နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအား လဲပေးရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့ဂုဏ်ရည်လမ်း တိုက်အမှတ် (၈)၊ ငါးလွှာ၌ သြဂုတ် ၃ ရက်က “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူ ဖြူသင်းအား အခြားကိုယ်စားလှယ် လဲပေးရန်” ကိစ္စနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောင်နိုင်ရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးဌေးမြင့်က ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောင်နိုင်ရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးဌေးမြင့်က “ဒီလိုပဲ ကျွန်တော်တို့ရဲ့ အောင်နိုင်ရေးအဖွဲ့မှာ မြို့နယ်အောင်နိုင်ရေး ရပ်မိရပ်ဖအဖွဲ့ဝင် တစ်ယောက်က အဲဒီကိုယ်စားလှယ်ကျတဲ့ အပေါ်မှာ မကျေလည်လို့ ကျွန်တော်တို့ကို နုတ်ထွက်စာ တင်ပါတယ်။ ရပ်ကျေးတွေကလည်း ကျွန်တော်တို့ကို နုတ်ထွက်စာ တင်ထားတာတွေ ကျွန်တော်တို့ မြို့နယ်မှ လက်ခံရရှိတာတွေ ရှိပါတယ်။ ဒီအခြေအနေအကြောင်း အချက်တွေကြောင့် ကျွန်တော်တို့က အားလုံးစဉ်းစား တိုင်ပင်ပြီးတော့ လုပ်သင့်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြောသင့်ပြီ၊ လုပ်သင့်ပြီဆိုတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်က လုပ်ခဲ့တာပါ။ ကျွန်တော်တို့က ပါတီအထက် အဖွဲ့အဆင့်ဆင့်ကို တိုက်ခိုက်တာ မဟုတ်ဘူး။ သူတို့လုပ်တာကို ကျွန်တော်တို့က မကျေနပ်တာ မဟုတ်ဘူး။ လက်ရှိကိုယ်စားလှယ်ရဲ့ အနေအထားပေါ်မှာ စဉ်းစားသုံးသပ်ပြီးတော့ အပေါ်ကလည်း ဒီအတိုင်းကို စဉ်းစားသုံးသပ်ပြီးတော့ ဖြစ်နိုင်ရင် ကိုယ်စားလှယ် လဲပေးစေချင်ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာထားပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဒေါ်ဖြူ ဖြူသင်း၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၁) အတွက် ဦးလှဌေး၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၂) အတွက် ဦးခင်မောင်ဝင်းတို့ကို ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရန် တာဝန်ပေးအပ်လိုက်သည်ဟု ကြေညာထားသည်။“ဘယ်ကိုယ်စားလှယ်လာလာ ကျွန်တော်တို့က အောင်နိုင်ရေး လုပ်ပေးမှာ။ အခုတိုင်း ကိုယ်စားလှယ်ဆိုရင်လည်း အခုနပြောသလိုပဲ အခြားမြို့နယ်က လာတဲ့တစ်ယောက်တောင်မှ ကျွန်တော်တို့မြို့နယ်သား မဟုတ်ဘဲ ကျွန်တော်တို့က လုပ်ပေးပါတယ်။ အပေါ်က ချပေးတဲ့ ကိုယ်စားလှယ်ကို လုပ်ပေးပါတယ်။ ဒါပေမဲ့ ဒီကိုယ်စားလှယ်ကတော့ ကျွန်တော် အရင်က ရထားခဲ့ဖူးတဲ့ ကိုယ်စားလှယ် သုံးနှစ်တာအတွင်းမှာ သူ့ရဲ့ ဆောင်ရွက်ချက် အားနည်းချက်တွေ ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ အားသာချက်လည်း ရှိကောင်းရှိမယ်။ အားနည်းချက်လည်း ရှိကောင်းရှိမယ်။ အဲဒီအပေါ်မှာ ၁၀၀ ရာခိုင်နှုန်းပြည့် အောင်နိုင်ရေးပဲ လိုချင်တယ်။ ၁၀၀ ရာခိုင်နှုန်းပြည့် မရနိုင်မှာ စိုးတဲ့အတွက်ကြောင့် ကျွန်တော်တို့က ကိုယ်စားလှယ် လဲပေးပါလို့ တောင်းဆိုတာ” ဟု ဦးဌေးမြင့်က ဆက်လက်ပြောကြားသည်။ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းနှင့် ပတ်သက်၍ “တစ်ဖက်တွင်လည်း ထောက်ခံသည့်အဖွဲ့ ရှိနိုင်ပါတယ်” ဟု ဦးဌေးမြင့်က ပြောကြားသည်။“ပါတီရဲ့ ဗဟိုက ချထားတဲ့ မူဝါဒတို့၊ ရွေးချယ်ခဲ့တဲ့ အပေါ်မှာ မကျေနပ်လို့ ဒါကို တုံ့ပြန်ခြင်း မဟုတ်ပါဘူး” ဟု ဦးဌေးမြင့်က ဆိုသည်။“ဗဟိုအောင်နိုင်ရေးအဖွဲ့ကို တင်ဖို့ စာရေးပြီးပါပြီ။ လက်မှတ်လိုက်စုထိုးနေတုန်းပါ။ သူတို့ပေးထားတာက ကိုယ်စားလှယ်စာရင်းထွက်ပြီး ငါးရက်အတွင်း ကန့်ကွက်လို့ ရပါတယ်လို့ ပြောပါတယ်” ဟု ဦးဌေးမြင့်က ပြောကြားသည်။ဗဟိုက ပြင်မပေးဘူး ဆိုပါက “သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း တင်ပေးလိုက်ပါပြီ။ အပေါ်က ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုကျလာမလဲ ဆိုတဲ့အပေါ်မှာ အကောင်းဆုံး တိုင်ပင်ပြီးတော့ ဘာလုပ်မလဲဆိုတာ တစ်ခါ ဆုံးဖြတ်ပါမယ်။ အခုချိန်မှာတော့ အပြီးပြတ် မပြောနိုင်သေးဘူး” ဟု ဦးဌေးမြင့်က ပြောကြားသည်။မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဖြူဖြူသင်းက “တစ်ဦးတစ်ယောက်တည်းက မကျေနပ်တာပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုတွေကပဲ မကျေနပ်တာပဲ ဖြစ်ဖြစ် ကျွန်မအနေနဲ့ Welcome ဖြစ်ပါတယ်။ ကျွန်မရဲ့ ရုံးခန်းမှာ အချိန်မရွေး ရုံးခန်းဖွင့်ထားပါတယ်။ လာလို့လည်း ရပါတယ်။ ကြိုက်တဲ့နေရာကိုလည်း ခေါ်ပါ။ ကျွန်မ အနေနဲ့ လာပြီးတော့ မကျေနပ်တဲ့ အချက်တွေ ရှိလို့ရှိရင်လည်း ဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ကန့်ကွက်တဲ့သူတွေ အားလုံးကို ပြောချင်တာကတော့ ကျွန်မအနေနဲ့ စိတ်ထဲမှာ ဘာမှမရှိဘူး။ အချိန်မရွေး တစ်ဦးတစ်ယောက်တည်း ဆန္ဒကိုလည်း အလေးထားမှာ ဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ ကြိုဆိုပါတယ်လို့လည်း ပြောချင်ပါတယ်” ဟု The Daily Eleven သတင်းစာကို ပြောကြားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ပြိုင်မည့် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအား လဲပေးရန် ရှင်းလင်းပွဲ ပြုလုပ်