အခြေခံပညာရေးဥပဒေကြမ်း၊ နည်းပညာနှင့် သက်မွေးပညာရေးဥပဒေကြမ်းများအား အမျိုးသားလွှတ်တော်သို့ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဇူလိုင် ၂၃ ရက်က ဆွေးနွေးအတည်ပြုနိုင်ရန်အတွက် အဆိုတင်သွင်းခဲ့သည်။အခြေခံပညာရေးဥပဒေကြမ်းတွင် ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်း၏အပိုဒ် (၁၀) တွင် ဝန်ကြီးဌာနက အခြေခံပညာဆရာများအား ယင်းတို့တာဝန်ထမ်းဆောင်နေသောအဆင့်အတွင်း တည်ပြုစွာတာဝန်ထမ်းဆောင်နိုင်ရန် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်အဆင့်အလိုက် အဆင့်တိုးမြှင့်ခြင်း၊ လစာငွေတိုးမြှင့်ခြင်းနှင့် ချီးမြှင့်ငွေများ ချီးမြှင့်ခြင်းတို့ကိုပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဟု ပြင်ဆင်အစားထိုးရန် တင်ပြထားကြောင်း သိရသည်။ထို့ပြင် အားကစားနှင့် ကာယပညာလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ရေးဆိုသည့် စကားရပ်များ၊ ဦးစီးဌာနသည် အမျိုးသားပညာရေးမူဝါဒကော်မရှင်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၏ အရည်အသွေးအာမခံမှု စံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း အခြေခံပညာ၏ အရည်အသွေးအာမခံမှု ကြီးကြပ်ဆောင်ရွက်ရမည်ဟု အစားထိုးသင့်ကြောင်း မှတ်ချက်ပြုထားသည်။အခြေခံပညာအဆင့်အားလုံးတွင် ပညာအရည်အသွေးအာမခံမှုအတွက် အတွင်းအရည်အသွေးအာမခံမှုနှင့် ပြင်ပအရည်အသွေး အာမခံမှုလုပ်ငန်းနှစ်ရပ်ပါဝင်သော အခြေခံပညာအရည်အသွေး အာမခံမှုစနစ်တစ်ခုထားရှိရမည်ဟု ပြင်ဆင်ထားကြောင်း သိရသည်။မိဘ သို့မဟုတ် အုပ်ထိန်းသူသည် မိမိတို့၏ကျောင်းနေအရွယ်ကလေးများကို နိုင်ငံတော်ကသတ်မှတ်ထားသော အခမဲ့မသင်မနေရပညာရေးကို သင်ကြားပေးရေးအတွက် သက်ဆိုင်ရာကျောင်းသို့ မဖြစ်မနေကျောင်းအပ်ရန်နှင့် ယင်းပညာရေးအဆင့်ပြီးမြောက်သည်အထိ သင်ယူစေရန် တာဝန်ရှိသည်ဆိုသည့်စကားရပ်များကို အစားထိုးထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။နည်းပညာနှင့် သက်မွေးပညာရေးဥပဒေကြမ်း၏ အပိုဒ် ၁၈ တွင် အခြေခံပညာမူလတန်းအဆင့် အောင်မြင်ပြီးမြောက်သူများတက်ရောက်နိုင်သော အခြေခံအဆင့်နည်းပညာနှင့် သက်မွေးပညာရေး၊ အလယ်တန်းအဆင့်အောင်မြင်ပြီးမြောက်သူများနှင့်ညီမျှသည့် အရည်အချင်းရှိသူများတက်ရောက်နိုင်သော အလယ်တန်းအဆင့်နည်းပညာနှင့် သက်မွေးပညာရေး၊ အခြေခံအထက်တန်းအဆင့် အောင်မြင်ပြီးမြောက်သူများနှင့် ညီမျှသည့် အရည်အချင်းရှိသူများ တက်ရောက်နိုင်သော ဘွဲ့ကြိုဒီပလိုမာအဆင့်ပညာရေးဆိုသည့် စကားရပ်များပြောင်းသင့်ကြောင်း ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားကြောင်း သိရသည်။ထို့ပြင် ဥပဒေကြမ်း၏ အပိုဒ် ၂၆ တွင် မိမိအရည်အချင်းနှင့် သင်ကြားရေးစွမ်းရည်အစဉ်တိုးတက်စေရန် လေ့ကျင့်ဖြည့်ဆည်းကာ အခါအားလျော်စွာဖွင့်လှစ်သည့် နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ဆရာအတတ်သင်သင်တန်းများသို့ တက်ရောက်ရမည်ဆိုသည့် စကားရပ်များ ထည့်သွင်းသင့်ကြောင်း ကော်မတီ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခြေခံပညာရေးဥပဒေကြမ်း၊ နည်းပညာနှင့် သက်မွေးပညာရေးဥပဒေကြမ်းများအား ဆွေးနွေးအတည်ပြုနိုင်ရန် အမျိုးသားလွှတ်တော်သို့ ပညာရေးဝန်ကြီးဌာန အဆိုတင်သွင်း