NLD ကိုယ်စားလှယ်လောင်း ရွေးချယ်ရာ၌ အရည်အချင်းရှိသည့် တိုင်းရင်းသားများကိုလည်း ဦးစားပေးမည်ဖြစ်ပြီး သို့မှသာ ညီညွတ်သည့် ပြည်ထောင်စုကြီးကို ထူထောင်နိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲ၌ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၂၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်ရှိ အားကစားကွင်း၌ ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲမှာလည်း ပြည်သူ့အတွက် အကောင်းဆုံးဖြစ်မယ့် ကိုယ်စားလှယ်တွေ ရွေးနိုင်ဖို့ ကျွန်မတို့ ကြိုးစားပါတယ်။ နံပါတ်တစ်အနေဖြင့် ကျွန်မတို့ သတ်မှတ်ထားတာကတော့ အရည်အချင်းပါပဲ။ ပြီးရင် ကိုယ်စားလှယ်လောင်းများဟာ အရည်အချင်းနဲ့ ပြည့်စုံရမယ်။ ဘာအရည်ချင်းလဲ ပြည်သူကို အကျိုးပြုနိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံရမယ်။ အရည်အချင်းခြင်း အတူတူဆိုရင် ကျွန်မတို့ အမျိုးသမီးများကို ဦးစားပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အမျိုးသမီးများဟာ ဘာပဲပြောပြော အမျိုးသမီးတွေဟာ နိုင်ငံရဲ့ လူဦးရေရဲ့ အကြမ်းဖျင်းပြောရရင် တစ်ဝက်ပေါ့။ ဒီတစ်ဝက်ရဲ့ အသံတွေ၊ အင်အားတွေဟာ ပေါ်လာဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူလူထုအား ပြောကြားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲသို့ ဒေသခံ ပြည်သူလူထု ထောင်ချီတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
“နောက်ပြီးတော့ လူကြီးနဲ့ လူငယ် အရည်အချင်း အတူတူပဲ ဆိုလို့ရှိရင် ကျွန်မတို့ လူငယ်တွေကို ဦးစားပေးမယ်။ ဒါကတော့ နောက်မျိုးဆက်တွေ တာဝန်ဆက်ပြီးတော့ တာဝန်ယူနိုင်မယ့် အခြေအနေကို ရောက်အောင်လို့ ပို့ပေးတာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဆက်လက်၍ ၎င်းက “နောက်ဆုံးမှာ ကျန်တဲ့အရည်အချင်းတွေ တူလို့ရှိရင် တိုင်းရင်းသားတွေကို ဦးစားပေးမယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားပေါ့နော်။ ဗမာတွေက တိုင်းရင်းသားတွေထဲမှာ အများဆုံး ဖြစ်နေတဲ့အခါကြတော့ ကျွန်မတို့ဟာ လူနည်းစုတိုင်းရင်းသားတွေကို ပိုပြီးတော့ ဦးစားပေးမယ်” ဟုဆိုသည်။
“တချို့က ပြောတယ် ပထမဦးဆုံး တိုင်းရင်းသားတွေ ဦးစားမပေးဘဲနဲ့ ဘာဖြစ်လို့ နံပါတ် (၄) မှာ ထားလဲပေါ့။ ပထမဦးဆုံးမှာလည်း ပါပြီးသားပါ။ အရည်အချင်းအရ အတော်ဆုံးဟာ တိုင်းရင်းသားတွေ ဖြစ်ရင်လည်း တိုင်းရင်းသားတွေရမှာပဲ။ အမျိုးသမီးနှစ်ယောက်က အရည်အချင်းတူလို့ရှိရင် တိုင်းရင်းသူဖြစ်တဲ့ အမျိုးသမီးကို ကျွန်မတို့ ဦးစားပေးမယ် ဒီလိုသဘောပါ။ ကျန်တဲ့ဟာတွေ အတူတူပဲဆိုရင်တော့ ကျွန်မတို့ လူမျိုးစုငယ် တိုင်းရင်းသားတွေကို ကျွန်မတို့ ဦးစားပေးမှာ ဖြစ်ပါတယ်။ ဒါမှတကယ့်ကို ညီညွတ်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်နိုင်မှာပါ” ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ဒီနိုင်ငံဟာ လွတ်လပ်ရေးရလာတာဟာ ပင်လုံစာချုပ်အရ ပင်လုံသဘောတူညီချက်အရ တိုင်းရင်းသားများက ဝန်းဝိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့က အရည်အချင်းတွေကို ကြည့်ပြီးတော့ ဦးစားပေးမယ်။ နောက်ပြီးတော့လည်း ကျွန်မတို့ အဖွဲ့ချုပ်ထဲမှာ သစ္စာရှိရှိနဲ့ အကြာကြီး လုပ်ခဲ့တဲ့သူတွေကို အ ရည်အချင်းတွေအရ အတော်ဆုံးထဲမှာ ဝါရင့်တဲ့ အဖွဲ့ချုပ်ဝင်တွေကိုလည်း ဦးစားပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
“ကျွန်မတို့ရဲ့ ကိုယ်စားလှယ်တွေဟာ မိမိတို့ရဲ့ ပိုင်ဆိုင်မှုခွင့်တွေကိုလည်း ကျွန်မတို့က အသိပေးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပိုင်ဆိုင်ခွင့်တွေကို သိထားဖို့လိုတာဟာ ကိုယ်စားလှယ်ဖြစ်ပြီးမှ ကျွန်မတို့အဖွဲ့ချုပ်က အစိုးရဖြစ်လာပြီးမှ အိမ်တစ်လုံးရှိတဲ့လူက များမကြာမီ အိမ်ငါးလုံး ရှိလာရင်တော့ သိပ်တော့ မဟုတ်တော့ဘူးလို့ ဒီလိုပဲသတ်မှတ်ရမှာပဲ။ ဒါမျိုးတွေကို ကျွန်မတို့ ထိန်းဖို့အတွက် ပိုင်ဆိုင်မှုတွေကို အသိပေးရမယ့် ဆိုပြီးတော့ ကျွန်မဒီလို ကြေညာထားတာ ဖြစ်ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ဘယ်လိုပဲ အရည်အချင်းရှိရှိ ကျန်းမာရေးကြောင့် ပြည်သူ့ရဲ့တာဝန်တွေကို မထမ်းဆောင်နိုင်ဘူး ဆိုရင်တော့ ကျွန်မတို့ တာဝန်ပေးဖို့ဟာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ဟာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲနဲ့ ပြည်သူနဲ့ နိုင်ငံရဲ့ အရေးကို ဘယ်လောက်ထမ်းဆောင် နိုင်မလဲဆိုတာ ကြည့်ပြီးတော့ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်တွေကို ရွေးမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
၂၀၁၅ လို ရွေးကောက်ပွဲမျိုး နောင်မြန်မာနိုင်ငံ၏ သမိုင်းတွင် မည်သည့်အချိန်၌ ပြန်ဖြစ်မည်ဆိုတာ ပြော၍မရကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံ၏ အနာဂတ်ကို အကောင်အထည် ဖော်မည့်ရလဒ် ဖြစ်သည်ကိုမမေ့ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားထားသည်။
NLD ကိုယ်စားလှယ်လောင်း ရွေးချယ်ရာ၌ အရည်အချင်းရှိသည့် တိုင်းရင်းသားများကိုလည်း ဦးစားပေးမည်ဖြစ်ပြီး သို့မှသာ ညီညွတ်သည့် ပြည်ထောင်စု ထူထောင်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား