အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ရန်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးနှင့် တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဇူလိုင် ၂၉ ရက် (ယနေ့) သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု သတ်မှတ်ကြေညာထားသည့် အထွေထွေရွေးကောက်ပွဲတွင်လည်း ကော့မှူးမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။NLD ပါတီမှ ဦးမောင်မောင်ဦးက "သန်လျင်က ခရိုင်တရားရုံးကိုသွားမယ်။ ကိုယ်စားလှယ်ကိစ္စပေါ့။ တခြားအစီအစဉ်တွေမပါပါဘူး" ဟု ဇူလိုင် ၂၈ ရက်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးသို့လည်း သွားရောက်မည်ဖြစ်ကြောင်း ဦးမောင်မောင်ဦးက အတည်ပြုပြောကြားသည်။ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သွင်းခြင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က "ကိုယ်စားလှယ်တွေ လက်မှတ်ထိုးရတယ်ဆိုတာ ဒီလိုပါ။ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကိုတင်တဲ့အခါမှာ အချက်အလက်တွေဖြည့်ရတယ်။ အဲဒီလိုအချက်အလက်တွေဖြည့်တဲ့အခါမှာ မြို့နယ်တရားသူကြီးထက် အဆင့်မနိမ့်တဲ့ တရားသူကြီးတစ်ယောက်ယောက်ရှေ့မှာ လက်မှတ်ထိုးရတယ်" ဟု ပြောကြားသည်။ ဆက်လက်၍ ဦးထွန်းထွန်းဟိန်က "နှစ်နေရာမှာ လက်မှတ်ထိုးလို့ရပါတယ်။ ယေဘုယျအားဖြင့်ပြောတာပါ။ တစ်ခုက မိမိနေထိုင်ရာမြို့နယ်မှာရှိတဲ့ မြို့နယ်တရားသူကြီးထက် အဆင့်မနိမ့်တဲ့ တရားသူကြီးရှေ့မှောက်မှာ လက်မှတ်ထိုးလို့ရပါတယ်။ ထို့အတူပဲ လျှောက်လွှာတွေတင်ရတာက ခရိုင်ကော်မရှင်မှာတင်ရတာကိုး။ ခရိုင်ကော်မရှင်မှာတင်ရတော့ ခရိုင်ကော်မရှင်ရုံးတည်ရှိရာ မြို့မှာလည်း လက်မှတ်သွားထိုးလို့ရပါတယ်။ဘယ်နေရာမှာထိုးထိုး မြို့နယ်တရားသူကြီးထက် အဆင့်မနိမ့်တဲ့ တရားသူကြီးရှေ့မှောက်မှာ လက်မှတ်ထိုးရင်ပြီးတာပါပဲ" ဟုပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အားလုံးနီးပါးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသူတစ်ဦးသည် နေပြည်တော်ကော်မရှင်အဖွဲ့ခွဲ၊ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း အမည်စာရင်းတင်သွင်းလွှာကို တင်သွင်းရမည်ဖြစ်ပြီး အမည်စာရင်းတင်သွင်းထားသူ၏ အမည်စာရင်းတင်သွင်းလွှာသည် သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိမရှိ၊ လက်ခံရန် သင့် မသင့်ကို သတ်မှတ်ထားသည့်အတိုင်း နေပြည်တော်ကော်မရှင်အဖွဲ့ခွဲ၊ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကော်မရှင်အဖွဲ့ ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲတို့က စိစစ်ရမည်ဖြစ်သည်။လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့်နေ့ရက်မှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၀ ရက်ဖြစ်ပြီး နောက်ဆုံးနေ့ရက်မှာ သြဂုတ် ၈ ရက်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ သြဂုတ် ၁၁ ရက်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်နေ့ရက်မှာ ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုင်ရာဖြစ်စဉ်များအရ ပထမအကြိမ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲထက် ဒုတိယအကြိမ် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက တိုင်းပြည်အတွက် လွန်စွာအရေးကြီးကြောင်း ပြောကြားထားသည်။ NLD ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့်အနိုင်ရမည်ဟု ခန့်မှန်းမှုများရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းရန် ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ယနေ့သွားရောက်မည်