ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ဗကသကျောင်းသားများနှင့် ဝန်းရံပြည်သူများအား ဇူလိုင် ၂၁ ရက်က သာယာဝတီမြို့နယ်တရားရုံးတွင် ကိုးကြိမ်မြောက်ရုံးထုတ်ခဲ့သည်။ အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေ ရဲမှူးဖုန်းမြင့်အား ဆက်လက်စစ်ဆေးခဲ့ကာ ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်နှင့် မဖြိုးဖြိုးအောင်တို့အား ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ ဖြင့် သပိတ်စစ်ကြောင်း ဖြတ်သန်းသွားလာရာ မြို့နယ်သုံးခုမှ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။သပိတ်စစ်ကြောင်းဖြတ်သန်းသွားလာခဲ့ရာ မြို့နယ်များဖြစ်သည့် ပြည်၊ နတ္တလင်း၊ ရွှေတောင်၊ ပေါင်းတည်မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များက သာယာဝတီအကျဉ်းထောင်သို့ လာရောက်ကြပြီး ယင်းကဲ့သို့ အမှုဖွင့်ထားကြောင်း လာရောက်ပြောကြားသည်ဟု ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များက ပြောကြားသည်။"ကျွန်တော့်ကို ပြည်၊ ရွှေတောင်၊ ပေါင်းတည် သုံးမြို့ရယ်၊ ရန်ကုန်မှာ သပိတ်စစ်ကြောင်းကိုထောက်ခံတဲ့ ဆန္ဒပြပွဲအတွက်ရယ်ဆိုပြီးတော့ ပုဒ်မ ၁၈ နဲ့ လေးမှုထပ်ဖွင့်ထားကြောင်း သက်ဆိုင်ရာရဲစခန်းတွေက ထောင်ကိုလာပြောကြတယ်။ အခုလို ထောင်သွင်းအကျဉ်းချပြီးတဲ့အပြင် ထပ်ပြီးတရားထပ်စွဲတဲ့သဘောပေါ့။ အမှုတွေကိုတော့ မစစ်သေးဘူး။ ဒီရုံးမှာရှိနေတာတွေ ပြတ်သွားတော့မှ စစ်မယ်လို့ပြောကြတယ်။ ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေးအငြိုးတွေနဲ့ ကျွန်တော်တို့ကျောင်းသားခေါင်းဆောင်တွေကို အစိုးရကဖိနှိပ်တယ်လို့ပဲ ယူဆပါတယ်။ ရန်ကုန်မှာလုပ်တဲ့ သပိတ်တွေကို ထောက်ခံဆန္ဒပြပွဲမှာဆို ကျွန်တော်ဦးဆောင်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူး။ သက်သက်ဖိနှိပ်တဲ့ပုံစံတစ်မျိုးပါပဲ။ ကျွန်တော့်ကို အစိုးရကစွဲထားတဲ့အမှုတွေက ဒါပါနဲ့ဆို ၆၅ မှုတောင်ရှိသွားပါပြီ" ဟု ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ လေးမှုဖြင့် ထပ်မံအမှုဖွင့်ခံရသည့် ကိုနန္ဒာစစ်အောင်က ပြောကြားသည်။ပြည်၊ နတ္တလင်း၊ ပေါင်းတည်မြို့များမှ ပုဒ်မ ၁၈ သုံးမှုဖြင့် တရားစွဲခံရသူ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က "တကယ်တော့ ပုဒ်မ ၁၈ ဆိုတာ ကိုယ့်အခွင့်အရေးကိုယ်တောင်းဆိုတာတောင် သူတို့ဆီမှာ ခွင့်ပြုချက်တင်ရတဲ့ကိစ္စဖြစ်လို့ ဘယ်သူမှလက်ခံတဲ့ ပုဒ်မမဟုတ်ပါဘူး။ ကျွန်တော်တို့လည်း လက်မခံပါဘူး။ ဒါကိုအစိုးရက လူတိုင်းလက်မခံတဲ့ပုဒ်မနဲ့ပဲတရားစွဲပါတယ်။ လက်ခံခံ၊ မခံခံ လက်ခံလာအောင် အတင်းလုပ်တဲ့ပုံစံမျိုးပေါ့။ အစိုးရရဲ့စေတနာ ပေါ်လွင်ပါတယ်။ လက်ရှိမှာလည်း ထောင်ထဲထည့်ထားသေးတယ်။ မပြီးမချင်းလည်း တရားထပ်စွဲဦးမယ်ဆိုတဲ့သဘောပေါ့" ဟု အမှုဖွင့်ခြင်းအပေါ် မှတ်ချက်ပြုသည်။
ဇူလိုင် ၂၁ ရက်က သာယာဝတီခရိုင်တရားရုံးသို့ လာရောက်သည့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် ဖမ်းဆီးခံထားရသော ကျောင်းသူများအား ရုံးထုတ်ချိန်တွင် ကြိုဆိုနှုတ်ဆက်သူများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်) ဇူလိုင် ၂၁ ရက်ရုံးချိန်း၌ တရားလိုဖြစ်သူ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်အား ဆက်လက်စစ်ဆေးခဲ့ပြီး ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေများမှ အပြန်အလှန်မေးခွန်းများ မေးမြန်းခဲ့သည်။ ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းမှ ပြီးခဲ့သည့် ရုံးချိန်းတစ်ခုက တရားလိုဖြစ်သူ ရဲမှူးဖုန်းမြင့်ထွက်ဆိုခဲ့သည့် ကျောင်းသားများအား ရဲတပ်ဖွဲ့ဝင်များမှ တုတ်ဖြင့်ရိုက်နှက်ခြင်းမဟုတ်ဘဲ ရွယ်ခြင်းသာဖြစ်သည်ဟု ထွက်ဆိုခဲ့သည့်အပေါ် အခင်းဖြစ်ပွားစဉ်က သတင်းဌာနများမှ သတင်းထောက်များ ရိုက်ကူးထားသည့် ရဲတပ်ဖွဲ့ဝင်များကရိုက်နှက်နေသည့် ဗွီဒီယိုအား ပြသကာ သက်သေခံအဖြစ် တင်သွင်းခဲ့သော်လည်း တရားသူကြီးက တရားခံပြသက်သေထွက်ဆိုသည့်အခါမှသာ ပြန်လည်တင်ပြရန် အမိန့်ချမှတ်ခဲ့သည်။တရားလွှတ်တော်ရှေ့နေဦးအောင်သိန်းက "တရားလိုရဲမှူးက ထွက်ဆိုခဲ့တဲ့ သပိတ်စခန်းကိုဖြိုခွင်းတုန်းက အကြမ်းဖက်မရိုက်နှက်ပါဘူး။ ဥပဒေနဲ့အညီဖြိုခွင်းတာပါ။ တုတ်နဲ့မရိုက်ပါဘူး။ ရွယ်ရုံရွယ်တာပါဆိုတဲ့အပေါ် ကျွန်တော်တို့ဘက်က ရဲတပ်ဖွဲ့ဝင်တွေရိုက်နှက်နေတာကို ဗွီဒီယိုအခွေနဲ့ တရားခွင်မှာပြသတယ်။ အဲဒါကို သက်သေခံအဖြစ်တင်သွင်းတော့ တရားသူကြီးက တရားခံပြသက်သေထွက်တဲ့အခါကျမှ ရိုက်ကူးထားတဲ့ သတင်းထောက်ကိုယ်တိုင်ရုံးရှေ့မှာ သက်သေခံတင်သွင်းဖို့ အမိန့်ချလိုက်တယ်။ တရားလိုရဲတပ်ဖွဲ့ဘက်ကလည်း ဗွီဒီယိုခွေကို တင်သွင်းဖို့တွဲထားတဲ့အတွက် ကျွန်တော်တို့က နောက်မှတင်တယ်လို့မဖြစ်ရအောင် ခုကတည်းကတင်တာဖြစ်တယ်။ ကျွန်တော်တို့ဘက်က အခွင့်အရေးတော့ မဆုံးရှုံးသေးပါဘူး" ဟုပြောကြားသည်။ယင်းရုံးချိန်းသို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးဌာနေ ကိုယ်စားလှယ် လာရောက်နားထောင်ခဲ့သည်။ရှေ့နေဦးရောဘတ်စန်းအောင်က "ဒီနေ့ ကျွန်တော်မေးတဲ့မေးခွန်းတွေက ရဲလက်စွဲနဲ့ပတ်သက်တာတွေပဲမေးတာပါ။ သပိတ်စခန်းကိုဖြိုခွင်းပြီးတော့ ကျောင်းသားတွေကို ဘယ်ကိုဖမ်းသွားလဲလို့မေးတော့ ရဲမှူးက သာယာဝတီထောင်ကိုခေါ်သွားတယ်လို့ ဖြေတယ်။ ရဲတပ်ဖွဲ့အနေနဲ့ တရားသူကြီးရဲ့ ချုပ်မိန့်ရမန်မပါဘဲ ထောင်ထဲကိုပို့လို့မရသလို ထောင်ကလည်း လက်ခံလို့မရဘူးဆိုတာမျိုးပါ။ နောက်ပြီးဒီရုံးချိန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးဌာနေ ကိုယ်စားလှယ် လာနားထောင်ပါတယ်" ဟုဆိုသည်။အဆိုပါရုံးချိန်းတွင် ကျန်းမာရေးမကောင်းသဖြင့် အာမခံလျှောက်ထားသူနှစ်ဦးဖြစ်သည့် ကိုခင်လှိုင်နှင့် ကိုမင်းမင်းစိုးမှာလည်း တစ်ဦးသိန်းငါးဆယ်ဖြင့် အာမခံရရှိခဲ့ပြီး သာယာဝတီမြို့နယ်တရားသူကြီးက နောက်အပတ်ရုံးချိန်းကို ဇူလိုင် ၂၈ ရက်သို့ ပြောင်းလဲခေါ်ဆိုခဲ့သည်။