၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့ဝင်ပြိုင်မည့် မဲဆန္ဒနယ်မြေ စာရင်းများကို အတည်ပြု ရွေးချယ်နေဆဲဖြစ်

၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့ဝင်ပြိုင်မည့် မဲဆန္ဒနယ်မြေ စာရင်းများကို အတည်ပြု ရွေးချယ်နေဆဲဖြစ်
Published 29 July 2015
အောင်ဇော်ထွန်း

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများနှင့် ၎င်းတို့ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေ စာရင်းများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ စိစစ်နေဆဲဖြစ်ပြီး လတ်တလောတွင် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အခြေအနေအရ မထုတ်ပြန်နိုင်သေးကြောင်း သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဇူလိုင် ၂၉ ရက် နံနက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။ဦးထွန်းထွန်းဟိန်က “ဒီနေ့ ကြေညာမယ်လို့ ပြောထားပါတယ်။ တစ်ဦးချင်းတွေအလိုက် တာဝန်ပေးတဲ့အနေနဲ့ ထုတ်ပြန်သွားတာ ဖြစ်တယ်။ CEC ရဲ့ ဆုံးဖြတ်ချက်ပေါ့ဗျာ။ ဒီနေ့မှာ ကိုယ်စားလှယ်လောင်း ဘယ်နှယောက်ကို ဘယ်ဒေသတွေမှာ တာဝန်ပေးလိုက်တယ်လို့ ကျွန်တော်တို့က ပြောလို့ရမှာပေါ့။ ဘယ်သူတွေကို တာဝန်ပေးမယ်ဆိုတာ ပါမှာပေါ့။ အဲဒါကို အခုထက်ထိ ကြေညာချက် မထွက်သေးဘူး။ ဘယ်အချိန် ပြီးမယ်ဆိုတာ မသိပါဘူး။ ဘယ်နှဦးလောက်လဲ ဆိုတာတော့ ဒီနေ့ မပြီးသေးဘူး။ လုပ်နေကြပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေကလည်း ပါချင်ပါမှာပေါ့။ အခြားဘက်ကလည်း ပါချင် ပါမှာပေါ့ဗျာ။ ကိုယ်စားလှယ်ဟောင်းတွေလည်း ပါချင်ပါမှာပေါ့ဗျာ” ဟု ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်က ပြောကြားသည်။ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက “ကျွန်တော် သိသလောက်တော့ အခုအချိန်ထိ မထွက်သေးဘူး။ ပထမတော့ ထွက်မယ်လို့ မနေ့ကတုန်းကတော့ သိတယ်။ ဒါပေမဲ့ အခုအချိန်ထိ မထွက်သေးဘူး” ဟု ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ပြောကြားသည်။သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတမြို့နယ် ပြည်သူ့လွှတ်တော်နေရာ၊ အမှတ် (၁) အမျိုးသားလွှတ်တော်၊ အမှတ် (၃) အမျိုးသားလွှတ်တော်၊ အမှတ် (၅) အမျိုးသားလွှတ်တော်၊ အမှတ် (၇) အမျိုးသားလွှတ်တော်၊ အမှတ် (၈) အမျိုးသားလွှတ်တော်နှင့် အမှတ် (၁၁) အမျိုးသားလွှတ်တော် နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို အတည်ပြုရွေးချယ်ပြီး ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ရန်ကုန်တိုင်းအတွင်း၌ မဲဆန္ဒနယ်များမှာ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၄၅ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၉၀ နေရာ စုစုပေါင်း ၁၄၀ ကျော်ရှိရာ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အဆိုပြု တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းဦးရေ ၅၀၀ ကျော်ရှိကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းနှင့် ၎င်းတို့ဝင်ပြိုင်မည့် မဲဆန္ဒနယ်မြေ စာရင်းများကို တစ်သုတ်ချင်းစီ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်းလည်း သိရသည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု သတ်မှတ်ကြေညာထားသည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၀၀၀ နီးပါးရှိပြီး ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ဇူလိုင် ၂၈ ရက်တွင် ပြောကြားထားသည်။