၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တစညပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ ပြုလုပ်

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တစညပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ ပြုလုပ်
Published 27 July 2015
မောင်မောင်ရွှေမြိုင်

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲကို မော်လမြိုင်မြို့တွင် ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။၂၀၁၀ ပြည့်နှစ်က မွန်ပြည်နယ်တွင် တစညပါတီမှ ၄၅ ဦး ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၃၁ ဦးသာ ယှဉ်ပြိုင်ရခြင်းမှာ ရာနှုန်းပြည့်နိုင်ခြေရှိမည့် နေရာများကိုသာ ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း၊ မြို့နယ်အချို့တွင် တပ်မတော်မှ အရာရှိကြီးများ ပါဝင်ယှဉ်ပြိုင်ရန် သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ပြည်သူ၏ အဆုံးအဖြတ်သာ ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းများ၏ ပိုင်ဆိုင်မှုကို ကြေညာရန် မရှိခြင်းမှာ ပင်ကိုကပင် ဆင်းရဲ၍ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်က ကိုယ်စားလှယ်များ၏ ပေးသွင်းငွေ ကျပ်ငါးသိန်းကို ပါတီက တစ်ဝက်ကျခံခဲ့သော်လည်း ၂၀၁၅ ခုနှစ်ကိုယ်စားလှယ်များ၏ ပေးသွင်းငွေ ကျပ်သုံးသိန်း၊ အခြားကုန်ကျစရိတ် အချို့ကို ပါတီက ကျခံပေးသည်ဟု သိရသည်။“မဲရုံတိုက်ပွဲကို ဥပဒေဘောင်ထဲကနေ ဆင်နွှဲဖို့ ပညာပေးတာကို ဇူလိုင် ၁၈ ရက်က လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်/ခရိုင်/မြို့နယ် ပါတီဝင်တွေကို ပညာပေး လုပ်ဆောင်ခဲ့ပါတယ်။ ကြိုတင်မဲ၊ ပယ်မဲတွေကိုလည်း ရှင်းလင်း အသိပညာပေး လုပ်ဆောင်ထားပါတယ်။ မြို့နယ် ၁၀ မြို့နယ်လုံးကို သြဂုတ် ၁၀ ရက်ကစပြီး ပညာပေးသဘောမျိုး သင်တန်းလုပ်ပါမယ်။ မဲမပေးမီ မဲရုံဆောက်ကတည်းက လျှို့ဝှက်မဲပေးစနစ်နဲ့ ညီမညီကစပြီး ရပ်/ကျေး ကော်မရှင်တွေ၊ မဲရုံတာဝန်ကျတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီမညီ စိစစ်ပြီး ကော်မရှင် အဆင့်ဆင့်တွေကို ပြောဆိုနိုင်တဲ့အထိ ပညာပေးဖို့ ရှိပါတယ်” ဟု မွန်ပြည်နယ် တစညပါတီ ဥက္ကဋ္ဌ ဦးဘရှိန်က ပြောကြားသည်။၂၀၁၀ ပြည့်နှစ်က မွန်ပြည်နယ်တွင် တစညပါတီမှ ၄၅ ဦး ပါဝင်ယှဉ်ပြိုင်ပြီး လေးဦး အရွေးခံရကာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တစညပါတီမှ အရွေးခံမည့် ကိုယ်စားလှယ်လောင်း ၃၁ ဦး (ကျား-၂၆၊ မ-၅) တွင် အသက် ၆၀ နှစ်အထက် ၁၈ ဦး၊ အသက် ၄၀-၆၀ နှစ် သုံးဦး၊ အသက် ၄၀ နှစ်အောက် ၁၀ ဦးပါကာ မွန်ပြည်နယ်တွင် လက်ရှိအရွေးခံမည့် ပါတီရှစ်ခုအနက် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းအား ပြည်သူကို ပထမဆုံး အသိပေးချပြသည့် ပါတီဖြစ်ကြောင်း သိရသည်။၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။