တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ၏ ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇူလိုင် ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်ခဲ့ရာ ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် SD တို့၏ ဆွေးနွေးပွဲ ရလဒ်အပေါ် SD အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းစီက အမြင်သဘောထားများ တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။UPWC နှင့် SD တို့ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ညှိနှိုင်းမှု ဆွေးနွေးပွဲတွင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ရမည့် အဖွဲ့အစည်း သတ်မှတ်ရေးကိစ္စနှင့် စာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်မည့် အသိသက်သေနိုင်ငံများ သတ်မှတ်ရေး ကိစ္စတို့ကို နှစ်ဖက်သဘောတူညီမှု မရခဲ့ကြောင်း သိရသည်။ချင်းမိုင်တွင် ပြုလုပ်နေသည့် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး SD အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ တစ်ဖွဲ့ချင်းစီရဲ့ အမြင်တွေကို တင်ပြနေတာ။ ကျွန်တော်တို့ အဆင့်မြင့်ညှိနှိုင်းရေး အဖွဲ့နဲ့ UPWC ညှိနှိုင်းပြီးမှ ရလာတဲ့ ရလဒ်တွေအပေါ်မှာ တစ်ဖွဲ့ချင်းက တင်ပြတာ။ အချက်အလက်တွေ တူတဲ့အပိုင်း ရှိသလို မတူတဲ့ အပိုင်းလည်း ရှိတာပေါ့။ အဖွဲ့အစည်းတွေ အကုန်လုံး ပါဝင်ရေး မူမှာကျတော့ ဘယ်မှာပါသင့်တယ်။ အကုန်လုံးပါရေးမူကို ရပ်တည်လို့ရှိရင် ဘယ်လို အခက်အခဲ ရှိမယ်ဆိုတဲ့ အပိုင်းတွေပေါ့။ ဒါကို ဘယ်လိုကျော်လွှားသွားမလဲဆိုတဲ့ ကိစ္စပေါ့။ ဒါက တစ်ဖွဲ့ချင်း တင်ပြီးမှ မနက်ဖြန် ပြန်ပေါင်းချုပ်မယ်” ဟု ပြောကြားသည်။“အကုန်လုံးက နားလည်သဘောပေါက် လက်ခံနိုင်တဲ့ အနေအထားတစ်ခုကို ဆွေးနွေးသွားမှာပေါ့။ ဆွေးနွေး အဖြေရှာရမယ်ဆိုတဲ့ အယူအဆတွေပဲ တင်ပြဆွေးနွေးမှုတွေက များပါတယ်။ ဘယ်လိုနည်းလမ်းတွေ ရှာကြမလဲဆိုတဲ့ ကိစ္စပေါ့။ အကုန်လုံး ပါဝင်ရေးက မူအရတော့ အားလုံးလက်ခံပါတယ်။ ဒါပေမဲ့ ဒီမူကို ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတဲ့ ကိစ္စမှာ နည်းလမ်းရှာမှာပေါ့” ဟု ပဒိုစောကွယ်ထူးဝင်းက ဆက်လက်ပြောကြားသည်။UPWC အလုပ်အဖွဲ့ Myanmar Peace Center မှ ဦးအောင်နိုင်ဦးက “အခြေအနေ ကောင်းပါတယ်။ သူတို့ အကြိတ်အနယ် ဆွေးနွေးနေကြတာ။ ပြဿနာက တစ်ခုပဲ ကျန်တော့တာ။ အားလုံးပါဝင်ရေး ကိစ္စတစ်ခုပဲ ကျန်တော့တာ။ အဲဒါပဲ” ဟု ပြောကြားသည်။Myanmar Peace Center မှ ဦးလှမောင်ရွှေကလည်း “အစည်းအဝေး ပြီးကတည်းက ဝန်ကြီးဦးအောင်မင်းလည်း နေပြည်တော်ပြန်တယ်။ SD ကလည်း အစည်းအဝေး လုပ်တယ်။ ကျွန်တော် သိသလောက်တော့ မနက်ဖြန်အထိ SD က အစည်းအဝေး ရှိနေသေးတယ်လို့ ကြားတယ်။ ဒီအစည်းအဝေးတွေပြီးမှ သိရမယ်ထင်တယ်” ဟု ပြောကြားသည်။SD အဖွဲ့၏ အစည်းအဝေး အပြီးတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) အပြီးသတ် ညှိနှိုင်းနိုင်ရေးအတွက် တရားဝင်ဆွေးနွေးပွဲ ကျင်းပရန် နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင်လည်း SD အဖွဲ့၏ ဆွေးနွေးပွဲ အခြေအနေများနှင့် ပတ်သက်ပြီး နှစ်ဖက်အလုပ်အဖွဲ့များကြား အပြန်အလှန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။SD အဖွဲ့ကို ၂၀၁၅ ခုနှစ် ဇွန်လ၌ ကရင်ပြည်နယ် လော်ခီးလာဒေသတွင် ကျင်းပခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး SD အဖွဲ့သည် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဆွေးနွေးညှိနှိုင်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ထက် ပိုမိုလုပ်ပိုင်ခွင့်ရှိပြီး NCCT အဖွဲ့ဝင် အဖွဲ့အစည်းများမှ အရေးပါသည့် ခေါင်းဆောင်များ ထပ်မံဖြည့်စွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။SD အဖွဲ့တွင် NCCT အဖွဲ့ဝင် မဟုတ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်လာသည်။
တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် အပစ်ရပ်စာချုပ် (မူကြမ်း) ဆွေးနွေးပွဲအပေါ် တစ်ဖွဲ့ချင်း၏ သဘောထားများ တင်ပြဆွေးနွေး