ပြည်တွင်းရှိ ဌာနေတိုင်းရင်းသားလူမျိုးများဖော်ထုတ်ရန်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား ဖိတ်ကြား၍ အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် IPEN Network အကြံပြုတိုက်တွန်း

ပြည်တွင်းရှိ ဌာနေတိုင်းရင်းသားလူမျိုးများဖော်ထုတ်ရန်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား ဖိတ်ကြား၍ အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် IPEN Network အကြံပြုတိုက်တွန်း
Published 21 July 2015
ထက်ရှိုင်း၊ ဆန်းထူးအောင်

ပြည်တွင်းရှိ ဌာနေတိုင်းရင်းသားလူမျိုးများဖော်ထုတ်ရန်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်အား ဖိတ်ကြားပြီး အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဌာနေတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ (IPEN Network) က အကြံပြုတိုက်တွန်းခဲ့ကြောင်း ဇူလိုင် ၂၁ ရက်က Summit Parkview ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။"UNDRIP ကြေညာစာတမ်းမှာ တိုင်းရင်းသားတွေအတွက် အစိုးရတွေက ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာကိုဖော်ပြတဲ့ ပုဒ်မတွေရှိသလို ကုလသမဂ္ဂကဌာနေတိုင်းရင်းသားတွေအတွက် ဘာတွေလုပ်ဆောင်ပေးရမယ်ဆိုတဲ့ ပုဒ်မတွေရှိပါတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ ရပ်တည်ချက်တွေကိုဖော်ပြတဲ့ ပုဒ်မတွေရှိတယ်။ ကုလသမဂ္ဂက အခုနောက်ပိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအချို့မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီချက်တွေမှာ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးမချိုးဖောက်ဘဲ ဌာနေတိုင်းရင်းသားတွေပါဝင်လို့ရအောင် လုပ်လာတဲ့အချက်လေးတွေတွေ့တယ်။ မြန်မာနိုင်ငံအနေနဲ့ UPR မှာပါဝင်ခွင့်ရတာက ကုလသမဂ္ဂကဖွင့်ပေးထားတဲ့လမ်းဖြစ်တယ်။ ကုလသမဂ္ဂကိုတောင်းဆိုလို့ရတဲ့ ကဏ္ဍတွေတော့ရှိပါတယ်။ UPR အကြံပြုမှုများတွင် တစုတစည်းတည်းပြောလို့ရတယ်" ဟု နော်အိအိမင်းက ပြောကြားသည်။    လာမည့် ၂၀၁၅ နိုဝင်ဘာ ၉ ရက်တွင်ပြုလုပ်မည့် မြန်မာနိုင်ငံလူ့အခွင့်အရေးသုံးသပ်ချက်ထဲတွင် ဌာနေတိုင်းရင်းသားအခွင့်အရေး ပါဝင်ဆွေးနွေးနိုင်ရန် ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် အကြောင်းအရာ မြေယာနယ်နိမိတ်နှင့် သယံဇာတစီမံခန့်ခွဲမှုစာပေနှင့် ယဉ်ကျေးမှုကိစ္စများဆွေးနွေးခဲ့ပြီး တင်သွင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။မြန်မာလူ့အခွင့်အရေး NGO ဖိုရမ်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အကြံပြုချက်ကိုးချက်ကို တင်သွင်းခဲ့သည်။ အကြံပြုချက်များတွင် ဌာနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အားဖိတ်ခေါ်ကာ အမျိုးသားအဆင့်တွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ရန်၊ ဌာနေတိုင်းရင်းသားအရေး ကာကွယ်မြှင့်တင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသားမြေအသုံးချမှုမူဝါဒမူကြမ်းနှင့် ဥပဒေစည်းမျဉ်းများအား ပြင်ဆင်ရန်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းနှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တို့တွင် ဌာနေတိုင်းရင်းသားလူမျိုးများ ပါဝင်ခွင့်ပေးပြီး အပြီးသတ်သဘောတူညီချက်နှင့် မူဘောင်တို့တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပါအဝင် ၎င်းတို့၏အခွင့်အရေးများအား အပြည့်အဝအသိအမှတ်ပြုရန် စသည့်အချက်များပါဝင်သည်။                 

Most Read

Most Recent