လူငယ်တွေ တော်ပါပေ၏

လူငယ်တွေ တော်ပါပေ၏
Published 8 August 2015
မောင်တင်ဦး (မြောင်းမြ)

ရေအောက်ကလူတွေ
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မုံရွာ၊ ရွှေဘို၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဟင်္သာတ၊ မြောင်းမြ၊ ညောင်တုန်း၊ မကွေးတိုင်း၊ ဆိပ်ဖြူ၊ ပဲခူးတိုင်း၊ ပြည်မြို့၊ ပွင့်ဖြူ၊ ရခိုင်ပြည်နယ်၊ မင်းပြား၊ မြောက်ဦးမြို့ စတဲ့ တိုင်းဒေသကြီး ၁၄ ခုအ နက် ၁၁ ခုမှာ ရေဘေးသင့်နေတယ်။ မကြုံ စဖူး ရာသီဥတုဖောက်ပြန်မှု၊ ဘင်္ဂလားပင်လယ်က မုန်တိုင်းဒဏ်တိုက်ခတ်မှုတို့ကြောင့် မြန်မာနိုင်ငံရှိ ဒေသအတော်များများ ရေအောက်ရောက်ကုန်ကြတယ်။ ဒေသခံပြည်သူတွေ ဘယ်လောက် ရေအောက်ရောက်ကုန်ပြီလဲ။ ကျွဲ၊ နွားတိရစ္ဆာန်တွေ ဘယ်လောက် သေကုန်ပြီလဲ။ သူ့ဒေသဖြစ်တာ။ ကိုယ့်ဒေသလုံခြုံရင်ပြီးတာပဲ သဘောထားကြမလား။ ရေအောက်ကလူတွေကို ဘယ်သူတွေ ကယ်ကြမလဲ။
 
ရေဘေးအလှူခံ
 
လှည်းတန်းတစ်ဝိုက် ထုံးစံအတိုင်း လူတွေ ကျပ်ပိတ်သိပ်နေတယ်။ ခုံးကျော်တံတားအောက်က ယခင်တံတားမဆောက်မီထက် ပိုကျပ်သွားသလိုပဲ။ ဒါ့ပြင် ဒီနေ့မှ ပိုကျပ်နေတာ။ တူညီဝတ်စုံတွေ ဝတ်စားတဲ့ ဆယ်ကျော်သက်ရွယ်လူငယ်တွေ။ ဖလားကိုင်သူကကိုင်။ ပလတ်စတစ်အစကို ခွက်ပုံလုပ်ပြီးကိုင်သူက ကိုင်။ မောင်းထောင်ချိုင့် ကိုင်သူကကိုင်။ ရေဘေးအလှူခံပါတယ်။ Save Myanmar ။ လက်တစ်ဖက်ကမ်းကြပါ။ စတဲ့ ဆိုင်းဘုတ်တွေ၊ ဗီနိုင်းတွေ ထောင်ထားတာလည်း တွေ့ရတယ်။
 
လှူတဲ့သူတွေကလည်း ပိုက်ဆံအိတ်ကို ဖွင့်ထားပြီး လက်နဲ့စွဲမိတဲ့ ငွေစက္ကူကို ဆွဲယူကာ အလှူခံဖလားထဲ ထည့်လိုက်ကြတယ်။
 
ဘယ်လောက်ထည့်မိလည်း သတိမထားတော့ဘူး။ ပိုက်ဆံအိတ်ထဲပါသမျှ ကုန်သည်အထိ တွေ့သမျှလှူမယ်လို့ စိတ်ကူးထားပုံရတယ်။
 
လှူသူက သဒ္ဓါစိတ်ထက်သန်နေတာက ပျော်လို့ မဟုတ်ဘူး။ သိန်းထီပေါက်ထားလို့ မဟုတ်ဘူး။ သတင်းကောင်းကြားရလို့ မဟုတ်ဘူး။
 
ကြားရတဲ့သတင်းတွေက နည်းနည်းလေးမှ စိတ်ချမ်းသာစရာမရှိဘူး။ ရေဘေးကြောင့် ရေနစ်တဲ့ အန္တရာယ်သာမကဘူး။ မြွေအန္တရာယ်၊ လျှပ်စစ်အန္တရာယ်၊ သူခိုးလူဆိုး ဓားပြအန္တရာယ်။ အန္တရာယ်တွေက ဘေးဘီဝဲယာမှာ ဝိုင်းနေတယ်။ အဲဒီအထဲက အဆိုးဆုံးအန္တရာယ်က လူသားချင်းမစာနာတတ်တဲ့ အန္တရာယ်က အကြီးဆုံးပဲ။
 
ရေဘေးသင့်နေတဲ့ဒဏ်ကို ခံရတာက ရေတက်လာချိန် တစ်ချိန်တည်းမဟုတ်ဘူး။ ရေကျသွားပြီး မိမိ အိုးအိမ်၊ မိမိ မိသားစု ပြန်လည်တည်ထောင်ရေးက ကြာရှည်တဲ့ နာတာရှည်ရောဂါတစ်ခုလိုပဲ။ ဒါကို လူသားချင်းစာနာစိတ်ရှိတဲ့ လူတွေက နားလည်တယ်။
စာနာတယ်။ လက်ရှိခံစားနေရသူ (Victim)တွေနဲ့ ထပ်တူနာကျင် ခံစားရတယ်။ 
 
လူငယ်ဆိုတာ မြန်မာ့လူမှုရေးအရ လူကြီးတွေ ဦးဆောင်မှ လုပ်တတ် ကိုင်တတ်ကြတယ်။ ဗဟိုဦးစီးပုံစံမှ ခေါက်ရိုးကျိုးနေတဲ့ လူငယ်တွေအပါအဝင် ပြည်သူတစ်ရပ်လုံးက အထက်မှချပေးတဲ့ စီမံကိန်းတွေ၊ စီမံချက်တွေကိုသာ အကောင်အထည်ဖော်တတ်တာ။ 
ကိုယ်ကိုယ်တိုင်စပြီး  Initiate မလုပ်တတ်ဘူး။ Initiate လုပ်တဲ့လူဆိုလည်း ဗဟိုဦးစီးကျင့်သုံးတဲ့ အထက်လူကြီးရဲ့ ငြိုငြင်မှုကို ခံရမယ်။ အာဇာနည်နေ့ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆို ကလေးအချို့၊ လူငယ်အချို့က သိတောင်မသိဘူး။ နောက်ပိုင်း အစိုးရက၊ ဗဟိုက အာဇာနည်နေ့ကို ကလေးဂရုပြုကာ အသိအမှတ်လည်း ပြုလည်းပြုရော၊ ဘာပြောကောင်းမလဲ ရုံးတွေ၊ ကျောင်းတွေ၊ ဌာနဆိုင်ရာတွေ အာဇာနည်နေ့ကို အလုအယက်၊ အပြိုင်အဆိုင် လုပ်ကြတော့တာပဲ။ ဒါဟာ ဗဟိုဦးစီးကို လက်ခံထားကြဆဲ ခိုင်းမှလုပ်တတ်တယ်ဆိုတာ ပြနေတာပဲ။
 
ဒီလိုမလွတ်လပ်တဲ့၊ ဗဟိုရဲ့အုပ်ချုပ်မှ လှုပ်ရှားရတဲ့အခြေအနေအောက်မှာ လူငယ်တွေရဲ့ ထိုးဖောက်ကြိုးပမ်းမှုဟာ ချီးကျူးရမယ်။ ဂုဏ်ပြုရမယ်။ မှတ်တမ်းတင်ရမယ့် လုပ်ရပ်ဖြစ်တယ်။
 
လူငယ်ဆို လူကြီးတွေက သိပ်အထင်ကြီးကြတာ မဟုတ်ဘူး။ သိပ်လူရာသွင်းချင်တာ မဟုတ်ဘူး။ ခိုင်းတာပဲ လုပ်စေချင်တယ်။ ပြောတာပဲ နားထောင်စေချင်တယ်။ သွားခိုင်းတဲ့နေရာကိုပဲ သွားစေချင်တယ်။ အထွန့်တက်တာ မကြိုက်ဘူး။ စကားပြောတတ်တာကို မကြိုက်ဘူး။ လက်ညှိုးထောင် ခေါင်းညိမ့် လူငယ်တွေပဲ လိုချင်တယ်။ ဒီလိုလူမှုဝန်းကျင် (Atmosphere) အောက်မှာ၊ ကွန်ပျူတာရှေ့ထိုင်၊ ဂိမ်းကစား။ ဒါမှမဟုတ် Chatting ထိုင်။ ရည်းစားစကားပြော။ Mobile Phone ဖွင့် ဂိမ်းပွတ်။ Phone နဲ့ သူငယ်ချင်းချိန်း။ ဘီယာဆိုင်ထိုင်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ အချိန်ဖြုန်းနေကြတဲ့လူငယ်တွေကိုပဲ တွေ့နေ ကြားနေခဲ့တာ။ ကားအပြိုင်အဆိုင်မောင်း၊ အုပ်စုဖွဲ့ ချိန်းရိုက်တဲ့ လူငယ်တွေလည်း ရှိသေးတယ်။ တကယ်ဆို အရိပ်အောက်မှာ လေအေးပေးစက်အောက်မှာ၊ ပန်ကာအောက်မှာ ချွေးမထွက်ဘဲ အိမ်မှာ စမတ်ကျကျနေနိုင်ကြတဲ့ လူငယ်တွေ။
 
လူငယ့် အားမာန်
 
ခုတော့ နေကပူလိုက်၊ မိုးကရွာလိုက်၊ လေစိမ်းတိုက်လိုက်။ အမိုးအကာမပါအောက်မှာ မောပန်းနွမ်းနယ်ချင်စရာ။ ဒါပေမဲ့ လူငယ်တွေရဲ့မျက်နှာက ပြုံးလို့ရွှင်လို့။ တက်ကြွနေတယ်။ အားမာန်အပြည့်ပဲ။ တစ်ယောက်က ပြောတယ်။ “ကလေးမြို့မှာ ရေကြီးနေလို့။ လူတွေ ဒုက္ခရောက်နေပြီ တတ်နိုင်သမျှ လှူ ဒါန်းကြပါ။ ကလေးမြို့ကလူတွေက ကျွန်မတို့ ရဲ့လူသားဆွေမျိုးတွေပါ။ သူတို့ဒုက္ခရောက်နေတာ ကျွန်မတို့ ဆွေမျိုးဒုက္ခရောက်သလိုပါပဲ။ ကျွန်မတို့ဒုက္ခလို့ ခံစားရပါတယ်။”
 
လူငယ်တွေတစ်ယောက်နဲ့ တစ်ယောက် ပြောပုံ အလှူခံပုံချင်း မတူကြဘူး။ ကိုယ့်ဆန္ဒ နဲ့ကိုယ် လွတ်လွတ်လပ်လပ်ပြောဆို အလှူခံကြတာကိုး။ ဒါပေမဲ့ သူတို့မှာ တူညီတာတစ်ခု ရှိတယ်။ မြန်မာပြည်ထဲက ပြည်သူတစ်ဦးတစ်ယောက်ရဲ့ ဒုက္ခဟာ မြန်မာပြည်သားတိုင်းရဲ့  ဒုက္ခ။ မြန်မာပြည်ထဲက မြို့တစ်မြို့ဆီမှာရှိတဲ့ ပြည်သူတစ်ယောက်စီရဲ့ဒုက္ခဟာ လူငယ်တွေရဲ့ ဒုက္ခလို့ ခံယူထားတာ။ ဆိုတော့ လူငယ်တွေကို သိပ်စည်းရုံးစရာမလိုဘူး။ Form တင်လျှောက်စရာမလိုဘူး။ ဗဟိုဦးစီးစနစ် ပုံစံအောက်ကလို ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ တောင်းစရာမလိုဘူး။ ခွင့်ပြုချက်တောင်း၊  အစည်းအဝေးထိုင်၊ ဆုံးဖြတ်ချက်ချ၊ တာဝန်ပေးဖို့ စာထုတ်၊ ဒီလိုနဲ့ ရေနစ်နေတဲ့လူ အသက်ထွက်နေပြီ။
 
ခုတော့ စိတ်တူကိုယ်တူ ဆုံးဖြတ်ပြီး တက်တက်ကြွကြွလုပ်ငန်းကို ချက်ချင်းစလိုက်ကြတယ်။ အချိန်နဲ့အမျှ အရေးကြီးနေတဲ့အချိန်။ တာဝန်အသီးသီး ခွဲယူလိုက်ကြတယ်။ ကားရှိတဲ့လူငယ်က ကားစိုက်တယ်။ ငွေကြေးတတ်နိုင်သူက သုံးစရာရှိတာကို ငွေစိုက် ထုတ်သုံးတယ်။ အလှူငွေရသမျှကို အသားတင်လှူနိုင်ဖို့၊ အလှူငွေထဲက တစ်ပြားတစ်ချပ်မှ ထုတ်မသုံးဘူး ဆုံးဖြတ်ထားတယ်။ ဘယ်လောက်မွန်မြတ်လိုက်သလဲ။
 
ခုဆို ရန်ကုန်မြို့လမ်းတိုင်းမှာ၊ ရပ်ကွက်တိုင်းမှာ၊ ရေဘေးအလှူခံမဏ္ဍပ်တွေနဲ့ လူငယ်တွေ အလှူခံနေကြပြီး ပြည်သူကို၊ လူသားကို လူလိုချစ်တတ်ကြတဲ့လူငယ်တွေက လုပ်ငန်းနဲ့တစ်ဖုံ၊ လှုပ်ရှားမှုနဲ့ တစ်နည်း ပြည်သူကို ချစ်ပြနေပြီ။ ပြည်သူကို ကယ်တင်နေပြီ။ သူတို့ဟာ တာဝန်ပေးခံရသူတွေ မဟုတ်ဘူး။  ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် တာဝန်ကိုယူကြ တာ။ ဘာကြောင့်လဲ။ တာဝန်သိတတ်တဲ့ စိတ်ကြောင့်ပဲ။ တာဝန်သိတတ်သူဟာ တာဝန်ယူရဲတယ်။ တာဝန်ကို မသိတတ်တဲ့သူက တာဝန်မှ ရှောင်ကြတယ်။
 
ဘာပဲဖြစ်ဖြစ် အဆိုးထဲက အကောင်းဆိုတာ ထွက်လာတတ်တာပဲ။ လူငယ်တွေရဲ့ ပရဟိတစိတ်၊ စီမံခန့်ခွဲတတ်မှု၊ ခေါင်းဆောင် နောက်လိုက်မခွဲခြားဘဲ ကျရာတာဝန်ယူတဲ့ စိတ်၊ ပြည်သူကို ချစ်တတ်တဲ့စိတ်၊ မျိုးချစ်စိတ်လို့ အသံကောင်းဟစ်မပြဘဲ အလုပ်လုပ်ပြရင်း ချစ်ပြတဲ့စိတ်၊ ရေခြား ဒေသခြားပေမယ့် သံယောဇဉ်ထားပြတဲ့စိတ်။ ဒီစိတ်တွေ နဲ့ ပြည့်လျှမ်းနေတဲ့လူငယ်တွေကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ပါတယ်။ ဒီလိုစိတ်ဓာတ်ကောင်းတွေရှိတဲ့ လူငယ်တွေနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်လိုက်ကြရင်ဖြင့် ဒီတိုင်းပြည် တိုးတက်လာမှာ မလွဲဧကန်ဖြစ်ကြောင်းပါ။

Most Read

Most Recent