အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ လာရောက်၍ ကိုယ်စားလှယ်လောင်း လျှောက်လွှာကို တင်သွင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဦးစွာ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ရန်နှင့် ပတ်သက်၍ အချက်အလက်များ ဖြည့်သွင်းရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးသို့ သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်သွားရောက်ခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် လာရောက်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်စိုးက “လောလောဆယ် သူက လျှောက်လွှာတင်တယ်ပေါ့။ ကျွန်တော်တို့က ဒီလျှောက်လွှာမှာ သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ထားတာ စုံမစုံ နောက်သူ့ရဲ့ ကိုယ်ရေးရာဇဝင် သီးခြားတစ်စောင် ပါမပါ၊ နောက်ပြီးတော့ ငွေသုံးသိန်း ဘဏ်မှာသွင်းထားတာ ချလန် ပါမပါ၊ တရားသူကြီးရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးတာ ဟုတ်မဟုတ် အဲဒီလို အချက်အလက်တွေ စိစစ်ပါတယ်။ စိစစ်ပြီးတော့ သူ့လျှောက်လွှာကို မှတ်ပုံတင်စာရင်း သွင်းပါတယ်။ စာရင်းသွင်းပြီးတော့ လျှောက်လွှာကို ကျွန်တော်တို့ရှေ့မှာပဲ လက်မှတ်ထိုးတယ်။ ပြီးရင် ကျွန်တော်တို့က စိစစ်ပြီးတော့ ကျွန်တော်တို့ လက်မှတ်ထိုးပြီးတော့ သူ့ကို လျှောက်လွှာလက်ခံရရှိပြီးကြောင်း ပြန်ပေးတယ်” ဟု ပြောကြားသည်။ဆက်လက်၍ ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်စိုးက “သူက အရင်တစ်ခါလည်း လွှတ်တော်ကိုယ်စားလှယ် လျှောက်လွှာတင်ထားတုန်းက စိစစ်ပြီးသားပါ။ သို့သော်လည်းပဲ လုပ်ထုံးလုပ်နည်းအရ လိုအပ်လို့ ကျွန်တော်တို့ လုပ်တာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ကော့မှူးမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းခွင့် ပြုထားသည့် နေ့ရက်မှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၀ ရက်ဖြစ်ပြီး နောက်ဆုံးနေ့ရက်မှာ သြဂုတ် ၈ ရက်အထိ သတ်မှတ်ထားသည်။လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက်မှာ ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်လည်း မြို့နယ် NLD ပါတီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။သန်လျင်မြို့နယ် NLD အလုပ်အမှုဆောင် ဦးကျော်အေးက “အန်တီကို ကြိုဆိုဖို့ ကိစ္စက တံတားမှာတစ်ဖွဲ့၊ ခရိုင်တရားရုံးမှာ တစ်ဖွဲ့၊ ခရိုင်ကော်မရှင်ရုံးမှာ တစ်ဖွဲ့ လုံခြုံရေးရော၊ ကြိုဆိုရေးရော စီစဉ်ထားတယ်။ ကျေးရွာတွေကလည်း လာကြတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌက တကယ့်ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတော့ ကျွန်တော်တို့မြို့ကိုလာရင် ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဆိုင်ကယ်တွေနဲ့ လုံခြုံရေးဆောင်ရွက်ဖို့လည်း စီစဉ်ထားတယ်။ မြို့နယ်ကနေ အစီအစဉ်ဆွဲပြီး ဆောင်ရွက်တာပါ” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း