သောင်းတိုက်က ကြားစေသား (၁)

သောင်းတိုက်က ကြားစေသား (၁)
Published 9 August 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

ရာဇဂြိုဟ်ဆည်၏ လှိုင်းလုံးကြီးများသည် အရံအတားကိုကျော်ကာ မြင်မြင်သမျှကို ရေစီးဖြင့် ရိုက်ခတ်နှစ်မြှုပ်ပစ်လိုက်သည်။ မြစ်ပြင်ကျယ်၊ ချောင်းပြင်ကျယ်တို့မှ ရေများသည် အတားအဆီးမရှိ ဝင်ရောက်ထိုးဖောက်ကာ ကုန်းမြေကို သိမ်းပိုက်လိုက်ကြ၏။ နှစ်ပေါင်းများစွာ စည်းမဲ့ကမ်းမဲ့ တောပြုတ်တောင်ပြုန်း သစ်ခုတ်ခဲ့သည့်ဒဏ်၊ လူတစ်စု လူတစ်တန်းစား ကြီးပွားချမ်းသာရေးအတွက် ထင်ရာလုပ်ခဲ့ခြင်းများကို တစ်တိုင်းတစ်ပြည်လုံး ရင်စည်းခံနေကြရချေပြီ။ သို့ရာတွင် မြန်မာပြည်သူတို့၏ အရေးကြီးသွေးစည်းသည့် စိတ်ဓာတ် ကိုယ်ကျိုးမဖက် ရဲရင့်စွန့်လွှတ်သည့် စိတ်ဓာတ်ကား အံ့ချီးမကုန်။ ပြည်သူကို ကူညီနေကြသော လူထုလူတန်းစား အဖွဲ့အစည်းစုံ၊ တပ်မတော်သားများ၊ မီးသတ်ရဲဘော်များ အသက်ပါ အဆုံးရှုံးခံနေကြသည့် အလှူရှင်များ၏ မွန်မြတ်သည့် စိတ်ဓာတ်ကား မြင့်မားလှပါဘိ။ ဤအရေးတော်ကြီးအတွင်း မိမိတတ်စွမ်းသမျှ ပါဝင်လှူဒါန်း ဆောင်ရွက်နေရာမှ အရေးပေါ်ကိစ္စဖြင့် ဟောင်ကောင်သို့ ကျွန်တော် ရောက်ရှိခဲ့ရပါသည်။သပ်ရပ်သန့်ရှင်းသော လမ်းကျယ်များ၊ နှစ်ထပ်ဘတ်စ်ကားများ၊ မိုးထိတိုက်ကြီးများကြားတွင် ရတတ်သမျှ နေရာတိုင်း၌ သစ်ပင်တောအုပ်ငယ်များ စိုက်ပျိုးဖြစ်ထွန်းနေသည်။ အပူချိန်ကား ၃၃°C။ မန္တလေးက ကျွန်တော် ထွက်လာတော့ ၃၀°C။ကျွန်တော့်ခရီးဆုံးကား ဟောင်ကောင် ကောင်းလွန်ရပ် မာဂရက်မင်းသမီးလမ်းရှိ အာရှလူ့အခွင့်အရေး ကော်မရှင် (Asian Human Rights Commission) ရုံး ဖြစ်သည်။ ရုံးမှာ သိပ်မကြီးလှ၊ သပ်ရပ်လှပသော အကန့်ငယ်များ၊ အခန်းငယ်များ ဖွဲ့စည်းထားသည်။ ရုံးအဖွဲ့ဝင်များကား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အသွေးအရောင်ပေါင်းစုံ။ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံသားများ၊ ဟောင်ကောင်ဒေသခံများ၊ မြန်မာ၊ ဆွီဒင်၊ သြစတြေးလျ၊ အမေရိကန် နိုင်ငံသားများ။ ဤရုံးကလေး၏ အမည်နာမတွင် ပူးဝင်နေသည့် စိတ်ဓာတ်ကား တိုက်ပွဲဝင်စိတ်ဓာတ် အမှန်တရား ချစ်မြတ်နိုးသည့်စိတ်ဓာတ် ဖြစ်သည်။ ဤရုံး၏ ဝိညာဉ်အောက်မှ အာရှတိုက်သားများ ဥရောပတိုက်သားများ အာဏာရှင် ဆန့်ကျင်ရေးအတွက် အစည်းအဝေးများ၊ ဆွေးနွေးပွဲများ ညီလာခံများ ကျင်းပခဲ့ကြသည်။ ဤရုံးသို့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ဆရာဦးအောင်သိန်းနှင့် ကျွန်တော်။ ‘ပြစ်မှု တရားစီရင်ရေး အဆောက်အအုံများ’ Criminal Justice Institution အလုပ်ရုံဆွေးနွေးပွဲသို့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါတို့မှ ရှေ့နေများ၊ သတင်းသမားများနှင့်အတူ တက်ရောက်ခဲ့ကြသည်။ အိန္ဒိယမှ ပါလီမန် အမတ်တစ်ဦးနှင့် ပြည်နယ်ရဲမင်းကြီးတစ်ဦး ပါဝင်သည်။၅-၈-၂၀၁၅ ယခု ခရီးစဉ်ကား ကျွန်တော်၏ တစ်ကိုယ်တော် ခရီးစဉ်၊ ရေရှည်လုပ်ငန်းစဉ်များအတွက် ပြင်ဆင်ညှိနှိုင်းသည့် ခရီးစဉ်အပြင် အကဲဖြတ်သုံးသတ်မှုများတွင် အကြံပြုရန်လည်း ပါဝင်သည်။ ဟောင်ကောင်လေဆိပ်မှ AHRC ဝန်ထမ်းအိမ်ရာကို ကျွန်တော်ရောက်တော့ ညနေ ၆ နာရီခွဲပြီ။ ဝန်ထမ်းအိမ်ရာရှိရာ အရပ်မှာ ထိုင်ဝိုရပ်ကွက်ကြီးရှိ ပင်လုံဟု အနီးစပ်ဆုံး အသံထွက်နိုင်သည့် ရပ်ကွက်ကလေးဖြစ်သည်။ စိမ်းစိုညို့မှိုင်းသည့် တောင်တန်းအခြေတွင် ရှိသည်။ သုံးထပ်တိုက် မြေညီခန်းတွင် ကျွန်တော် နေရာရသည်။ အခြားအခန်းများတွင် မြန်မာနိုင်ငံမှ နိုရင်းနှင့် ပါကစ္စတန်နိုင်ငံ ကရာချီမှ သုတေသီ ရှေ့နေအမျိုးသမီးငယ်တို့ နေသည်။ ဧည့်ခန်းစားပွဲမှ ကျွန်တော် လေးစားချစ်ခင်သော သီရိလင်္ကာနိုင်ငံသား တရားသူူကြီး၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာ ဆရာ၊ လူ့အခွင့်အရေး တက်ကြွသူ Basil Fernando ၏ စာအုပ်ငယ်တစ်အုပ် ‘သီရိလင်္ကာတွင် ဥပဒေအသိပညာ၏ ကျဆုံးခန်း’ (Deterioration of the Legal Intellect in Sir Lanka) ကိုတွေ့သဖြင့် ကောက်ယူ ဖတ်ရှုမိသည်။ ရည်ညွှန်းချက်ကို ဖတ်လိုက်ရတော့ ကျွန်တော် စိတ်ထိခိုက်သွားမိသည်။ ‘ညှဉ်းပန်းနှိပ်စက်ခံရပြီး တရားလွှတ်တော်တွင် သက်သေမခံနိုင်စေရန် ၂၀၀၄ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဂျရဲလ်ဒ်ပါရီးရားသို့’ သူ့ကို သတ်ဖြတ်သူများ၏ အမှုကား ယခုတိုင် မပြီးသေး။ ‘မတရားပြုကျင့်ခံရပြီး တိုင်ကြားမှု ယခု ၁၄ နှစ်တိုင်တိုင် မပြီးသေးသူ အမျိုးသမီးငယ်လေး ရီတာသို့’၊ ‘မတရားနှိပ်စက်သူ ရဲအရာရှိများကို အမှုဖွင့်သဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသူ ပရီမယ်လယ်ဒီဆီးလ်ဗားနှင့် မိဘနှစ်ပါးသို့’ ‘အားလုံး လက်စားချေ သတ်ဖြတ်ခံခဲ့ရသည်’ နှင့် တရားစီရင်ရေးစနစ်၏ ချို့ယွင်းချက်ကြောင့် ဒုက္ခခံစားနေရသည့် ထောင်ပေါင်းများစွာသော သီရိလင်္ကာ ပြည်သူများသို့’ ဟု ညွှန်းဆိုရေးသားထားသည်။စာအုပ်ကို ဖတ်ကြည့်လိုက်တော့ အဖြစ်အပျက်များကား တုန်လှုပ်ချောက်ချားဖွယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် သီရိလင်္ကာနိုင်ငံ ဝဏ္ဏပူဝါမြို့ရှိ လူနူဝီလာဆေးရုံမှ သွားဘက်ဆိုင်ရာ အမျိုးသမီးဆရာဝန်၊ ၎င်း၏ ခင်ပွန်းလုပ်ငန်းရှင်၊ ၁၅ နှစ်အရွယ် သမီးနှင့် ၁၃ နှစ်အရွယ် သားလေးတို့မှာ ပုဆိန်ဖြင့် ရက်စက်စွာ ခုတ်သတ်ခံရသည်။ မသင်္ကာသူကို စီအိုင်ဒီရဲအရာရှိ သုံးဦးက နောက်ပြန်လက်ထိတ်ခတ်ခေါ်လာရာ မအိုရာမြစ်အတွင်းသို့ ခုန်ချသတ်သေသွားသည် ဟူ၏။ အမှုကြီးများတွင် တရားခံများမှာ ရဲအစောင့်အရှောက် အပြည့်အစုံဖြင့် ရုံးထုတ်လာစဉ် ခုခံသဖြင့် ပစ်သတ်လိုက်ရခြင်း သို့မဟုတ် ကိုယ့်ကိုကိုယ် သတ်သေခြင်းများ အမြဲတစေ ဖြစ်ပွားလေ့ ရှိသည်ဆို၏။ သြော် ‘ကိုပါကြီး’ တွေကား အာရှတိုက် အနှံ့ပါတကား။ အဆိုပါ ချောက်ခြားဖွယ်ဖြစ်ရပ်များကို တစ်ထိုင်တည်း ဖတ်မိလိုက်သည်။ဘာဆဲလ် ဖာနန်ဒိုမှာ တောင်ကိုရီးယား ကွမ်ဂျူ လူ့အခွင့်အရေးဆု၊ ၂၀၁၁ လူ့အခွင့် အရေးဆုနှင့် နိုဘယ်လ်ဆု အမျိုးအစား တမျိုးဖြစ်သော ရှင်သန်ခွင့်ဆုကို ၂၀၁၄ တွင် ရရှိထားသူဖြစ်သည်။၆ ရက်နေ့ မနက်ခင်းတွင် ဘာဆဲလ်ကို သူ၏ ရုံးခန်းအတွင်း သွားရောက်နှုတ်ဆက်သည်။ ပုပု၀၀ မျက်နှာဝိုင်းဝိုင်းစက်စက် ညိုမှောင်သောအသား၊ ဖွေးဖွေးလှုပ်သော ဆံပင်ဖြူများနှင့် ပြုံးရောင်သန်းနေသည့် ဤအသက် ၇၀ ကျော်အရွယ် အဘိုးကြီး၏ မျက်နှာမှာ ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိကို ဖော်ကျူးနေသည်။ ဝိုင်းစက်ပြူးကျယ်သော မျက်လုံးများတွင် ကရုဏာရိပ်သန်းနေ၏။ သတ္တိပြောင်လှသော ဤအဘိုးကြီးကို ကျွန်တော် လေးစားရုံမက ဦးကြီးအရင်းသဖွယ် ကြည်ညိုချစ်ခင်မိပါသည်။ ဤသီရိလင်္ကာ တရားလွှတ်တော် တရားသူကြီးသည် အကျဉ်းနည်းဖမ်းဆီး သတ်ဖြတ်မှုများ၊ တရားမဝင် ပျောက်ဆုံးသွားမှုများကို တရားခွင်မှ ခြေရာခံမိသည်။ တွေ့ရှိသည့် အစများကို ဆွဲထုတ်သည်။ ဖော်ထုတ်သည်။ အာဏာရှိသူတို့၏ တရားလက်လွတ် လုပ်ရပ်များ ပွင့်ကျသည်။ ဤသို့ဖြင့် နောက်တစ်ကြိမ် တရားမဝင် ပျောက်ဆုံးရမည့်သူမှာ သူကိုယ်တိုင်ဖြစ်ကြောင်း ကြိုသိလာရချိန်တွင် သူ၏ချစ်သော အမိမြေကို စွန့်ခွာခဲ့ရသည်။ ရောက်ရောက်ချင်းပင် ဘာဆဲလ်က ကျွန်တော့်ကို တာဝန်ပေးသည်။ မြန်မာနိုင်ငံဆိုင်ရာ စာတမ်းတစ်စောင်ကို လေ့လာမှတ်ချက်ပေးရန် ဖြစ်သည်။ သူကိုယ်တိုင်က ဥပဒေပြုပြင်ရေးကဏ္ဍကို အဓိကထား ဝေဖန်မည်ဆိုသည်။ ကျွန်တော်လည်း အဆိုပါ လက်ခံစာတမ်းကိုယူကာ ကျွန်တော့်အခန်းသို့ လာသည်။ AHRC ဒါရိုက်တာ ဘီဂျိုဖရန်စစ်က ကျွန်တော်လုပ်ရမည့် လုပ်ငန်းစဉ်များကို ရှင်းပြသည်။ အမှန်အားဖြင့် သူတို့က ကျွန်တော့်ကို နှစ်လနေစေချင်သည်။ ကျွန်တော်က မနေနိုင်။ ၁၀ ရက်သာ နေနိုင်သည်။ သာယာဝတီ သပိတ်မှောက် ဗကသ ကျောင်းသားများအမှု၊ ပြင်ဦးလွင်ခရိုင် ရေပူဆရာတော်အမှု၊ အမရပူရ ဗကသကျောင်းသားများအမှု၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် Daily Eleven သတင်းစာအမှု၊ မတ္တရာ ကန့်ဘလူ မြေသိမ်းခံတောင်သူများအမှု၊ ဤအမှုများ ရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ် ပေါ်ပေါက်လာမည့် ‘လွတ်လပ်သော မြန်မာနိုင်ငံ ရှေ့နေအသင်းကြီး’ (Independent Lawyers Association of Myanmar - ILAM) ပေါ်ပေါက်လာစေရေးအတွက် မန္တလေးတိုင်းရှေ့နေ ရွေးကောက်ပွဲ ကော်မရှင်တွင် ကျွန်တော်ပါဝင်နေသည်။ စက်တင်ဘာလတွင် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပတော့မည်။ကျွန်တော်က AHRC မှ ထုတ်ဝေသော Article 2 နှင့် Torture မဂ္ဂဇင်းတို့နှင့် တွေ့ ဆုံရမည်။ AHRC အင်္ဂလိပ်ရုပ်သံလွှင့် အစီအစဉ်နှင့် တွေ့ဆုံမည်။ လာမည့် Article 2 စာစောင်တွင် ကျွန်တော် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ‘The Legacy of Dictatorship in Myanmar Legal System’ ‘မြန်မာ တရားစီရင်ရေး နယ်ပယ်မှ အာဏာရှင်စနစ်၏ အမွေ’ ဆောင်းပါးပုံနှိပ်ဖော်ပြမည်။ Al Jazeera မှတစ်ဆင့် တွေ့ဆုံမည်။ ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခနှင့် ပါရဂူတန်းတက် ကျောင်းသားများနှင့် တွေ့ဆုံမည်။ AHRC တွင် ကျွန်တော် ဖတ်ရမည့် လေ့လာရမည့် စာအုပ်စာတမ်းများ တစ်ပုံကြီး။ ထို့အပြင် လာမည့်တနင်္လာနေ့တွင် AHRC တစ်ဖွဲ့လုံးအား တရားဥပဒေပြုပြင်ရေး (Legal Reform) ဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံလုံးဆိုင်ရာ ရှေ့နေအသင်းကြီးအကြောင်း တင်ပြရမည်။ ဘီဂျိုးဖရန်စစ် AHRC ၏ ‘Judicial Response to Socio Economic and Cultural Rights: An Indian Perspective’ (လူမှုစီးပွားနှင့် ယဉ်ကျေးမှု အခွင့်အရေးအပေါ် တရားရေးနယ်ပယ်၏ တုံ့ပြန်ချက်-အိန္ဒိယအမြင်) စာတမ်းငယ်ကို ဘာသာပြန်ရန်နှင့် ဝေဖန်မှတ်ချက်ပြုရဦးမည်။ အရေးအကြီးဆုံးကား မကြာခင် မုန်တိုင်းလာပေတော့မည်။ ကုန်းခေါင်ခေါင် မန္တလေးတွင် ရေဘေးလွတ်ခဲ့သော်လည်း ဟောင်ကောင်တွင် မုန်တိုင်းနှင့် ပက်ပင်းတိုးတော့မည်လား မသိ။

Most Read

Most Recent