မြန်မာရေဘေးဒုက္ခအတွက် အရေးပေါ် ကယ်ဆယ်ရေး အကူအညီ အမေရိကန်ဒေါ်လာ နှစ်သန်း ပေးအပ်မည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာရေဘေးဒုက္ခအတွက် အရေးပေါ် ကယ်ဆယ်ရေး အကူအညီ အမေရိကန်ဒေါ်လာ နှစ်သန်း ပေးအပ်မည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 5 August 2015

မြန်မာရေဘေးဒုက္ခအတွက် အရေးပေါ်ကယ်ဆယ်ရေး အကူအညီ အမေရိကန်ဒေါ်လာ နှစ်သန်း ပေးအပ်မည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။၄၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဒေသတွင်း ဖိုရမ်၏ ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ရောက်ရှိနေသော သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ဂျူလီဘစ်ရှော့သည် သြဂုတ် ၅ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့ပြီး အကူအညီပေးမည့်အကြောင်း ပြောကြားခဲ့သည့်အပြင် အဆိုပါနေ့က ပြုလုပ်သော အာဆီယံ- သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်တွင်လည်း မြန်မာအား အကူအညီပေးမည့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။သြဂုတ် ၅ ရက်က ပြုလုပ်သော အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများအဆင့် အစည်းအဝေးများတွင် မြန်မာရေဘေးဒုက္ခအပေါ် စာနာကြောင်း ပြောဆိုမှုများ ရှိခဲ့ပြီး သြစတြေးလျ အစိုးရကလည်း ၎င်းတို့ အကူအညီပေးမည့် အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။သြစတြေးလျအစိုးရ နည်းတူ နော်ဝေအစိုးရကလည်း မြန်မာရေးဘေးဒုက္ခ ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးမည်ဟု ပြောကြားထားပြီး နော်ဝေငွေ ဆယ်သန်း (အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်) အကူအညီပေးမည်ဟု ပြောကြားခဲ့သည်။ထိုသို့ အကူအညီပေးမည့် အကြောင်းကို သြဂုတ် ၄ ရက် ညနေပိုင်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သီးခြားတွေ့ဆုံချိန်တွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Børge Brende က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။