အီးယူသို့ မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေးကဲ့သို့ တန်းမြင့်ဆန်ကို ပိုမိုတင်ပို့ရန် တောင်းဆိုမှုအပေါ် ဈေးရရှိမှုနှင့် ပြည်တွင်းစားသုံးမှုပေါ် မူတည်၍ တင်ပို့မှု ပြုလုပ်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ပြောကြား

အီးယူသို့ မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေးကဲ့သို့ တန်းမြင့်ဆန်ကို ပိုမိုတင်ပို့ရန် တောင်းဆိုမှုအပေါ် ဈေးရရှိမှုနှင့် ပြည်တွင်းစားသုံးမှုပေါ် မူတည်၍ တင်ပို့မှု ပြုလုပ်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 29 July 2015
ချမ်းမြေ့သူ

အီးယူသို့ မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေးကဲ့သို့ တန်းမြင့်ဆန်ကို ပိုမိုတင်ပို့ရန် တောင်းဆိုမှုအပေါ် ဈေးရရှိမှုနှင့် ပြည်တွင်းစားသုံးမှုပေါ် မူတည်၍ တင်ပို့မှု ပြုလုပ်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။ယင်းကဲ့သို့ ဆန်တင်ပို့မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဥရောပကိုယ်စားလှယ်အဖွဲ့က ပေးပို့သည့် အီးယူ-မြန်မာ ဆန်ကုန်သွယ်မှုဆိုင်ရာကိစ္စ စာအရ မြန်မာ့ဆန်၊ ဆန်ကွဲများ အီးယူသို့ တင်ပို့မှုနှင့် စပ်လျဉ်း၍ တန်းမြင့်ဆန် (ပေါ်ဆန်းမွှေးကဲ့သို့ ရနံ့မွှေးသည့်ဆန်) တင်ပို့ရေးကို နောင်အနာဂတ် ဆန်တင်ပို့သည့်အခါ အလေးထားရန် အကြံပြု အကြောင်းကြားထားကြောင်း သိရသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “တင်ပို့ဖို့ ဆိုတာက ဈေးပေါ်မူတည်တယ်။ ပေါ်ဆန်းက ပြည်တွင်းဈေးက မြင့်နေတော့ တင်ပို့ဖို့ မကိုက်ဘူး။ သူတို့ တောင်းဆိုတာကလည်း ပေါ်ဆန်းတို့၊ ပေါ်ကျွဲတို့လိုမျိုး တန်းမြင့်ဆန်၊ အနံ့မွှေးတဲ့ ဆန်အမျိုးအစား ဖြစ်နေတယ်။ ဒီဆန်တွေက ပြည်တွင်းမှာတင် ဈေးရရှိမှုက မြင့်တယ်။ ပြည်တွင်းစားသုံးမှုကလည်းမြင့်တဲ့ ဆန်အမျိုးအစားတွေ ဖြစ်နေတယ်။ တကယ် တင်ပို့မယ် ဆိုရင်တောင် တစ်တန်ကို FOB ဒေါ်လာ ၉၀၀ ကျော် ၁၀၀၀ လောက်ရမှ ကိုက်မှာ” ဟု အီတလီနိုင်ငံတွင် ပြုလုပ်သည့် ကုန်စည်ပြပွဲတစ်ခုသို့ တက်ရောက်နေစဉ် ပြန်လည်ဖြေကြားခဲ့သည်။လက်ရှိတွင် အီးယူသို့ မြန်မာနိုင်ငံမှ ဧည့်မထ ၂၅ မှတ် ဆန်အမျိုးအစားနဲ့ ဆန်ကွဲများကို တင်ပို့မှု ပြုလုပ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှု ပြုလုပ်ရာတွင် ပြည်ပနိုင်ငံပေါင်း ၃၈ နိုင်ငံသို့ တင်ပို့မှု ပြုလုပ်နေပြီး ဝယ်လိုအား အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း သိရသည်။သို့သော် တရုတ်နိုင်ငံဘက်သို့ ဆန်တင်ပို့မှု ပြုလုပ်ရာတွင် ကုန်စီးဆင်းမှုမှာ တည်ငြိမ်မှု မရှိသဖြင့် ယင်းဈေးကွက် တစ်ခုတည်းကို အားထားနေရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံမှ ဆန်ကုန်သည်များ အနေဖြင့် တရုတ်နိုင်ငံအပြင် အခြားနိုင်ငံ ဈေးကွက်များသို့ ဈေးကွက်ချဲ့ထွင် တင်ပို့ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ပြည်ပသို့ ဇူလိုင်လ တတိယပတ်အထိ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၃၉၇၆၀၀ တင်ပို့မှုမှ ဒေါ်လာ ၁၄၄ သန်း ရရှိထားပြီး ဆန်ကွဲတန်ချိန် ၁၈၃၉၈၀ တန် တင်ပို့မှုမှ ဒေါ်လာ ၅၇ သန်း ရရှိထားကြောင်း၊ ယခုဘဏ္ဍာနှစ် အတွင်း၌ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှာ ယခင်နှစ်ကထက် ပိုများပြီး ရငွေလည်း ပိုမိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံမှ ဆန်ကို ပြည်ပနိုင်ငံပေါင်း ၃၈ နိုင်ငံသို့ တင်ပို့လျက်ရှိရာ အီးယူနိုင်ငံများဖြစ်သည့် ဂျာမနီ၊ ဂရိ၊ ပိုလန်၊ စပိန်၊ အီတလီ၊ ဘယ်လ်ဂျီယမ်၊ ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန်၊ ဆွီဒင် စသည့်နိုင်ငံများသို့ တင်ပို့မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု ပြုလုပ်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုမှ တင်ပို့လျက်ရှိရာ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ တင်ပို့မှုမှာ ရာခိုင်နှုန်း ၈၀ ကျော် ရှိကြောင်း သိရသည်။