အာဆီယံစီးပွားရေး အသိုက်အမြုံ (AEC) စတင်ရန် အချိန်လေးလကျော် လိုချိန်တွင် လုပ်ငန်းရပ်များ အကောင်အထည်ဖော်မှု ရာနှုန်းပြည့် ပြီးစီးခြင်း မရှိသေး

အာဆီယံစီးပွားရေး အသိုက်အမြုံ (AEC) စတင်ရန် အချိန်လေးလကျော် လိုချိန်တွင် လုပ်ငန်းရပ်များ အကောင်အထည်ဖော်မှု ရာနှုန်းပြည့် ပြီးစီးခြင်း မရှိသေး
Published 3 August 2015

အာဆီယံစီးပွားရေး အသိုက်အမြုံ (AEC) စတင်ရန် အချိန်လေးလကျော်လိုချိန်၌ ထိုသို့စတင်ရန် ပြင်ဆင်ထားသော လုပ်ငန်းရပ်များ အကောင်အထည်ဖော်မှု ရာနှုန်းပြည့် ပြီးစီးခြင်း မရှိသေးကြောင်း သိရသည်။၂၀၁၅ ခုနှစ်တွင် စတင်မည်ဟု လျာထားသတ်မှတ်ခဲ့သည့် အာဆီယံအသိုက်အဝန်း (ASEAN Community) ဖြစ်လာရေးအတွက် မဏ္ဍိုင်သုံးခု ခွဲထားပြီး ထိုမဏ္ဍိုင်သုံးခုတွင် AEC က တစ်ခုအပါအဝင် ဖြစ်သည်။AEC ကို ၂၀၁၅ ခုနှစ်၌ စတင်ရန် မူလက သတ်မှတ်ခဲ့သော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား အချိုးညီမျှမှု မရှိသော အခြေအနေများကြောင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ စတင်ရန် ပြောင်းလဲခဲ့သည်။ထိုကဲ့သို့ ပြောင်းရွှေ့သတ်မှတ်ခဲ့သော်လည်း AEC စတင်ရန် အချိန်လေးလကျော်သာ လိုချိန်၌ လုပ်ငန်းရပ်များ ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေခြင်းဖြစ်သည်။အာဆီယံအနေဖြင့် ပြီးစီးမှုရှိရမည့် လုပ်ငန်းရပ်များ ရှိနေသောကြောင့် ထိုကိစ္စရပ်များကို ပြီးပြတ်အောင် လုပ်ဆောင်ရန် နှစ်ဆမြှင့်တင် လုပ်ဆောင်နေရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး အာနီဖာအာမင်က ပြောကြားသည်။လက်ရှိတွင် အာဆီယံအသိုက်အမြုံ (ASEAN Community) ထူထောင်ရန် ကဏ္ဍသုံးခုဖြစ်သော စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ၊ လူမှုယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍသုံးရပ်အတွက် လမ်းပြမြေပုံများကို အကောင်အထည်ဖော်နေသည့် လုပ်ငန်းရပ် ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီဟု သိရသည်။“အာဆီယံအတွက် လုပ်ရမယ့် တာဝန်တွေမှာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးခဲ့ပါပြီ။ ဒါဟာ အံ့မခန်း တိုးတက်မှု ဖြစ်သလို ဒါကို အသိအမှတ် ပြုရပါမယ်” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ထိုပမာဏသည် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်က ပြီးစီးခဲ့သော လုပ်ငန်းရပ်များဖြင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းကျော် ပြီးစီးခဲ့ခြင်း ဖြစ်သည်။အာဆီယံအသိုက်အဝန်း ပီပြင်စွာ ပေါ်ထွက်လာရေးအတွက် အသေးစိတ်လုပ်ကိုင်နိုင်ရန် အစီအစဉ်ချမှတ် ရေးဆွဲထားသည့် လမ်းပြမြေပုံ လုပ်ငန်းရပ်များစွာ ရှိနေပြီး စီးပွားရေးအသိုက်အမြုံအတွက် ၂၂၉ ခု၊ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အမြုံအတွက် ၁၄၇ ခုနှင့် လူမှုယဉ်ကျေးမှု အသိုက်အမြုံအတွက် ၃၃၉ ခု ရှိနေပါသည်။စီးပွားရေးအသိုက်အမြုံ (AEC) ဖော်ဆောင်မှုတွင် ၂၀၁၅ ခုနှစ်၌ ဒေသတွင်း စီးပွားရေး အခြေကျ ဖြစ်တည်မှုကို ရည်မှန်းချက်ထားပြီး သီးခြားစီဖြစ်ပေါ်နေသော အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးကို ပေါင်းစပ်ပြီး တစ်ခုတည်းသော ဈေးကွက်ဖြင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် မျှော်မှန်းထားခြင်း ဖြစ်ပါသည်။နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အမြုံ  (APSC) မှာ ဒေသတွင်းနိုင်ငံများအကြား ငြိမ်းချမ်းမှုကို တည်ဆောက်ပြီး ကမ္ဘာနှင့် ချိတ်ဆက်ရာ၌ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ သဟဇာတဖြစ်စေရန် မျှော်မှန်းထားရှိခြင်း ဖြစ်ပါသည်။လူမှုယဉ်ကျေးမှု အသိုက်အမြုံ (ASCC) သည် အာဆီယံအသိုက်အဝန်းအတွင်း လူမှုတာဝန်သိစိတ်များဖြင့် စုစည်းညီညွတ်သော လူထုဗဟိုပြုပုံစံဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား မျှဝေခံစားနိုင်ရန် ပုံဖော်ထားခြင်းဖြစ်သည်။“ဒီလုပ်ငန်းရပ်တွေဟာ ကျွန်တော်ဒေသတွင်းအတွက် အဆုံးသတ်လုပ်ငန်းတွေ မဟုတ်ပါဘူး။ အစလို့ သဘောထားပြီး အာဆီယံခေတ်သစ်ဆီ သွားဖို့ပါပဲ” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာနီဖာအာမင်က ပြောကြားသည်။အာဆီယံအသိုက်အဝန်း ထူထောင်ရေးကို ၂၀၀၃ ခုနှစ်က အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စတင်သဘောတူညီခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၁ ရက်မှ ၆ ရက်အထိ ပြုလုပ်နေသော အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးများတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမတိုင်မီ အာဆီယံအသိုက်အဝန်းဆိုင်ရာ လုပ်ငန်းရပ်များ ရာနှုန်းပြည့် ပြီးစီးနိုင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။