နိုင်ငံရေးဆွေးနွေးချက်များ လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်ရန် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေးပွဲ သဘာပတိ တိုက်တွန်း

နိုင်ငံရေးဆွေးနွေးချက်များ လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်ရန် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေးပွဲ သဘာပတိ တိုက်တွန်း
Published 27 July 2015
ဇာလီမြင့်ဦး

နိုင်ငံရေးဆိုင်ရာ ဆွေးနွေးချက်များ လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်ရန် ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် တတိယအကြိမ်မြောက် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အဖွဲ့အစည်းများအား သဘာပတိအဖြစ် ဆောင်ရွက်သည့် UNA ခေါင်းဆောင် တစ်ဦးဖြစ်သူ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က တိုက်တွန်းပြောကြားသည်။ဦးအေးသာအောင်က “ကျွန်တော်တို့တွေဟာ ညီလာခံတွေ ကျင်းပတယ်။ ဆွေးနွေးပွဲတွေ လုပ်တယ်။ ဆွေးနွေးချက်တွေကလည်း ကောင်းပါတယ်။ ဆုံးဖြတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေလည်း ထွက်တယ်။ ဒါပေမဲ့ ဒီထုတ်ပြန်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်းတယ်။ ဒါတွေကြောင့် ဒီတစ်ခေါက် ဒီဆွေးနွေးပွဲမှာ ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတယ်။ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲတုန်းက ဆုံးဖြတ်ချက်တွေ ရှိတယ်။ ထုတ်ပြန်ချက်တွေ ရှိတယ်။ ဒါတွေကို အကောင်အထည်ဖော်ဖို့ ၁၅ ဦး ကော်မတီကိုလည်း ဖွဲ့ခဲ့တယ်။ တကယ့်တကယ် ဝန်ခံရမယ်ဆိုရင် ကျွန်တော်တို့တွေဟာ ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့တဲ့အခါ တကယ့်တကယ် လုပ်နိုင်တဲ့ အချိန်ပေးပြီး ဆောင်ရွက်နိုင်မယ့် ပါသင့်ပါထိုက်တဲ့ သူတွေလည်း ပါမယ့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးတော့ ဆောင်ရွက်ကြစေလိုပါတယ်” ဟု ပြောကြားသည်။၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေးပြဿနာ အရပ်ရပ်ကို တွေ့ဆုံဆွေးနွေး အဖြေရှာသော နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရန်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ မိတ်ဖက်နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများအကြား ဟန်ချက်ညီစွာဖြင့် စည်းစည်းလုံးလုံး အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပြီး သဘောတူညီချက်များ အကောင်အထည်ဖော်ရေး ၁၅ ဦးပါ လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့သည်။သို့သော် အလုပ်အဖွဲ့က ဆောင်ရွက်ရမည့် လုပ်ငန်းများသည် ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေ၊ အပြောင်းအလဲများနှင့် တိုက်ရိုက် ဆက်စပ်နေခြင်း၊ အပစ်အခတ် ရပ်စဲရေး အခြေအနေ အတက်အကျတို့နှင့်လည်း တိုက်ရိုက်ဆက်စပ်နေခြင်း၊ အလုပ်အဖွဲ့ဝင်များသည် သက်ဆိုင်ရာနိုင်ငံရေးပါတီ အသီးသီးတွင် အဓိက တာဝန်ရှိသူများ ဖြစ်နေခြင်း၊ ရွေးကောက်ပွဲအကြို ရာသီဖြစ်နေခြင်း စသည်တို့ကြောင့် အကျိုးဆောင်နိုင်သည့် အဆင့်အထိ မရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်ဟု အလုပ်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။      လက်ရှိ ဆွေးနွေးပွဲတွင်မူ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ကော်မတီ အသစ်တစ်ရပ် ဖွဲ့စည်းတာဝန်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။“အခုလက်ရှိ နိုင်ငံရေး အခင်းအကျင်း အခြေအနေများသည် ယခင်က နဝတ၊ နအဖ စစ်အစိုးရက ချပေးလိုက်တဲ့ လမ်းကြောင်း၊ ပုံစံ။ အဲတော့ ဒီပုံစံကိုပြင်ဖို့၊ ပြောင်းဖို့ မလွယ်လောက်ဘူး။ ခက်ခဲလောက်တယ် ဆိုလို့ရှိရင် ဒီယခင်စစ်အစိုးရက ချပေးလိုက်တဲ့ လမ်းကြောင်းအတိုင်း မှေးပြီးတော့ လိုက်ကြမှာလား။ သို့သော် ဒီလို မှေးပြီးတော့ လိုက်သွားရင်တော့ ကျွန်တော်တို့ ခင်ဗျားတို့ မျှော်လင့်တဲ့ ပြည်သူက မျှော်လင့်တဲ့ တိုင်းပြည်က တကယ်ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားပြီးတော့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ပြည်တွင်းစစ်ကိုရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ပြီးတော့ တိုင်းရင်းသားအားလုံးနဲ့ သဟဇာတဖြစ်နိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ဆိုတာ ဒီလမ်းကြောင်းအတိုင်းသွားလို့ ဖြစ်နိုင်ပါ့မလား။ ကျွန်တော့်အနေနဲ့ကတော့ ဖြစ်နိုင်မယ်လို့ မထင်ဘူး။ ဒီတော့ မဖြစ်နိုင်မယ့် လမ်းကြောင်းအတိုင်း လိုက်နေမယ့်အစား ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ လိုတယ်” ဟု ဦးအေးသာအောင်က ဆက်လက်ပြောကြားသည်။ဆွေးနွေးပွဲကို ဇူလိုင် ၂၉ ရက်အထိ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး UNA နှင့် မိတ်ဖက်အဖွဲ့အစည်း ၄၁ ဖွဲ့ကို ဖိတ်ကြားခဲ့ကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။ ဆွေးနွေးပွဲ ပထမနေ့သို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် နိုင်ငံရေးပါတီများ၊ မိတ်ဖက်နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာမူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများ ပြုလုပ်နေသဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့်လည်း ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကြောင့် တက်ရောက်ဆွေးနွေးနိုင်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။  UNA နှင့် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲများသို့ မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် နိုင်ငံရေးပါတီများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကယန်းပြည်သစ်ပါတီ (KNSP)၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပုံမှန် တက်ရောက်ခဲ့ကြောင်း သိရသည်။UNA အဖွဲ့ဝင် ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ကရင်အမျိုးသားပါတီတို့ ဖြစ်သည်။