တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် တပ်မတော်အဆင့်မြင့်အရာရှိများနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးခုမှ ကိုယ်စားလှယ်များသည် သြဂုတ် ၄ ရက်က နေပြည်တော်၌တွေ့ဆုံ၍ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးခုသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) က "ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ" ကတိပြုချက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့အစည်းများဖြစ်ပြီး သြဂုတ် ၃ ရက်ကလည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက "ဆွေးနွေးတာကတော့ NCA ကိစ္စပါပဲ။ NCA မှာ လက်မှတ်မထိုးနိုင်ခဲ့သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နိုင်ငံရေးအာမခံမှု၊ စစ်ရေးအာမခံမှု၊ လူမှုရေးအာမခံမှုတွေ တပ်မတော်အနေနဲ့ ဘယ်လိုစဉ်းစားပေးသွားမလဲဆိုတဲ့ကိစ္စကို သွားပြီးတော့ ဆွေးနွေးတာပဲဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့အပေါ်မှာ တပ်ချုပ်အနေနဲ့ SSR၊ DDR လုပ်ငန်းဖော်ဆောင်တဲ့အပိုင်းမှာ အသေးစိတ် ကျွန်တော်တို့ကိုရှင်းပြပါတယ်။ နောက်ပြီးတော့ တပ်မတော်ရဲ့ NCA အပေါ်ထားရှိတဲ့ မူခြောက်ချက်ကိုလည်း အဲဒီကိစ္စကိုလည်း ကျွန်တော်တို့ကို ဆွေးနွေးပါတယ်" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည်။ ဆက်လက်၍ ၎င်းက "အကယ်၍ တပ်မတော်ရဲ့မူခြောက်ချက်ကို အားလုံးကိုတော့ အတိအကျလိုက်နာရမယ်လို့တော့ မဆိုလိုပါဘူးတဲ့။ ဒါပေမဲ့ မူခြောက်ချက်ထဲမှာပါရှိတဲ့ ပြည်သူလူထုတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရ၊ ငြိမ်းချမ်းရေးအပေါ် အမြတ်မထုတ်ရ၊ ပေးထားတဲ့ကတိအတိုင်း လိုက်နာဆောင်ရွက်ရန်ဆိုတဲ့ ကိစ္စတွေလိုက်နာရင် တပ်မတော်အနေနဲ့ ဘာမှအပြစ်ပြောဖို့မရှိပါဘူးဆိုတဲ့အကြောင်း ကျွန်တော်တို့ကို ပြန်ရှင်းပြပါတယ်။ အဲဒီအာမခံချက်တော့ ဘာပြဿနာမှမရှိပါဘူးလို့ ပြောပါတယ်ခင်ဗျ။ နိုင်ငံရေးပိုင်းအာမခံချက်ကတော့ ညှိနှိုင်းဆွေးနွေးပြီးတော့ နိုင်ငံရေးပြဿနာများကို တစ်စုံတစ်ရာဖြေရှင်းနိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့လည်း အဲဒီလိုအကျဉ်းချုံးပြီး ပြောသွားပါတယ်" ဟုပြောကြားသည်။ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးတွင် ချက်ချင်းမပါဝင်နိုင်သေးသည့် အဖွဲ့များကိုလည်း ပါဝင်လာအောင် တပ်မတော်အနေဖြင့် ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု RCSS ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းလကဆိုသည်။ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ Facebook စာမျက်နှာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ နှုတ်ဆက်နေသည့် ဓာတ်ပုံများဖော်ပြထားပြီး "တပ်မတော်မှ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အကောင်းဆုံးဖြေရှင်းဆောင်ရွက်သွားမည်" ဟု ရေးသားဖော်ပြထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်များ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးအတွက် ဆွေးနွေး