ဖလတ် (သို့) အားမာန်နဲ့ ကျန်ခဲ့တဲ့ အမြတ်

ဖလတ် (သို့) အားမာန်နဲ့ ကျန်ခဲ့တဲ့ အမြတ်
Published 9 August 2015
နီမင်းဆွေ

အခုတလော ကိုယ့်နိုင်ငံ ရေကြီးနေတဲ့ အချိန်မှာ ကမ္ဘာပေါ်မှာ ကိုယ့်နိုင်ငံထက်ပိုပြီး ဆိုးရွားတဲ့ ရေကြီးမှုတွေ ဘယ်နှစ်ခုလောက်များ ရှိခဲ့လေမလဲ ဆိုတာကို သိချင်လို့ လိုက်ရှာကြည့်လိုက်တဲ့အခါ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ရေကြီးမှုကြီးပေါင်း ၁၈၃ ခု ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။အဲဒီအထဲမှာ ၁၉၃၁ ခုနှစ်က တရုတ်ပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုဟာ လူ ၃ ဒသမ ၇ သန်းကနေ ၄ သန်းအထိ သေဆုံးပြီး နံပါတ်တစ် အဆိုးရွားဆုံးနေရာမှာ ရှိနေတာကို တွေ့ရပါတယ်။ နောက်ဆုံးနံပါတ်ဖြစ်တဲ့ ၁၈၃ ခုမြောက်ကတော့ ၂၀၁၀ ပြည့်နှစ်က ဘရာဇီးနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ရေကြီးမှုဖြစ်ပြီး လူ ၅၁ ယောက်အထက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဖော်ပြထားတဲ့ ရေကြီးမှု ဖြစ်စဉ်တွေထဲမှာ လူတစ်သိန်းကနေ လေးသန်းအထိသေတာ ရှစ်ခု၊ လူငါးသောင်းကနေ တစ်သိန်းအထိသေတာ နှစ်ခု၊ တစ်သောင်းကနေ ငါးသောင်းထိသေတာ ၁၃ ခု၊ ငါးထောင်ကနေ တစ်သောင်းထိသေတာ ၁၁ ခု၊ တစ်ထောင်ကနေ ငါးထောင်ထိသေတာ ၄၂ ခု၊ ၁၀၀ ရာကနေ ၁၀၀၀ ထိသေတာ ၉၁ ခုနဲ့ ၁၀၀ အောက်သေတာ ၁၆ ခု၊ စုစုပေါင်း ၁၈၃ ခု ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။၁၉၃၁ ခုနှစ်က တရုတ်ပြည်မှာဖြစ်ခဲ့တဲ့ ရေကြီးမှုမှာ လူ ၃ ဒသမ ၇ သန်းကနေ လေးသန်းထိ သေခဲ့တာဆိုတာ အနောက်မီဒီယာတွေရဲ့ ဖော်ပြချက်ဖြစ်ပြီး တရုတ်သတင်းစာတွေကတော့ လူ ၁၄၅၀၀၀ ယောက်ပဲ သေတယ်လို့ ဖော်ပြကြပါတယ်။ ဒီရေကြီးမှု ဖြစ်ရတဲ့ဇာစ်မြစ်ကို ပြန်ကြည့်မယ်ဆိုရင် တရုတ်ပြည်မှာ ၁၉၂၈ ခုနှစ်ကနေ ၁၉၃၀ ပြည့်နှစ်ထိ သုံးနှစ်တိတိ ဆက်တိုက် မိုးခေါင်နေခဲ့ပြီး ၁၉၃၀ ပြည့်နှစ် ဆောင်းရာသီရောက်တော့ နှင်းမုန်တိုင်းတွေကျတာက ပထမတရားခံ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ နွေဦးရာသီ ရောက်တဲ့အခါ နှင်းတွေ ဆက်တိုက် အရည်ပျော်ကုန်တဲ့အပြင် ဇူလိုင်နဲ့ သြဂုတ်လရောက်တော့ မိုးတွေကြောက်ခမန်းလိလိ ရွာပြန်ပါ တယ်။ ဇူလိုင်လ တစ်လတည်းမှာ ရွာတဲ့မိုးကပဲ ၂၄ လက်မတောင်ရှိပါတယ်။ အရင်နှစ်တွေတုန်းက တစ်နှစ်ကို မုန်တိုင်းနှစ်လုံးပဲ ဖြစ်လေ့ရှိပေမယ့် အဲဒီနှစ်ရောက်တော့ မုန်တိုင်းကိုးလုံးထိ ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့ အချက်ဟာလည်း တရုတ်ပြည်ကြီးကို ကံဆိုးစေခဲ့တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတော့တယ်။ အဲဒီလို ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တဲ့အတွက် ‘ယန်စီ’ မြစ်ရေဟာ အချိန်တိုအတွင်းမှာ ဒလဟော ဆင်းချလာပြီး လူတစ်သိန်းခွဲရဲ့ ဝိညာဉ်တွေကို တစ်ခါတည်း နုတ်ယူသွားခဲ့တဲ့အပြင် လူ ၂၈ ဒသမ ၅ သန်းကိုလည်း အိုးမဲ့အိမ်မဲ့တွေ ဖြစ်စေခဲ့ပါတယ်။အဲဒီတုန်းက ရိုးရိုးရေနစ်သေတဲ့ လူအရေအတွက်ကပဲ သန်းနဲ့ချီရှိပြီး အစာရေစာပြတ်လို့သေတာနဲ့ ရေကြီးမှုရဲ့ နောက်ဆက်တွဲတွေအဖြစ် ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားရောဂါကြောင့် သေတဲ့လူ အရေအတွက်ကလည်း သန်းဂဏန်းနီးပါး ရှိတယ်လို့ စွယ်စုံကျမ်းတွေက ဖော်ပြကြပါတယ်။ အဲဒီနှစ်က မြစ်ရေဟာ စိုးရိမ်မှတ်အထက် ၅၃ ပေအထိ မြင့်တက်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ အရင်နှစ်တွေမှာ စိုးရိမ်မှတ်ထက် အများဆုံး ငါးပေ ခြောက်လက်မထက်ပိုပြီး မမြင့်တက်ခဲ့ဖူးပါဘူး။ ယန်စီမြစ်ဝကျွန်းပေါ် ဒေသရဲ့ မြောက်ဘက်နားမှာရှိတဲ့ ‘ဂေါင်ရှူး’ ဆိုတဲ့ မြို့ပေါ်ကို ၂၅-၈-၁၉၃၁ ရက်ညက ရေကာတာကျိုးသွားပြီး လူတွေအိပ်နေတုန်း ဗြုန်းစားကြီး ရေတွေဝင်လာခဲ့လို့ လူအမြောက်အမြား သေဆုံးခဲ့ရတဲ့အတွက် တစ်ကမ္ဘာလုံးက ကရုဏာသက်ခဲ့ရပါတယ်။ရေပြန်ကျသွားတဲ့ အချိန်မှာ တရုတ်အစိုးရက နောက်နောင် အခုလို ရေကြီးမှုတွေ မဖြစ်ပွားရအောင် ရေကြီးတတ်တဲ့မြစ်တွေ တစ်လျှောက်ဆည်တွေဆောက်ဖို့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ ပိုက်ဆံမရှိတာကတစ်ကြောင်း၊ တရုတ်-ဂျပန် ဒုတိယစစ်ပွဲနဲ့ တရုတ်ပြည်တွင်း စစ်ကြီးဖြစ်ပွားလာတာက တစ်ကြောင်းကြောင့် ၁၉၄၀ ပြည့်နှစ်ထိ ဆည်အသေးစားလေးတွေလောက်ပဲ ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေ ရောက်တဲ့အခါကျမှ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဆည်ကြီးသုံးခုကို တရုတ်အစိုးရက ဆောက်နိုင်ခဲ့တာပါ။ ၂၀၁၂ ခုနှစ်ရောက်တော့ အဲဒီဆည်တွေမှာ ဆောက်ထားတဲ့ ရေအားလျှပ်စစ် စက်ရုံသုံးခုဟာ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံတွေ ဖြစ်လာခဲ့ပါပြီ။ စက်ရုံသုံးခုပေါင်းကထုတ်တဲ့ လျှပ်စစ်ဓာတ်အား ပမာဏဟာ ၂၂၅၀၀ မီဂါဝပ်တောင် ရှိပါတယ်။၁၉၃၈ ခုနှစ်တုန်းက တရုတ်ပြည်မှာပဲ ကမ္ဘာ့ဒုတိယအကြီးဆုံး ရေကြီးမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။ မြစ်ဝါမြစ်က ရေလျှံလို့ ဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ ဒါကတော့ မိုးကြီးလို့ မုန်တိုင်းရှိလို့ မြစ်ရေလျှံခဲ့ရတာမျိုး မဟုတ်ပါဘူး။ တရုတ်-ဂျပန် ဒုတိယစစ်ပွဲအတွင်း တရုတ်ပြည် အလယ်ပိုင်းထဲကို အမြန်ထိုးဖောက် ဝင်ရောက်လာတဲ့ ဂျပန်တပ်တွေ ရှေ့ဆက်မတက်နိုင်အောင် မြစ်ဝါမြစ်ရဲ့ ရေကာတာတွေကို တရုတ်အစိုးရက ဖောက်ချလိုက်လို့ ရေကြီးခဲ့တာ ဖြစ်ပါတယ်။ လူရှစ်သိန်း ချက်ချင်း ရေနစ်သေပြီး ရွာသားတွေ သန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အဲဒီရေကြီးမှု အပါအဝင် ကမ္ဘာ့အဆိုးရွားဆုံး ရေကြီးမှု ငါးခုဟာ တရုတ်နိုင်ငံ တစ်ခုတည်းမှာပဲ ဖြစ်ခဲ့ကြတာပါ။ ဆဋ္ဌမမြောက် အသေအပျောက်အများဆုံး ရေကြီးမှုကတော့ ဥရောပတိုက်က ၁၅၃၀ ပြည့်နှစ်က နယ်သာလန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ရေကြီးမှုဖြစ်ပြီး လူတစ်သိန်းကျော် သေပါတယ်။ ရေလွှမ်းမိုးမှုဖြစ်ခဲ့တဲ့ ၅-၁၁-၁၅၃၀ ရက်ဟာ စနေနေ့ဖြစ်တဲ့အတွက် ဒတ်ချ်တွေက အဲဒီနေ့ကို ‘မကောင်းဆိုးဝါး စနေနေ့’ လို့ နာမည်ပေးထားခဲ့ကြပါတယ်။ ၁၉၇၁ ခုနှစ်က ဗီယက်နမ်မှာဖြစ်ခဲ့တဲ့ ရေကြီးမှုကတော့ နံပါတ် ၇ ချိတ်ခဲ့ပြီး လူတစ်သန်း သေပါတယ်။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၄ ခုနှစ်က မုတ်သုံလေ အားကောင်းလွန်းလို့ ဖြစ်ခဲ့တဲ့ ရေကြီးမှုကတော့ လူ ၂၈၇၀၀ သေပြီး အဆင့် ၁၄ မှာ ရှိခဲ့ပါတယ်။ရေကြီးတဲ့ ဖြစ်စဉ်တွေ အကြောင်းရှာကြည့်ပြီးတဲ့ အခါမှာတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ ‘ဖလတ်’ Flood ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်မိပါတယ်။ မုန်တိုင်းကြောင့် အင်္ဂလန်မှာ ရေကြီးတဲ့အကြောင်း ရိုက်ထားတဲ့ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းပါပဲ။ အထက်က ဖော်ပြခဲ့တဲ့ ကမ္ဘာ့အဆိုးရွားဆုံး ရေကြီးမှုတွေထဲမှာ အင်္ဂလန်က ရေကြီးမှု တစ်ခုမှ မပါဝင်ခဲ့ပါဘူး။ ရေကြီးတဲ့ အကြောင်းတွေ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီး ရေကြီးလေ့မရှိတဲ့ ဒေသတွေက လူတွေ အပျော်တမ်း ရင်ခုန်လို့ရအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ အင်္ဂလန်ရဲ့ နာမည်ကျော် ‘သိမ်း’ မြစ်ထဲက လန်ဒန်တံတားကြီးကို ရေလှိုင်းတွေ ရိုက်ခတ်သွားတဲ့ အခန်းမျိုးတွေကိုလည်း ရုပ်ရှင်ထဲမှာ တွေ့ရပါတယ်။ဒီဇာတ်ကားကိုကြည့်အပြီး ကွန်ပျူတာ ဖွင့်လိုက်တဲ့အခါ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေကြီးမှုနဲ့ ရွေးကောက်ပွဲ သတင်းတွေကပဲ နေရာအပြည့်ယူထားတာကို တွေ့ရပါတယ်။ ဒီစာမျက်နှာတွေကို တွေ့လိုက်တဲ့အခါ နေ့လယ်က ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေး တစ်ခုကို ပြန်လည်မြင်ယောင်လာမိပါတယ်။ မီးပွိုင့်နဲ့ မလှမ်းမကမ်းမှာ ကားရပ်ထားတုန်း တူညီဝတ်စုံ ဝတ်ထားကြတဲ့ ကျား-မ လူရွယ်လေးတွေ ကားနားကို ကပ်လာကြတာကို သတိထားလိုက်မိပါတယ်။ ကိုယ်လည်းအိတ်ထောင်ထဲက ငါးထောင်တန်နှစ်ရွက်ကိုထုတ်ပြီး ကားပြတင်းပေါက်နားမှာ ချဉ်းကပ်လာတဲ့ ဂျပ်ပုံးနှစ်ပုံးထဲကို ထည့်လိုက်ပါတယ်။ အဲဒီအခါမှာ မျက်စိနဲ့ မမြင်ရပေမယ့် လက်နဲ့စမ်းမိလို့ ဂျပ်ပုံးထဲမှာ ပိုက်ဆံတွေ ပြည့်သိပ်နေအောင် ရှိနေတယ်ဆိုတာကို သိလိုက်ရလို့ အံ့သြသွားပြီး ဂျပ်ပုံးတွေကို ကိုင်ထားတဲ့ လူရွယ်လေးတွေရဲ့ မျက်နှာကို လိုက်ကြည့်မိပါတယ်။ အဲဒီအခါမှာ သူတို့ရဲ့ အပြုံးလေးတွေအောက်က အားမာန်တွေကို တွေ့လိုက်ရတော့တာပါပဲ။လူငယ်တွေဟာ တစ်ဦးချင်းပဲဖြစ်ဖြစ် အဖွဲ့အစည်းနဲ့ပဲဖြစ်ဖြစ် ကောင်းတာလုပ်ချင်ပေမယ့် ရှေးယခင်က အခြေအနေမပေးလို့ မလုပ်ခဲ့ကြရပါဘူး။ ဒီတော့လည်း မကောင်းတဲ့ အလုပ်တွေဘက်ကို မြားဦးလှည့်သွားကြတာကို အဆိုး မဆိုသင့်တော့ပါဘူး။ အခုတော့ တစ်ဦးချင်းပဲဖြစ်ဖြစ် အဖွဲ့လိုက်ပဲဖြစ်ဖြစ် ကောင်းတဲ့အလုပ်တွေကို လုပ်ဆောင်ခွင့် ရလာပါပြီ။ ဘေးဒုက္ခကြုံတဲ့အခါတိုင်း ကူညီရမယ်၊ စာနာရမယ်ဆိုတဲ့ အသိဟာ သူတို့လေးတွေရဲ့ ရင်ထဲကို ဝင်သွားခဲ့ပါပြီ။ ထမင်းမစားရရင် နေပါစေ၊ ကျောင်းပျက်ချင် ပျက်ပါစေ၊ လူသားချင်း စာနာစိတ်နဲ့ ထိရောက်အောင် ကူညီဖြစ်သွားဖို့ကသာ အဓိကပဲလို့လည်း တွေးနေကြမှာပါပဲ။လက်ရှိ အလှူခံနေတဲ့ နည်းလမ်းတွေထက် သာလွန်ကောင်းမွန်တဲ့ နည်းလမ်းတွေကို စိတ်ကူးထဲမှာ ရှာဖွေနေကြလိမ့်မယ်လို့လည်း ထင်မိပါတယ်။ အဲဒီကမှတစ်ဆင့် ဘာကြောင့်ရေကြီးရတာလဲ၊ ဘာကြောင့် ရာသီဥတု ဖောက်ပြန်ရတာလဲ၊ အဲဒီလိုမဖြစ်အောင် ကြိုတင်ပြီး ဘယ်လိုကာကွယ်သင့်သလဲ၊ ဖြစ်လာရင်တောင်မှ သက်သက်သာသာဖြစ်အောင် ဘာတွေကြိုတင် လုပ်ထားသင့်သလဲ၊ ဆုံးရှုံးမှု မကြီးမားအောင် ဘယ်လိုတားဆီးရမလဲဆိုတဲ့ အတွေးတွေဟာလည်း သူတို့ခေါင်းထဲမှာ လူးလာယှက်သန်းနေကြမှာပါပဲ။ ဒီလိုအခြေခံကျကျ တွေးခေါ်တတ်လာရာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကောင်းဆုံးဖြစ်အောင် တခြားလုပ်သင့်လုပ်ထိုက်တဲ့ အချက်တွေကိုလည်း သူတို့လေးတွေ စဉ်းစားလာမိကြပါလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ အတွေးစိတ်ကူး စိတ်သန်းတွေပေါ်မှာ မူတည်နေတယ်လို့ဆိုရင် ဘယ်လိုမှ မှားနိုင်မယ် မထင်ပါဘူး။ အခုတော့ အရင်တုန်းက မရခဲ့ဖူးတဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ရတဲ့ အခွင့်အရေးမျိုးကို ရလာရုံသာမက စာနာတရားရဲ့ အဓိပ္ပာယ်နဲ့ သွေးစည်းညီညွတ်ခြင်းရဲ့ အင်အားကိုလည်း သူတို့ ကောင်းကောင်းနားလည် သဘောပေါက်သွားကြပါပြီ။ရေကြီးတဲ့အတွက် ဆုံးရှုံးမှုတွေ များလှပေမယ့် ကိုယ့်နိုင်ငံအတွက် မဖော်ပြနိုင်လောက်အောင် တန်ဖိုးကြီးမားတဲ့ အမြတ်တစ်ခုကိုတော့ ရခဲ့ပါပေါ့လားလို့ သဘောပေါက်လိုက်မိပါတယ်။

Most Read

Most Recent