သမိုင်းနောက်ခံ
သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူဖို့ သူ့ရဲ့နောက်ခံသမိုင်းရှိတယ်။ ရုတ်တရက် မီးထတောက်တာမျိုး မဟုတ်ဘူး။ ရှစ်လေးလုံးသမိုင်းဖြစ်ရပ်ကို ကျည်ဆန်တွေနဲ့ ဖြေရှင်းလိုက်ပေမယ့် သမိုင်းက သမိုင်းအတိုင်းပဲ။ သမိုင်းကို ဘာနဲ့ချေဖျက်လို့မှ မရဘူး။ ၁၉၆၂ ကစတင်ပြီး စစ်အာဏာရှင်တွေက မြန်မာနိုင်ငံကို အဓမ္မသိမ်းပိုက်တာက စရမလားမသိဘူး။ ၁၉၆၂ ခုနှစ် ဇူလိုင်လမှာ ကျောင်းသားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။ ကျောင်းသားတွေ သွေးမြေသို့ကျခဲ့တယ်။ အသက်တွေ စွန့်လွှတ်ခဲ့ရတယ်။ ၁၉၇၄ ခုနှစ် မေလနဲ့ဇွန်လတို့မှာ မြန်မာနိုင်ငံ အရပ်ရပ်ရှိ အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ပစ်ခတ်နှိမ်နင်း ဖမ်းဆီးခြင်းနဲ့ သမိုင်းတစ်ခန်းရပ် စေပြန်တယ်။ ထိုနှစ်ထဲ ဒီဇင်ဘာလ ၁၁ ရက်မှာ ဆူပူအုံကြွမှု ဖြစ်လာတယ်။ ဒီတစ်ခါလည်း ကျောင်းသားလူငယ်များ အပါအဝင် ပြည်သူတွေကို ပစ်ခတ်နှိမ်နင်းခြင်းနဲ့ အဆုံးသတ်ပြန်တယ်။ ၁၉၇၆ ခု နှစ်မှာ သခင်ကိုယ်တော်မှိုင်းရာပြည့် ကျင်းပတာကိုလည်း စစ်တပ်ကကြည် ကြည်ဖြူဖြူခွင့်မပြုလို့ ဆူပူမှုဖြစ်ပွားပြန်ရာ ကျည်ဆန်နဲ့ တစ်ခန်းရပ်စေပြန်တယ်။ ပြည်သူနဲ့ရင်ဆိုင်တိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းတွေ မရှိတော့ဘူးလား။
ပြည်သူတစ်ရပ်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဒုက္ခရောက်စေတဲ့ လုပ်ဆောင်ချက်ကတော့ ငွေစက္ကူကျပ်တစ်ရာ၊ ကျပ်ငါးဆယ်၊ ကျပ်နှစ်ဆယ်တို့ကို တရားမဝင်ငွေအဖြစ် ရုတ်တရက် ကြေညာလိုက်တာ ဖြစ်တယ်။ ဒီကြေညာချက်ဟာ ဆင်းရဲသားပြည်သူအတွက် တရားဝင်ငွေနဲ့လည်း အစားထိုးလဲ မပေးခဲ့ဘူး။ နောက်နှစ်နှစ်ကြာတဲ့ အခါ ၁၉၈၇ စက်တင်ဘာမှာ အဆီ အငေါ်မတည်တဲ့ ဆယ်လီစိတ်စနစ် မဟုတ်တဲ့ ၃၅ ကျပ်တန်၊ ၇၅ ကျပ် တန်တွေထုတ်ဝေလိုက်တယ်။ တစ်ခါ စက်တင်ဘာ၂၂ ရက်မှာ ၉၀ကျပ် တန်နဲ့ ၄၅ ကျပ်တန်တွေ ထုတ်ဝေလိုက်တယ်။ ပြည်သူတွေအတွက် ရောင်းရေးဝယ်တာတွေမှာ အလွန်မှ စိတ် ကသိကအောက် ဖြစ်စေခဲ့တယ်။ ဒါဟာ သာမန်ပြဿနာလို့ ထင်ခဲ့ရင် မှားမှာပေါ့။
ဒီလိုသမိုင်းကို အဖြစ်အပျက်အလိုက် အေးချမ်းစွာ မဖြေရှင်းခဲ့တဲ့အတွက် သမိုင်းမီးစတွေဟာ အတွင်း လှိုက်လောင်မြိုက်နေခဲ့တယ်။ မြုံနေတဲ့အနာလို ပြည်တွေက အတွင်းမှာ လှိုက်စားနေပြီ။ ကုသနည်းမမှန်ရင် ခြေပြတ်၊ လက်ပြတ်၊ နားထိုင်း၊ မျက်ကန်းဘဝကို ပြည်သူတွေ ရောက်ကုန်တော့မယ်။
တောက်လောင်လာတဲ့မီး
သမိုင်းနောက်ခံ မကောင်းခဲ့တဲ့ အရှိန်၊ လတ်တလောတွေ့ကြုံနေတဲ့ ဒုက္ခ၊ ၁၉၈၈ ခုနှစ် အစကတည်းက လူတွေရဲ့ ရင်ထဲမှာ တစ်စို့စို့ဝေဒနာ ခံစားနေရတယ်။ ဒီအချိန်မှာ ကြို့ကုန်းအနောက်ရပ်ကွက်က လူငယ်များနဲ့ စက်မှုတက္ကသိုလ် ကျောင်းသားများ အချင်းများ ရန်ဖြစ်ကြတယ်။ ထိုတုန်းက အစိုးရရဲ့ ငြိမ်းချမ်းစွာ မဖြေရှင်းလိုတဲ့ အကျင့်အတိုင်း ကျောင်းသားတွေကို ရိုက်နှက်ဖြိုခွဲတယ်။ ဖမ်းဆီးတယ်။ ဆန္ဒပြသူများကို ဖမ်းဆီးပြီး အချုပ်ကားဖြင့် အင်းစိန်ထောင်ကို ပို့ဆောင်ရာမှာ လမ်းခရီး၌ လူ ၄၀ သေဆုံးခဲ့ရတယ်။ မောင်ဖုန်းမော် (၂၃) နှစ် ကျဆုံးတယ်။ မတ်လ ၁၆ ရက်နေ့တွင် တံတားဖြူအနီးမှာ ရဲတို့ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျောင်းသားအချို့ သွေးမြေကျ သေဆုံးခဲ့ရတယ်။ ဒါကြောင့် တံတားဖြူကို တံတားနီလို ခေါ်ဝေါ်သမုတ်ခဲ့ကြတယ်။ ထိုအခြေအနေများကြောင့် အရေးအခင်းတွေမှာ ကျောင်းသားများ သာမက မခံမရပ်နိုင်တဲ့ ပြည်သူတွေပါ ပူးပေါင်းပါဝင်လာတယ်။ ၁၉၈၈ ခုနှစ်၊ ဇွန်လ၂၁ ရက်မှာ ရန်ကုန်တက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်များ ပိတ်လိုက်တယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်။ ထိုအမိန့်ကို သြဂုတ်လ ၁၉ ရက်ထိ အာဏာတည် ရမယ်လို့ အမိန့်ထုတ်လိုက်တယ်။
ထိုအချိန် ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီအရေးပေါ် ပါတီညီလာခံကို ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ ဆရာစံခန်းမမှာ ကျင်းပတယ်။ ဦးနေဝင်း၊ ဦး စန်းယု၊ ဦးအေးကို၊ ဦးစိန်လွင်၊ သူရဦးထွန်းတင်နှင့် သူရဦးကျော်ထင်တို့ ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြတယ်။ ဒါဟာ မိမိတည်ထောင် ထားတဲ့ပါတီကို မိမိပြန်ဖျက်သိမ်းလိုက်တဲ့ သဘော သက်ရောက်တယ်။
ဇူလိုင် ၂၈ ရက်မှာ ကျောင်းသားများဟာ ရွှေတိဂုံဘုရား၌ သပိတ်စခန်းဖွင့်လှစ်ပြီး စုရုံးဆန္ဒပြကြတယ်။ ပြည်သူတွေ ကိုယ်တိုင်လည်း ကျောင်းသားများရဲ့ ဆန္ဒပြမှုကို အားပေးထောက်ခံကြတယ်။
ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ) တွင် ပြသထားသည့် ဓာတ်ပုံများကို လာရောက်ကြည့်ရှုသူများအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
အထွေထွေ အကျပ်အတည်း
ဒီလိုအခြေအနေမှာ ရန်ကုန်မြို့ပေါ်မှာ လူသွားလူလာ နည်းပါးလာတယ်။ တစ်ခုခုကို မျှော်လင့်နေမိတယ်။ အဲဒီမျှော်လင့်ချက်က အပြောင်းအလဲပဲ။ လက်ရှိ လယ်သမားဘ၀ မျှော်လင့်ချက်မဲ့နေတယ်။ ဆန်ဈေးတွေထိုးကျ။ ကုန်ဈေးနှုန်းတွေကမြင့်တက်။ ဆန်တစ်ပြည် ၆၅ ပြားကနေ နှစ်ကျပ်ခွဲအထိ ဈေးတွေတက်ကုန်တယ်။ ဆီဈေး၊ ဘဲဥဈေးကအစ တက်နေတယ်။ လူတွေလက်ထဲမှာ ဝယ်စရာ ပိုက်ဆံမရှိဘူး။ ပေါင်နှံစရာပစ္စည်း မရှိဘူး။ ချေးငှားစရာ မိတ်ဆွေမရှိဘူး။ မိတ်ဆွေအချင်းချင်း သူလည်း ကိုယ်လို ကိုယ်လည်းသူ့လို။
မိုးတွင်းကာလရဲ့မိုးက ရွာလိုက်၊ တိတ်လိုက်၊ ဖြိုးဖြိုးဖြောက်ဖြောက် ရွာလိုက်။ နေသာချိန်မရှိသလောက်ပဲ။ မိုးအရှိန်ကြောင့် လူတွေရဲ့စိတ်က မှုန်မှိုင်းနေတယ်။ လူတိုင်းရဲ့ စိတ်ထဲမှာ ဝေဒနာတစ်ခုခုကို ခံစား နေကြတယ်။ ဘယ်သူ့ကို မကျေနပ်တာလဲ။ အမေ့ကိုလား၊ အဖေ့ကိုလား၊ ချစ်သူကိုလည်း ဝန်ထမ်းတွေ အချင်းချင်းလည်း လှိုက်လှဲပျူငှာ မရှိကြဘူး။ သူကကိုယ့်ကို မနာလိုသလို။ ကိုယ်ကသူ့ကို မနာလိုသလို။ ဈေးသည်များလည်း ဈေးသာရောင်းနေရတာ။ ဒါပဲလုပ်တတ်လို့ ဒါပဲလုပ်နေရတာ။ ပျော်ရွှင်ခြင်းကင်းမဲ့နေတယ်။ ကုန်ဈေးနှုန်းတွေကြီးတယ်။ ရောင်းမကောင်းဘူး။ ထမင်းတစ်လုတ်စားဖို့ မီးကျီးခဲမျိုရသလို ခံစားနေရတယ်။ ကျောင်းသားတွေလည်း ကျောင်းတက်ရတာ စိတ်မဝင်စားဘူး။ အိမ်ကကျောင်းကိုအလာ အမေတစ်ယောက်တည်း တွေတွေငေးငေး ထိုင်နေတာ လမ်းတစ်လျှောက်လုံး မျက်စိထဲ မြင်ယောင်နေတယ်။ အဖေခုတလော သက်ပြင်းခဏခဏ ချနေတယ်။ အမေကလည်း အိမ်ပြန်လာတိုင်း ညည်းညူနေတာပဲ။ အလုပ်က အဆင်မပြေဘူး။ စီးပွားရေးကျပ်တယ်။ ငါတော့ ရိုးရိုးသားသား ရှာမစားတတ်တော့ဘူး။ အဖေကဓားပြပဲ ထွက်တိုက်ရ ကောင်းမလား။ အမေက မကောင်းတဲ့မိန်းမပဲ လုပ်စားရ ကောင်းမလားတဲ့။ ကောင်းရောင်း ကောင်းဝယ် လုပ်စားရုံနဲ့ ထမင်းတစ်နပ်၊ ဟင်းတစ်ဖတ်က နပ်မမှန်တော့ဘူး။
အထက်တန်း ကျောင်းတွေမှာ ကျောင်းသားတွေ မရှိဘူး။ တက္ကသိုလ်ကျောင်းသားတွေ သပိတ်စခန်းမှာ သွားရောက်ဝန်းရံ အားပေးနေကြတယ်။ ပြည်သူကိုလှည့်စားဖို့ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာက ကြိုးစားတယ်။ တန်းခွဲအသီးသီးက ကျောင်းသားတွေကို စာသင်ခန်း တစ်ခန်းတည်းမှာစုပြီး ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားနေပုံဆိုကာ သတင်းစာ စာမျက်နှာတွေပေါ်မှာ ဖော်ပြတယ်။
ပြည်သူတွေက သိသိကြီးနဲ့ လှည့်ဖြားခံရတာကို ခံပြင်းကြတယ်။ ဘာအရေးကိစ္စပဲဖြစ်ဖြစ် ပြည်သူတွေမှာ အမှန်ကို သိခွင့်မရဘူး။ ကောလာဟလတွေ မိုးမွှန်ပြီး နောက်ကျမှအမှန် သတင်းကို သိခွင့်ရကြတယ်။ တစ်ချိန်တည်း ဂဠုန်စီမံချက်ဆိုတဲ့ လမ်းဘေးဈေးသည် ဖမ်းပွဲဟာ ရန်ကုန်မြို့လယ်ကောင်မှာ နိစ္စဓူ၀ တွေ့နေရတယ်။ ဥပဒေအတိအကျနဲ့ စည်းကမ်းတကျ ဖမ်းဆီးတာ မဟုတ်ဘဲ လူမြင်ကွင်းမှာ လူလူချင်း အနိုင်ကျင့်သလို ဖြစ်နေတယ်။ တစ်ခါတစ်ရံ ကလေးအရွယ်သာသာရဲ့ စီးကရက်ဈေးဗန်းကို နိုင်ထက်ကလူပြုပြီး ဖမ်းတာတွေကိုတွေ့ရတဲ့ ပြည်သူတွေဟာ စိတ်ထဲမှာ အတော်ခံပြင်းကြတယ်။ ဥပဒေမဲ့ မင်းမဲ့စရိုက်မြင်ကွင်းနဲ့ တူနေတယ်။ ပြည်သူတွေ တောက်တခေါက်ခေါက်နဲ့ အသံမထွက်ဘဲ တောက်ခေါက်နေရတယ်။ ပြည်သူတွေကို သွယ်ဝိုက်ခြိမ်းခြောက်နေသလိုပဲ ခံစားနေရတယ်။
လမ်းပေါ်မှာ သံချပ်ကာကားတွေ
သြဂုတ်လ ၁ ရက်ကစပြီး လက်နက်အပြည့် တပ်ဆင်ထားတဲ့ သံချပ်ကာကားတွေကို ရန်ကုန်မြို့ လမ်းပေါ်မှာ တွေ့နေရပြီ။ လည်စည်း အနီဝတ်စစ်သားတွေခြံရံထားတယ်။ ထို့အတူ ဆန္ဒပြသူတွေကလည်း ဟိုနေရာတစ်စု၊ ဒီနေရာတစ်စု တွေ့နေရတယ်။
ပြည်သူအချို့ကလည်း ဆန္ဒပြသူတွေကို လက်ကိုင်ပဝါများ၊ ရေသန့်ဘူးများ။ မုန့်များပေးကမ်းရင်း အားပေးကြတယ်။ ဒီလိုအားပေးနေတဲ့ လူတစ်ယောက်ကို အခြားလူတစ်ယောက်က မေးလိုက်တယ်။ “နေပါဦးဗျ၊ အခု ဆန္ဒပြနေတဲ့လူတွေက ဒီမိုကရေစီဆိုတာကို နားလည်လို့ ဆန္ဒပြနေတာလား” အမေးခံရသူက ဒီလိုပြန်ဖြေလိုက်တယ်။ “သူတို့က ဒီမိုကရေစီကိုတော့ နားမလည်ဘူး။ ဒါပေမဲ့ အခုအုပ်ချုပ်မင်းလုပ်နေသူ တွေကတော့ ဒီမိုကရေစီ မဟုတ်ဘူးဆိုတာ သိနေကြလို့ပေါ့ဗျာ”။ မေးခွန်း မေးသူ ဘာမှဆက်မပြောတော့ဘဲ နေရာက လှစ်ခနဲ ထွက်သွားလေရဲ့။ မေးသူကိုယ်တိုင်ရော ဒီမိုကရေစီဆိုတာ သိလို့လားလို့ ပြန်မေးချိန်မရ လိုက်ဘူး။
၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ်၊ မနက် ၈ နာရီ
ဒီလိုနဲ့ သြဂုတ်လ ၂ ရက်၊ ၃ ရက်၊ ၄ ရက် ---------- ၈ ရက် ရောက်လာတယ်။ တစ်ရက်၊ တစ်ရက်၊ တစ်စု၊ တစ်စုစီ အစပျိုးလာတဲ့ ပြည်သူ့အင်အားဟာ ၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ်၊ မနက် ၈ နာရီမှာ ထွက်ပြူစ နေအလင်းနဲ့အတူ၊ ပြည်သူတွေ အရပ်လေးမျက်နှာမှာ သက်ဆိုင်ရာ အဖွဲ့အစည်း ဆိုင်းဘုတ်တွေ၊ အလံတွေ ကိုင်ဆောင်ရင်း ထွက်ပေါ်လာတယ်။ တိုက်ပေါ်က ပြည်သူတွေ တစ်ယောက်မကျန် ဆင်းလာကြပြီး၊ စားစရာတွေရေတွေ၊ လက်ကိုင်ပဝါတွေ၊ ဦးထုပ်တွေ၊ ပေးကြကမ်းကြအားပေး လိုက်ကြတယ်။
ရန်ကုန်မြို့တစ်မြို့လုံး ခြေချစရာမရှိအောင် ပြည်သူတွေအင်အားနဲ့ ပြည့်နှက်သွားတယ်။ စည်းချက်ညီ ပြည်သူတွေရဲ့ ရင်တွင်းက ဆန္ဒတွေဟာ တစုတစည်းတည်း စည်းလုံးညီညွတ်သွားတယ်။ တစ်နိုင်ငံလုံး ကျေးလက်၊ ရပ်ကွက်မကျန် လူတန်းစား အသီးသီးက အိမ်လုံးကျွတ် လမ်းမပေါ်ထွက် ဆန္ဒပြကြတယ်။ ရပ်ကွက်ထဲက မြို့ထဲကိုထွက်လာဖို့ မလွယ်အောင် လမ်းဆုံလမ်းခွတွေမှာ လက်နက်ကိုင်ရဲတွေကို လုံခြုံရေး အပြည့်ချထားတယ်။ ဒါပေမဲ့ ပြည် သူတွေက အကြောက်တရားကိုတွန်း လှန်နိုင်ခဲ့တယ်။ ဆန္ဒပြမယ့်နေရာကို သွားရောက်စုရုံး နိုင်ခဲ့ကြတယ်။
ဆန္ဒပြတဲ့အထဲမှာ မူလတန်း ကျောင်းသားလူငယ်မှ တက္ကသိုလ် ကျောင်းသားအထိပါတယ်။ အိမ်ရှင်မတွေ ပါတယ်။ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် အနုပညာသည်တွေပါတယ်။ စာရေးဆရာ၊ သတင်းစာဆရာတွေ ပါတယ်။ ရုံးဝန်ထမ်းတွေပါတယ်။ နောက်ဆုံး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဝန်ထမ်းတွေ ကိုယ်တိုင်ပါ တီဝတ်စုံဝတ်ရင်း ဆန္ဒပြပွဲထဲမှာ ပါလာတယ်။ နောက်ဆုံး တစ်နိုင်ငံလုံး အိမ်လုံးကျွတ်၊ ရပ်ကွက်လုံးကျွတ်၊ မြို့လုံးကျွတ်၊ ဒီမိုကရေစီလိုလားသူ တစ်ဦးတစ်ယောက်မကျန် လမ်းပေါ် ထွက်ခဲ့ကြတယ်။
ရင်တွင်းဆန္ဒ စည်းချက်ညီညီနဲ့ ပြည်သူတွေရဲ့ တေးသွားဟာ တစ်နိုင်ငံလုံးမှာ မြည်ဟိန်းသွားတယ်။ လမ်းထဲက မခေါ်မပြောနေကြတဲ့ ပြည်သူတွေ ခံစားချက်ညီလို့ လက်တွဲပြီး လမ်းပေါ်ကိုထွက်ခဲ့တယ်။ မတူညီတဲ့ လူတန်းစား အချင်းချင်း နားလည်မှုအပြည့်နဲ့ လမ်းပေါ်ကိုတက်ခဲ့တယ်။ ဒီနေ့ ၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ် မှာ ပြည်သူအားလုံး တစ်သားတည်း ညီညွတ်ခဲ့တယ်။ တစ်ခါမျှ ဒီလောက် ညီညွတ်မှုကို မရခဲ့ဖူးဘူး။
ဆိုတော့ ရှစ်လေးလုံးနေ့ကဲ့သို့ ညီညွတ်ခြင်းမျိုး၊ နောက်တစ်ကြိမ် ပြန်လည်ညီညွတ်ကြရအောင်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူ့အင်အားပြကြဖို့ အချိန်တန်ပြီ။










