(၁)
“ပရိတ်ကြီး” ဟုဆိုလျှင် ဘာသာရေးနှင့် အလှမ်းမဝေးသူ မြန်မာတိုင်းသိပြီး ကြားပြီး ဖြစ်ကြသည်။ အချို့လူပုဂ္ဂိုလ်များဆိုလျှင် ပရိတ်ကြီး ၁၁-သုတ်လုံးကို အလွတ်ကျက်ပြီး သရဇ္ဈာယ်ကြသူများပင် ရှိသည်။ ၁၁ -သုတ်လုံး အကုန်မရစေကာမူ မေတ္တသုတ်လောက်ကိုတော့ အတော်များများ ရကြ၊ ရွတ်ကြသည်။ အဓိကသုတ် ၁၁-သုတ် မတိုင်မီ ပရိတ်ကြီး နိဒါန်းဆိုတာ ရှိသေးသည်။ “သမန္တာ စက္က ဝါဠေသု” ဖြင့်စ၍ “ရာဇတောဝါ၊ စောရတောဝါ” စာပိုဒ်ဖြင့် ဆုံးသည်။
ကိုရင်ငယ်ဘဝက “ရာဇတောဝါ၊ မင်းဘေးမှ လည်းကောင်း၊ စောရတောဝါ၊ ခိုးသူဘေးမှ လည်းကောင်း” စသည်ဖြင့် အနက်ကိုပါ ကျက်မှတ်ခဲ့ဖူးသည်။ ထိုစဉ်က သူခိုးဘေးတို့၊ မီးဘေးတို့ကို ဘေးမှန်းလည်း သိခဲ့သည်။ ကြောက်ရကောင်းမှန်းလည်း သိခဲ့သည်။
မင်း ဘေးတို့၊ ရေဘေးတို့ဆိုသည်ကိုတော့ နားလည်ခံစား၍ မရခဲ့။ တိုင်းပြည်အုပ်ချုပ် မင်း လုပ်နေတဲ့ ရှင်ဘုရင်ကြီးကို ဘာဖြစ်လို့ ဘေးထဲ ထည့်ထားတာပါလိမ့်။ ငါတို့ရဲ့ အသက်သခင်ကို ဘာဖြစ်လို့ ဘေးထဲထည့်ထားတာပါလိမ့်။ နားမလည်ခဲ့ရိုးအမှန်။
ငယ်ငယ်ကတော့ မိုးရွာရင် ပျော်ဖို့ပဲသိသည်။ မိမိတို့ အညာဒေသ၌ မိုးဆိုသည်က ရှားပါးပစ္စည်းဖြစ်ရသည့်အထဲ ရွာပြီဆိုလျှင်လည်း မိုးရေချိန် လက်မအနည်းငယ်သာ ရွာသွန်းတတ်သည်မို့ မိုးကြီးရေကြီး၏ အန္တရာယ်ကို မခန့်မှန်းနိုင်ခဲ့တာလည်း ပါပါလိမ့်မည်။
ခုတော့ အရွယ်ကလေးကလည်း ရခဲ့ပြီ။ သက္ကရာဇ်တွေကိုလည်း အတော်အတန် ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ ဘေးအမျိုးမျိုး ရန်အသွယ်သွယ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးပြီ။ ကျမ်းဂန်တို့၌ ပြထားသည်က “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ ဆိုးမိုက်သော အမွေစား အမွေခံ”တဲ့။ ရန်သူမျိုးက ငါးပါးတောင်ရှိသည်။ ခုတော့၊ ထိုငါးပါး၏ ဘေးကိုလည်း ပုံသဏ္ဌာန်မျိုးစုံဖြင့် ကြုံခဲ့ရဖူးပြီ။ တစ်ချက်တစ်ချက် ထလှုပ်သော ငလျင်ဘေးကိုပါ နှစ်သိမ့်ဆုအဖြစ် ရင်ဆိုင်ခဲ့ရဖူးပြီ ဆိုတော့၊ ဘေးအမျိုးအစားတွေက လိုသည်ထက်ပင် ပိုနေခဲ့ပါပြီ။ ပြောကြစတမ်းဆို အနီးအနားမှာ မီးတောင်မရှိသည်ကိုပဲ ကျေးဇူးတင်နေရသေးသည်။ နို့မို့ဆို အချိန်မရွေး ထပေါက်ကွဲနိုင်သည် မဟုတ်ပါလား။
(၂)
မှတ်မှတ်ရရ အာဇာနည်နေ့မတိုင်မီ တစ်ရက်က မုံရွာသို့ ခရီးသွားဖြစ်သည်။ မြင်းမူကို ကျော်ကတည်းက မိုးနှင့်တန်းတွေ့သည်။ ကောင်းကင်ကို မော့ကြည့်မိတော့ မိုးက အတော်နှင့် စဲမည့်ပုံမပေါ်။ စွေမိုး။ မိမိတို့ မန္တလေးက ထွက်လာတော့ မန္တလေးမှာ နေပူလို့ကောင်းဆဲ။ ကောင်းကင်ကြီးကလည်း ကြည်ကြည်လင်လင်ကြီးပဲ ရှိသေးသည်။ ဒီဘက်မှာတော့ မိုးတွေဘာတွေတောင် စွေလို့။ တယ်ဟုတ်ပါလားလို့တောင် တွေးလိုက်မိသေးသည်။ ထိုမိုးက မုံရွာအထိလည်း ရွာနေဆဲ။ ပြန်တော့လည်း မိုးထဲမှာပဲ ပြန်လာခဲ့ရသည်။ မိုးက တစ်လမ်းလုံး ရွာလိုက်၊ တိတ်လိုက်။
မန္တလေးပြန်ရောက်တော့မှ ထိုမိုး၏ အတိမ်အနက်ကို သဘောပေါက်သလိုလို ဖြစ်ရသည်။ ရွှေဘို၊ မုံရွာဘက်မှာလည်း ရွာသည်။ တန့်ဆည်၊ ရေဦးဘက်မှာလည်း ရွာသည်။ ကောလင်း၊ ကန့်ဘလူဘက်မှာတော့ ရေကြီးရေလျှံပြီး လူတွေ အတိဒုက္ခရောက်ကြ သည်တဲ့။ ပြောရမည်ဆို အစပိုင်း သတင်းက ဒီလောက်ပဲဖြစ်သေးသည်။ ဒီထက် ပိုမိုဆိုးရွားမည်ဟုလည်း မထင်ခဲ့မိသေး။
သို့ဖြင့် စစ်ကိုင်း နှစ် ၇၀၀ ပြည့်ပွဲတော်ရက်ကို ရောက်လာသည်။ ပွဲတော်ရက်မတိုင်မီ ရောက်လာသူက အင်ဂျလီနာဂျိုလီ မဟုတ်။ မိုးဖြစ်သည်။ အသင်္ခယာစောယွမ်းမင်း၏ ရုပ်တုကို ဖွင့်တော့ မိုးဇာတ်လမ်းက စပြီ။ ထီးကိုယ်စီ ဆောင်းပြီး မင်းကြီး၏ ရုပ်တုကို ဖွင့်လှစ်ကြရသည်။ မင်းကြီးလည်း ဘာမျှမတတ်နိုင်။ ကျောက်စီဓားကို လက်တစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ရင်း သတိအနေအထားဖြင့် ရပ်နေရရှာသည်။
ကလေး၊ ခန္တီး၊ မုံရွာ၊ ကသာ၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ကျေးရွာများ၌ ရေကြီးရေ လျှံဘေးဆိုက်ခဲ့သည်။ ရေလှောင်တမံတွေ ပွင့်ထွက်သည်။ တံတားတွေ ကျိုးသည်။ လယ်ဧကတွေ သိန်းဂဏန်းချီပြီး ဆုံးရှုံးပျက်စီးရသည်။ လူနေအိမ်များအားလုံး ရေမြုပ်သည်။
သတင်းဓာတ်ပုံတွေထဲမှာ အိမ်ခေါင်မိုးလေးတွေပဲ မြင်နေရတာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။ လူ့အသက် ဆုံးရှုံးမှုတွေ ရှိသည်။ ကျွဲတွေ၊ နွားတွေ အုပ်စုလိုက် ရေကူးနေသော ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွေပေါ် တက်လာသည်။ ရေနစ်နေသော ထရံကာ အိမ်လေးထဲမှ အပြင်ဘက်ကို ချောင်းကြည့်နေသော လူမမည်မောင်နှမ၏ ဓာတ်ပုံကို သနားစဖွယ် တွေ့ရသည်။ ကလေးမလေးတစ်ဦး ဇလုံထဲ ခွေးကလေးထည့်ပြီး သက်စွန့်ဆံဖျား ရေကူးလာသောပုံကို တွေ့ရသည်။ ရေကလည်ပင်းကို မြုပ်နေပြီ။ ပါးစပ်ထဲက ရေတွေကို ဖရူးဖရူး အန်ထုတ်နေရသည်။ ခေါင်းထက်က ဇလုံလေးထဲမှာ မိုးမိပြီး ချမ်းနေရှာသော ခွေးပေါက်စလေးတစ်ကောင်။ မြင်ရတာ ထိထိခိုက်ခိုက် ရှိလှသည်။
(၃)
အဆက်မပြတ် ရွာသွန်းနေသောမိုးက တိတ်သည်မရှိ။ ရေကြီးရေလျှံသတင်းတွေက ရပ်သည်မရှိ။ ချင်းပြည်နယ်ဘက်မှာ မိုးက ပိုသည်းထန်ပုံရသည်။ ဟားခါးနှင့် တီးတိန်တို့တွင် တောင်ပြိုမြေပြိုအဖြစ်ဆိုး တွေကြုံရသည်။ ချင်းတောင်ခြေရှိ ဂန့်ဂေါ၊ ကလေးတို့၌လည်း မိုးများ ရေကြီးဒဏ်ကို ခံရသည်။ “ကလေးမြို့” ဆိုသော မြို့အဝင်ဆိုင်းဘုတ်ကလေး တစ်စတစ်စ ရေနစ်သွားပုံကို မြင်ရသည်မှာ စိတ်ထိခိုက်စရာ ကောင်းလှသည်။
ဓာတ်ပုံထဲမှာ ဓမ္မာရုံကြီးကိုလည်း အမိုးစိမ်းစိမ်းလေးသာ မြင်ရတော့သည်။ ဓမ္မာရုံ ရှေ့က မြင်းစီးရုပ်တုက စစ်သူကြီးဗန္ဓုလများလား မသိ။ သူလည်း လက်တစ်ဖက်ဖြင့် ဓားကို ဝင့်ရင်း မာန်တင်းထားရသည်။
စီးတော် မြင်းက ရေထဲတစ်ဝက်ကျော်ကျော် မြုပ်လို့။ နေအိမ်ရေမြုပ်တော့ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ဘေးလွတ်ရာကို ပြေးကြရသည်။ အိုးပစ် အိမ်ပစ်ပြေးကြရသည်။ ခုနောက်ပိုင်း၊ ကလေးမြို့ပေါ်ကအိမ်တွေကို ဖောက်ထွင်းခံနေရသည်ဆိုသော သတင်းများ ကြားလာရသည်။ တောကြောင်ဆိုသည့်အမျိုးက တောမီးလောင်မှသာ လက်ခမောင်းခတ်သည် မဟုတ်။ ရေကြီးလျှင်လည်း လက်ခမောင်းခတ်ချင်ကြသည်။
ကလေးမြို့ပေါ်၌ ဆန်တစ်အိတ် ခြောက်သောင်း၊ အချို့နေရာ၌ ခုနစ်သောင်းခွဲ သတင်းများ ကြားရသည်။ အွန်လိုင်းစာမျက်နှာများ ထက်၌ ကြားရသော သတင်းအရဆိုလျှင် ရှစ်သောင်း၊ တစ်သိန်းဖြစ်သည့်နေရာဖြစ်နေ၏ ဟု သိရသည်။ ပေခြောက်ထောင်ကျော် မြင့်သော ဟားခါးကို မိုးထားသော တောင်ကြီးက ပေ ခုနစ်ထောင်ကျော်မြင့်သည်။ ထိုတောင်ကြီးက မြို့ကလေးပေါ် ပြိုကျသည်။ တောင်ပြိုလမ်းကြောင်းထဲမှာ ကျေးရွာအချို့ ပါသွားသည်တဲ့။ အွန်လိုင်းမှာ တွေ့လိုက်ရသည်။
ဟားခါးကို သွားရာလမ်းသည် ကလေးဘက်မှ တစ်လမ်းနှင့်၊ ဂန့်ဂေါဘက်မှတစ်လမ်း၊ ထိုနှစ်လမ်းသာရှိသည်။ ထိုလမ်းကြောနှစ်ခုစလုံး မြေပြိုလမ်းပိတ် ဖြစ်နေသည်။ ဟားခါးသည် ပြည်မနှင့် အဆက်အသွယ် ပြတ်တောက်နေ၏ဟု ထိုသတင်းက ဆိုသည်။ နောက်ပြီး ချင်းပြည်နယ်မှာ လေယာဉ်ကွင်းကလည်း မရှိ။ အကူအညီပေးဖို့ပင် အခက်အခဲဖြစ်နေသည်။ ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေသည်။ ဒီတော့ ထုံးစံအတိုင်း စားနပ်ရိက္ခာတွေက အဆမတန် ဈေးတက်သွားသည်။
(၄)
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ခဲ့သည့် အဖြစ်က တမူထူးသည်။ သီပေါမြို့အထွက်၌ နမ္မတူ-သီပေါ သွားလမ်းမပေါ်ရှိ နမ့်ပေါတံတားက သက်တမ်း ၁၀၀ ကျော်နေပြီ။ တောင်ကျချောင်း ရေကြီးသည့် မြင်ကွင်းကို ကြည့်ရန် လူအချို့ တံတားပေါ် ရောက်လာသည်။ ထိုစဉ် သက်တမ်းရင့် နမ့်ပေါတံတားက ကျိုးကျသည်။ တံတားပေါ်ဖြတ်သန်းနေဆဲ မော်တော်ကားတစ်စီးနှင့် ချောင်းရေလာကြည့်သူ ၃၀ ခန့် တံတားနှင့်အတူ ချောင်းထဲမျောပါသွားသတဲ့။ ကြေကွဲဝမ်းနည်းဖြစ်ရုံမှတစ်ပါး ဘာမျှမတတ်နိုင်သည့်အဖြစ်တွေ။
မကွေးတိုင်း၌ ရေကြီးရေလျှံသတင်းကြီးသည့် မြို့က ပွင့်ဖြူနှင့် စေတုတ္တရာဖြစ်သည်။ ဇူလိုင်၂၄ ရက်မှ ၃၁ ရက်အထိ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မုန်းချောင်းနှင့် မန်းချောင်းပေါ်ရှိ တမံရေပို ရေလွှဲများ ရေလျှံသည်။ ချောင်းဘေးဝဲယာရှိ ပွင့်ဖြူ၊ စေတုတ္တရာ၊ ငဖဲ၊ စကုမြို့နယ်များမှ ကျေးရွာပေါင်း ၃၀၀ ကျော်ရှိ လူနှင့် တိရစ္ဆာန်များကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ထိုဒေသ၌ ဆေးဝါး၊ အစားအစာနှင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကနဦးသတင်းများက ဆိုသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဒူးရင်းဆိပ်၊ ဒုံဝန်းကျေးရွာတို့၌လည်း ရေကြီး ရေလျှံဖြစ်ပြီး သံလွင်နှင့် ဘီးလင်းမြစ်ရေ တိုးလာမည့်အခြေအနေကို စောင့်ကြည့်နေရသည်ဟု သိရသည်။ ဒုံသမိချောင်းရေ မြင့်တက်လာမှုကြောင့် ဒေသခံများ နီးရာဘုန်းကြီးကျောင်းနှင့် ရွာလယ်ဓမ္မာရုံတို့၌ ပြောင်းရွှေ့နေထိုင်ကြရ၏ဟု ဆိုသည်။
မောင်တောခရိုင်အတွင်းရှိ လယ်ဧက အားလုံးနီးပါးလည်း ရေအလွှမ်း ခံခဲ့ရသည်ဟု ကြားရသည်။ ဘူးသီးတောင်မြို့နယ်အတွင်း စိုက်ပျိုးပြီး လယ်ဧက လေးသောင်းခွဲ အပါအဝင် လယ်ဧက ခုနစ်ထောင်ကျော်ခန့် ရေနစ်မြုပ်ပြီး မျိုးစပါးများလည်း ရေနစ်ပျက်စီးခဲ့ရသည်။ ပြောကြစတမ်းဆို ဒီမိုးက နိုင်ငံ နှင့်အဝန်းကို ဂယက်ရိုက်သွားသည့် မိုးဖြစ်သည်။ သတင်းများ၏အဆိုအရ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ရင်ဆိုင်ကြုံ တွေ့နေရသော ကပ်ဆိုးကြီးတစ်ခု ဖြစ်သည်။
(၅)
“မျှဝေခံစားကူညီရန် သင့်၌ တာဝန်ရှိသည်” ဆိုသော စာတန်းနီကလေးကို နာဂစ်မုန်တိုင်းနှင့် ရင်ဆိုင်ခဲ့ရသည့် ကာလများက Weekly Eleven ဂျာနယ်စာမျက်နှာများထက်၌ တွေ့ခဲ့ရဖူးသည်။ သဘာဝဘေးအန္တရာယ်၏ ဒဏ်ကို ခါးစည်းခံနေရရှာသည့် သွေးချင်းသားချင်းတို့အတွက် နယ်ပယ်အသီးသီး၊ ဒေသအသီးသီးမှ တတ်စွမ်းသမျှ ပံ့ပိုးကူညီနေကြသည်ကိုလည်း တွေ့မြင်နေရပါသည်။ လူမှုကွန်ရက်စာမျက်နှာများ၌ လောလောဆယ် အတွေ့ရအများဆုံးစာကြောင်းက Save Myanmar. Support Myanmar ဖြစ်မည်ထင်ပါ၏။
နီပေါနိုင်ငံ၌ ငလျင်ဒဏ် ခံခဲ့ရစဉ်က Facebook သုံးသူများက Support Nepal ဟု တင်ကြပါသတဲ့။ “ထိုစာတမ်းကိုမြင်ပြီး ကမ္ဘာအရပ်ရပ်ရှိ Facebook သုံးသူများက ဝိုင်းပြီး လှူလိုက်ကြတာ နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ရရှိခဲ့ပါတယ်” ဆိုသော Comment တစ်ခုကို တွေ့လိုက်ရသည်။
နိုင်ငံနှင့် နိုင်ငံသားတိုင်းအတွက် လက်ငင်းကြုံတွေ့နေရသော အခြေအနေက အတော်လေးပူပင်စရာကောင်းသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ချည်းဖြစ်သည်။ ထိုအခက်အခဲကို ကူညီဖြေရှင်းသောအားဖြင့် အလှူ ရန်ပုံငွေ ရှာကြသည်။ လှူကြသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားတို့ကလည်း အွန်လိုင်းမှတစ်ဆင့် ကုသိုလ်ပါဝင်ကြသည်။
လောလောဆယ် မိမိစိတ်ထဲ စွဲထင်နေသော စာကြောင်းက “မျှဝေခံစားကူညီရန် သင့်၌ တာဝန်ရှိသည်” ဆိုသော စာကြောင်း တစ်ကြောင်း ဖြစ်ပါသည်။
အကိုးအကား
Daily Eleven သတင်းစာများ။
Facebook ကောက်နုတ်ချက်များ။










