NLD မှ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်း ထုတ်ပြန်ပြီးဖြစ်ရာ သြဂုတ် ၈ ရက် မတိုင်မီ အပြောင်းအလဲ အနည်းငယ်ရှိနိုင်

NLD မှ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်း ထုတ်ပြန်ပြီးဖြစ်ရာ သြဂုတ် ၈ ရက် မတိုင်မီ အပြောင်းအလဲ အနည်းငယ်ရှိနိုင်
Published 3 August 2015

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းနှင့် ပြည်နယ်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းအားလုံးကို သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်ရာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခွင့် နောက်ဆုံးရက်ဖြစ်သည့် ၂၀၁၅ ခုနှစ် သြဂုတ် ၈ ရက်မတိုင်မီ အပြောင်းအလဲ အနည်းငယ်ရှိနိုင်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခု နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မဲဆန္ဒနယ် အားလုံးနီးပါးမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှင့် မဲဆန္ဒနယ်မြေ စာရင်းများ ထုတ်ပြန်ထားချက်အရ ကိုယ်စားလှယ်လောင်း အများစုမှာ ဒေသခံများဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ကြေညာထားသည့် ကိုယ်စားလှယ်လောင်းစာရင်း အပြောင်းအလဲ ရှိ၊ မရှိ နှင့်ပတ်သက်ပြီး ဦးဉာဏ်ဝင်းက “၈ ရက်နေ့ မတိုင်ခင် ကြားထဲမှာ အနည်းအကျဉ်းတော့ ရှိနိုင်ပါတယ်။ အခုကျွန်တော်တို့ ထုတ်တဲ့အပေါ်မှာ တချို့က မလုပ်ချင်တဲ့ စိတ်အမျိုးမျိုး ရှိတာပေါ့။ မလုပ်တော့ဘူးဆိုရင် ကျွန်တော်တို့ အစားထိုးရမှာပေါ့” ဟု ပြောကြားသည်။
NLD အနေဖြင့် ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးမူဝါဒ သဘောတရားနှင့် ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ ဒေသခံပြည်သူတို့က ယုံကြည်အားကိုးပြီး လက်ခံနိုင်သော ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် ပြည်သူလူထု အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ ယှဉ်ပြိုင်ဘက်များအပေါ် အနိုင်ရရှိရန် အလားအလာ ကောင်းသော ပုဂ္ဂိုလ်များ၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးကို ဦးတည်ရန်၊ အစိုးရအဖွဲ့တွင် ဦးဆောင်နိုင်မည့် အရည်အချင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များ စသည့်အချက်များအပေါ် အခြေခံ၍ စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ဘယ်လိုမူနဲ့လဲဆိုတော့ ကျွန်တော်တို့ ပြင်ပ NLD မဟုတ်သော ပညာရှင်များကိုလည်း အကြံဉာဏ်ယူပါတယ်။ ပြီးတော့ စီအီးစီထဲက Group တွေခွဲပြီး စိစစ်ကြပါတယ်။ စိစစ်ပြီးတော့ စီအီးစီတစ်ခုလုံးက ဆုံးဖြတ်တာပါ” ဟု ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦးရှိရာ လာမည့်ရွေးကောက်ပွဲတွင် ၁၁ ဦးသာ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ကချင်ပြည်နယ်မှ ၇၀ နေရာ၊ ကယားပြည်နယ်မှ ၃၄ နေရာ၊ ကရင်ပြည်နယ်မှ ၃၆ နေရာ၊ ချင်းပြည်နယ်မှ ၃၉ နေရာ မွန်ပြည်နယ်မှ ၄၅ နေရာ၊ ရခိုင်ပြည်နယ်မှ ၅၉ နေရာ၊ ရှမ်းပြည်နယ်မှ ၁၅၂ နေရာ၊ တနင်္သာရီတိုင်းမှ ၄၃ နေရာ၊ ဧရာဝတီတိုင်းမှ ၉၂ နေရာ၊ စစ်ကိုင်းတိုင်းမှ ၁၂၅ နေရာ၊ ရန်ကုန်တိုင်းမှ ၁၄၈ နေရာ၊ မန္တလေးတိုင်းမှ ၁၀၅ နေရာ၊ မကွေးတိုင်းမှ ၈၈ နေရာ၊ ပဲခူးတိုင်းမှ ၉၇ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၁၃၃ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၏ အမည်စာရင်းများကို ထုတ်ပြန်ခဲ့သည်။
ယခု NLD မှ ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းများ စာရင်းတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးပြုံးချို ပါဝင်သော်လည်း ယင်းအဖွဲ့မှ ခေါင်းဆောင် ဦးကိုကိုကြီး၏ အမည်ကို မတွေ့ရှိရပေ။ ထို့ပြင် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းသည်လည်း ကိုယ်စားလှယ် အမည်စာရင်းတွင် ပါဝင်ခြင်း မရှိသေးပေ။
၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မဲဆန္ဒနယ် ၁၁၇၁ နေရာ သတ်မှတ်ထားရာ NLD ပါတီအနေဖြင့် ဒေသအချို့တွင် ဝင်ပြိုင်မည့် ပါတီဝင်အင်အား မရှိခြင်းသည့်အတွက် ဝင်မပြိုင်သည့် မဲဆန္ဒနယ်များ ရှိသကဲ့သို့  တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့ ဝင်ပြိုင်မည့် နေရာတို့ကိုလည်း ဝင်ပြိုင်ရန်မရှိကြောင်း သိရသည်။
ဦးဉာဏ်ဝင်းက “ခေါင်းဆောင်တွေ ဝင်ပြိုင်မယ့်နေရာကတော့ ဦးပူကျင့်ရှင်းထန်ရဲ့ နေရာကိုတော့ မဝင်ပါဘူး။ အဲဒီတစ်ခုပါပဲ။ ကျန်တာကတော့ မရှိပါဘူး။ ဥပမာ SNLD ဆိုရင် ခေါင်းဆောင်တွေ မဝင်ပါဘူး။ ကျွန်တော်တို့က ခေါင်းဆောင်ကိုပဲ အဆိုပြုပြီးတော့ အကြံပြုတာပါ။ ခေါင်းဆောင်တွေ မဝင်တော့ မလိုအပ်တော့ပါဘူး။ ဦးအေးသာအောင် ကျွန်တော်တို့ အဆိုပြုပါတယ်။ သူ့ဆီက ပြန်ပြီးတော့ ဘာမှမကြားရပါဘူး” ဟု ပြောကြားသည်။
လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းခွင့် ပြုထားသည့် နေ့ရက်မှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၀ ရက်ဖြစ်ပြီး နောက်ဆုံးရက်မှာ သြဂုတ် ၈ ရက်အထိ သတ်မှတ်ထားသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်ရက်မှာ ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန် ထားချက်အရ သိရသည်။