ဘာသာရေးကို နိုင်ငံရေးတွင် အသုံးမချသင့်ကြောင်းနှင့် အမျိုးဘာသာသာသနာ ထိခိုက်အောင် လုပ်၊ မလုပ် ဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ ဆုံးဖြတ်မှုကို ခံရဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးမချသင့်ကြောင်းနှင့် အမျိုးဘာသာသာသနာ ထိခိုက်အောင် လုပ်၊ မလုပ် ဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ ဆုံးဖြတ်မှုကို ခံရဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 26 July 2015
မင်းသူဝင်းထွဋ်၊ ငြိမ်းကို၊ မျိုးမင်းထက်

ဘာသာရေးကိစ္စများကို နိုင်ငံရေးတွင် အသုံးမချသင့်ကြောင်းနှင့် မိမိအနေဖြင့် အမျိုးဘာသာ သာသနာ ထိခိုက်အောင် လုပ်၊ မလုပ် ဆိုခြင်းနှင့်ပက်သက်၍ ပြည်သူများက ဆုံးဖြတ်မည်ဖြစ်ကာ အဆိုပါ ဆုံးဖြတ်ချက်ကို ခံရဲသည်ဟု ဒေါ်အောင်ဆန်းစုကြည်က မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်လူထုတွေ့ဆုံပွဲ၌ ပြည်သူတစ်ဦး၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။
အဆိုပါပွဲသို့ တက်ရောက်လာသူ ပြည်သူတစ်ဦးက အွန်လိုင်းနှင့် ဖေ့စ်ဘွတ်စာမျက်နှာများပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရခဲ့ပါက အမျိုးဘာသာသာသနာကို ထိခိုက်မည်ဟု ဝါဒဖြန့်ချိနေမှုအပေါ်  သိနားလည်သူများ ရှိသော်လည်း ရိုးသားသည့် တောသူတောင်သားများ သိနားလည်လာစေရန် ရှင်းပြပေးစေလိုကြောင်း မေးမြန်ခဲ့ခြင်းဖြစ်သည်။
“အဲဒီလိုရေးသားခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပါတယ်။ ဒါဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုလို့ရှိရင်၊ ဘာသာရေးကိစ္စတွေကို နိုင်ငံရေးအတွက် အသုံးချတာဟာ မလုပ်သင့်ပါဘူး။ နောက်ပြီးတော့ အမျိုးဘာသာသာသနာကို ကျွန်မအနေနဲ့ ထိခိုက်အောင် လုပ်မယ်၊ မလုပ်မယ်ဆိုတာ ပြည်သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျွန်မပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ခံရဲပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) ပုဒ်မ ၃၆၄ တွင် နိုင်ငံရေးကိစ္စအလို့ငှါ ဘာသာသာသနာကို အလွှဲသုံးစားမပြုရ၊ ထို့ပြင် လူမျိုးရေးကြောင့် သော်လည်းကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန်၊ ဥပဒေပြဋ္ဌာန်း နိုင်သည်ဟု အတိအလင်း ဆိုထားသည်။
NLD ပါတီနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ဘာသာရေးအရ အမြင်လွှဲမှားစေနိုင်သည့် ဝါဒဖြန့်ဝေမှုများမှာ အွန်လိုင်းစာမျက်နှာဖြစ်သည့် ဖေ့စ်ဘွတ်စာမျက်နှာ များတွင်သာမက၊ ဇူလိုင် ၁၈ ရက်က မြောင်းမြမြို့တွင် ကျင်းပခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် အားကစားဝန်ကြီး ဦးတင့်ဆန်း၊ လကဝန်ကြီး ဦးခင်ရီနှင့် ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုတို့ တက်ရောက်ခဲ့သည့် နတ်စင်တစ်ရာ ဆရာတော်၏ စတုဒိသာအလှူပွဲတွင် NLD ပါတီနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဘာသာရေးအရ အပုပ်ချတိုက်ခိုက်သည့် ဝါဒဖြန့်စာရွက်များကို ဖြန့်ဝေခဲ့မှုများ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။