ဒုက္ခရောက်နေကြသူအားလုံး သတ္တဝါ ဒုက္ခမှအမြန်လွတ်မြောက် ကြပါစေ။ ပူဆွေးသောကရောက် နေကြသူအားလုံး သတ္တဝါသောကမှ အမြန်လွတ်မြောက်ကြပါစေ။ ယခုရေနဲ့အတူ ဘေးများစွာသင့်နေတဲ့ အားလုံး သတ္တဝါရေဘေး စတဲ့ဘေးတို့မှ အမြန်လွတ်မြောက်ကြပါစေ။










