တောလက်ဖက်စစ်စစ် စားချင်တယ် ဆိုရင်ဖြင့်...

တောလက်ဖက်စစ်စစ် စားချင်တယ် ဆိုရင်ဖြင့်...
Published 29 July 2015
■ မင်းမင်းမျိုး၊ ဆုမွန်အောင်

အသားမှာ ဝက်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်ဆိုတဲ့အတိုင်း မြန်မာလူမျိုးတွေဟာ လက်ဖက်ကို အထူးနှစ်သက်ကြပါတယ်။ အလှူမင်္ဂလာ ဧည့်ခံပွဲတွေမှာ ဆိုရင်လည်း မပါမဖြစ် ဧည့်ခံတဲ့ အစားအစာတစ်ခု ဖြစ်တဲ့အပြင် ရှေးယခင်ကဆိုရင် ထိမ်းမြားမင်္ဂလာ လက်ထပ်ပွဲတွေ ဖိတ်ကြားတဲ့အခါ လက်ဖက်ထုပ်ကမ်းပြီး ဖိတ်ကြားတဲ့ အထိပါပဲ။ ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက အထူးအာဟာရ အနေနဲ့ သုံးဆောင်မှီဝဲ လာခဲ့တာဆိုရင် အခုအချိန်မှာ လက်ဖက်ကို တန်ဆာအမျိုးမျိုးထည့်ပြီး ပုံစံအမျိုးမျိုးနဲ့ စွဲမက်စွာ စားသုံးလာတဲ့ အထိပါပဲ။ အများစု သိထားတာကတော့ လက်ဖက်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ မိုးမိတ်နယ်နဲ့ မိုင်းလုံနယ်တွေမှာ စိုက်ပျိုးပြီး နမ့်ဆန်နဲ့ မိုင်းငေါဘက်ကနေ လက်ဖက်အများဆုံး ထွက်ရှိတယ်လို့ သိထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ကျွန်မတို့ ရိုက်ကူးရေးသွားရင်း ပြည်မြို့ကို ရောက်တုန်းရောက်ခိုက်မှာ စားခဲ့ရတဲ့ ပြည်မြို့ရဲ့ ဒေသထွက် အစားအစာ တစ်ခုဖြစ်တဲ့ တောလက်ဖက် (နိဗ္ဒိန္ဒလက်ဖက်) အကြောင်းနဲ့ တောလက်ဖက် ပြုလုပ်တဲ့ပုံကို စာဖတ်သူတွေ သိရှိနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ပြည်မြို့ဒေသခံ အချို့ကတော့ တောလက်ဖက်ကို သီလရှင် လက်ဖက်လို့လည်း ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ တောင်တန်းတွေပေါ်မှာရှိတဲ့ တောရကျောင်းတွေမှာ သီတင်းသုံးတဲ့ သီလရှင်တွေက ပြုလုပ်ကြတဲ့အတွက် ဖြစ်ပါတယ်။ ဟိုးအရင် နှစ်ပေါင်းများစွာက တောရကျောင်းတွေဟာ မြို့နဲ့အလှမ်းဝေးတဲ့အတွက် အစားအသောက် ရှားပါးလှတာကြောင့် သီလရှင် ဆရာလေးတွေဟာ တောတောင်တွေထဲမှာ သဘာဝအလျောက် ပေါက်ရောက်တဲ့ ဆေးဖက်ဝင် အရွက်တွေကို ခူးယူအသုံးပြုကြရပါတယ်။ အဲဒီအထဲမှာမှ တောင်စောင်းတွေမှာ အလေ့ကျပေါက်တဲ့ နရွဲရွက်ဆိုတဲ့ အရွက်တစ်မျိုး ရှိပါတယ်။ တောလက်ဖက်ကို အဲဒီနရွဲရွက်နဲ့ ပြုလုပ်တာပဲ ဖြစ်ပါတယ်။
“လက်ဖက်ကောင်း စားချင်ရင် ပလောင်တောင်တက် နှေးရတယ်” ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ဒီဆိုရိုးစကားနဲ့အညီ နိဗ္ဒိန္ဒ တောင်တစ်ဝိုက်က လူတွေကလည်း နရွဲရွက်နုနုလေးတွေ ဝေေ၀ဆာဆာပေါက်တဲ့ တပေါင်း၊ တန်ခူးကာလကို စောင့်ပြီး နရွဲရွက်တွေ အလေ့ကျပေါက်တဲ့ တောင်စောင်းတွေကို သွားရောက်ခူး ဆွတ်ရပါတယ်။ ခူးပြီးရလာတဲ့ အရွက်တွေထဲက ပထမဆုံးအနေနဲ့ အရွက်ကြမ်းတွေဖယ်၊ အရွက်နုတွေကို ရွေးချယ်ပြီး ရေနွေးထဲထည့်ပြီး နူးသွားအောင် ပြုတ်ရပါတယ်။ နူးအောင်ပြုတ်ပြီးတဲ့ အခါမှာ အရွက်တွေကိုနယ်ပြီး အိုးတွေထဲမှာ ထည့်သိပ်ပေးထားရပါတယ်။ ပြီးရင် လက်ဖက်သားအရောင် ဝင်းနေစေဖို့ အပေါ်ကနေ ရေလောင်းပေးရပါတယ်။ လက်ဖက်သားနပ်ပြီဆိုရင် ထုပ်ပိုးဖို့ တစ်ထုပ်စာအတွက် ငါးကျပ်သားပြည့်အောင် ချိန်တွယ်ပြီး အလုံးလေးတွေ ဖြစ်အောင်လုံးရပါတယ်။ လက်ဖက်တွေကို လုံးပြီးတဲ့ အခါမှာ စတင်ထုပ်ပိုးရတော့မှာပါ။ ဒီလိုထုပ်တဲ့ အခါမှာလည်း ဘန့်မိုးရွက်လို့ခေါ်တဲ့ အရွက်နဲ့ ထုပ်ရပါတယ်။ လက်ဖက်ထုပ်မယ့် အချိန်မှာ ဘန့်မိုးရွက်ရဲ့ မလိုတဲ့ အပိုင်းတွေကို လှီးဖြတ်ပြီး ရေစင်စင်ဆေးရပါတယ်။ စထုပ်တော့မယ်ဆိုရင် ဘန့်မိုးရွက်ကို သုံးရွက်ထပ်ပြီး လုံးထားတဲ့ လက်ဖက်လုံးတွေကို အရွက်ပေါ်တင်ပြီး ထုပ်ရပါတယ်။ ပြီးရင် ဝါးနှီးနဲ့ လက်ဖက်ထုပ်ရဲ့ ပတ်ပတ်လည်ကို ရေမဝင်အောင် ခပ်တင်းတင်း စည်းနှောင်ရပါတယ်။ ရေဝင်ရင် ပိုးတွယ်တတ်တာကြောင့်ပါ။ ထုပ်ပိုးပြီးတဲ့ လက်ဖက်ထုပ်တွေကို ရာဝင်အိုး(သို့မဟုတ်)ကျောက်စည်ပိုင်းတွေထဲထည့်ပြီး ရေစိမ်ထားရပါတယ်။
ရေစိမ်တဲ့ အခါမှာလည်း လက်ဖက်ထုပ်တွေ မြုပ်တဲ့အထိ စိမ်ရပါတယ်။ ၁၅ ရက်တစ်ကြိမ် ရေလဲရပါတယ်။ ရေမလဲပေးရင် ချွဲသွားတတ်တာကြောင့် ဒေသခံတွေကတော့ တစ်နှစ်ပတ်လုံး ရေစိမ်ပေးရင် အကောင်းဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒါမှ အရသာထူးခြားတဲ့ နိဗ္ဒိန္ဒ တောလက်ဖက်စစ်စစ်ကို စားသုံးရမှာပဲ ဖြစ်ပါတယ်။ တောလက်ဖက်ရဲ့ အရသာဟာ မဖန်လွန်း၊ မခါးလွန်းတဲ့ အရသာရှိပြီး စားတဲ့အခါမှာလည်း ဗိုက်အောင့်တာ၊ ဗိုက်နာတာ မရှိတဲ့အပြင် လက်ဖက်နဲ့ ဓာတ်မတည့်လို့ မစားရတဲ့ သူတွေတောင် ဒီတောလက်ဖက်ကို စားတဲ့အခါ ကျန်းမာရေးကို ထိခိုက်တာမျိုး မရှိပါဘူး။ ဒီတောလက်ဖက်ကို စားသုံးတဲ့ အခါမှာ ပထမဆုံး အခါးဓာတ်တွေ ထွက်သွားအောင် ရေနွေးနွေးနဲ့ နှစ်ထပ်သုံးထပ်လောက် ဆေးပေးရပါမယ်။ ဒီလိုဆေးပြီးရင် ဆားအနည်းငယ်၊ အချိုမှုန့် အနည်းငယ်နဲ့ ပဲဆီစစ်စစ်လေးထည့်ပြီး နှပ်ထားရင် အကောင်းဆုံး ဖြစ်မှာပါ။ ပြီးရင်တော့ ပိုပြီးစားလို့ကောင်းအောင် နှမ်း၊ ကြက်သွန်ကြော်၊ ပဲခြမ်းကြော်၊ မြေပဲစတာတွေကို မိမိနှစ်သက်သလို ထည့်ပြီး စားသုံးလို့ ရပါပြီ။ နိဗ္ဒိန္ဒတောင်ပေါ်က တောရကျောင်းတွေကို သီလဆောက်တည်ဖို့ လာကြတဲ့ ဧည့်သည်တွေကို တောလက်ဖက်နဲ့ ဧည့်ခံတဲ့ ဓလေ့တွေကြောင့် သီလရှင်လက်ဖက်၊ နဗ္ဒိန္ဒလက်ဖက်လို့ ပြည်မြို့မှာ လူသိများလာခဲ့ပါတယ်။ရှေးအခါက သီလရှင်တွေကိုယ်တိုင် ထုပ်ပိုးပြီး စားသုံးတာပဲ ဖြစ်ဖြစ်၊ ဧည့်ခံတာပဲ ဖြစ်ဖြစ်၊ လက်ဆောင်ပေးတာပဲ ဖြစ်ဖြစ် ပြုလုပ်ခဲ့ကြပေမယ့် အခုတော့ စာသင်တာ၊ စာဝါချတာတွေနဲ့ တရားအားထုတ်မှုတွေကြောင့် တောလက်ဖက်ကို မလုပ်နိုင်ကြတော့ပါဘူး။ နိဗ္ဒိန္ဒတောင်တစ်ဝိုက်မှာ နေထိုင်တဲ့ သူတွေကတော့ ဒီတောလက်ဖက်ကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုလို တစ်ပိုင်တစ်နိုင်နဲ့ တွင်ကျယ်စွာ လုပ်ကိုင်လာပါပြီ။ စာဖတ်သူတို့လည်း တောလက်ဖက်စစ်စစ် စားချင်တယ်ဆိုရင်ဖြင့် ပြည်မြို့ကို ရောက်တဲ့အခါ တောလက်ဖက်၊ နိဗ္ဒိန္ဒလက်ဖက်၊ သီလရှင်လက်ဖက်လို့ မေးလိုက်တယ်ဆိုရင်ပဲ ရရှိနိုင်ပါတယ်လို့ စကားလက်ဆောင် ပါးလိုက်ရပါတယ်။

Most Read

Most Recent