ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရမည့်ရက်ကို ၁၀ ရက်တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား NLD ပါတီတောင်းဆို

ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရမည့်ရက်ကို ၁၀ ရက်တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား NLD ပါတီတောင်းဆို
Published 21 July 2015
ဇာလီမြင့်ဦး

ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရမည့်ရက်ကို ၁၀ ရက် ထပ်မံတိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကတောင်းဆိုခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ပဉ္စမအကြိမ်မြောက်အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကိုယ်စားလှယ်လောင်းစာရင်းများတင်သွင်းရန် သတ်မှတ်ထားသည့်ရက်သည် ပါတီအချို့အတွက် အခက်အခဲရှိသဖြင့် ယခုကဲ့သို့တင်ပြခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။"ဒါနဲ့ပတ်သက်လို့က အခု ကျွန်တော်တို့အရမ်းကျပ်နေတယ်။ ကျွန်တော်တို့ ၁၀ ရက်တိုးပေးပါလို့ တောင်းပါတယ်။ သူတို့ခွင့်မပြုဘူး။ ဘာအကြောင်းမှလည်းမပြဘူး" ဟု ဦးဉာဏ်ဝင်းကပြောကြားသည်။၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များသတ်မှတ်ကြေညာခြင်းကိုလည်း ထုတ်ပြန်ခဲ့သည်။လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း စတင်တင်သွင်းနိုင်သည့်နေ့ရက် မှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၀ ရက်၊ နောက်ဆုံးနေ့ရက်မှာ သြဂုတ် ၈ ရက်ဖြစ်ပြီး အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ သြဂုတ် ၁၁ ရက်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်နေ့ရက်မှာ ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမည့် ရက်သတ်မှတ်မှုမှာ ပါတီများအတွက် အခက်အခဲဖြစ်နေဟု နိုင်ငံရေးပါတီအချို့ကပြောကြားမှုများရှိသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမည့်သူများနှင့်ပတ်သက်၍ ပါတီဗဟိုမှ လက်ရှိအချိန်အထိ စိစစ်မှုပြုလုပ်ရခြင်းမရှိသေးကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။ကိုယ်စားလှယ်လောင်းစာရင်းများတင်သွင်းရမည့်ရက် သတ်မှတ်ထားမှုနှင့်ပတ်သက်၍ ဝေဖန်မှုများရှိသည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက "ကျွန်တော်ကတော့ ရွေးကောက်ပွဲကြီး ဘယ်ရက်ကျင်းပမယ်ဆိုတာ ကြိုပြီးတော့လည်းပြောထားပါတယ်။ ကြိုပြီးပြောထားပြီးတော့ ကျွန်တော်က ၈ ရက်မှာ ကျွန်တော်က ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီး ပြောလိုက်ပါတယ်။ ပြောပြီး ကျွန်တော်စဉ်းစားချိန် ၈ ရက်ကနေ ၂၀ ရက်အထိ ၁၂ ရက် ကျွန်တော်ပေးထားတယ်။ တစ်ခါ အဲဒီကနေပြီးတော့ ဒီလွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ဆိုပြီးတော့ ကျွန်တော်က ၂၀ ရက်ကနေပြီးတော့ သြဂုတ် ၈ ရက်အထိ ၁၆ ရက်တောင်ပေးထားပါတယ်။အဲဒီအတွက်ကြောင့် ဒါလုံလောက်တဲ့အချိန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဘက်ကလည်း တောင်းဆိုချင်မှာပေါ့လေ။ ကျွန်တော့်ဘက်ကကြည့်တော့ ဘာလုပ်ရသလဲဆိုရင် ကျွန်တော်မဲစာရင်းရိုက်ရဦးမယ်။ မဲစာရင်းရိုက်ရတာက မြန်မာပြည်ထဲမှာရိုက်ရတာဆိုရင် ပြဿနာမရှိဘူး။ ပြီးသွားပြီ။ သို့သော်လည်း ပုံစံ ၁၅ နဲ့တောင်းထားတဲ့ နိုင်ငံခြားမဲစာရင်းတွေရှိတယ်။ သူတို့ကိုပို့ရမှာရှိတယ်။ မြန်မာပြည်တစ်ပြည်လုံးက နိုင်ငံခြားရောက်နေတာကိုး။ တစ်ခုတည်းဆိုရင်တော့ ပြဿ နာမရှိဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ မဲစာရင်းတွေကိုလည်းပဲ ကျွန်တော်တို့က အချိန်မီပြီးအောင်ရိုက်ရမယ့်အတွက်ကြောင့် ကျွန်တော်တို့ကရွှေ့လို့မရပါဘူး။ ဒါကိုလည်းနားလည်ပြီးတော့ လက်ခံကြပါလို့ ကျွန်တော်ပြောကြားလိုပါတယ်" ဟု ဇူလိုင် ၂၁ ရက်က မီဒီယာများကိုပြောကြားသည်။လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များကို ဇူလိုင် ၁ ရက်ကထုတ်ပြန်ထားပြီး ယင်းသို့ထုတ်ပြန်ရာတွင်၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်တို့ပါဝင်သည်။

Most Read

Most Recent