ဘဝခရီးရဲ့ ခေတ္တနားခိုရာ

ဘဝခရီးရဲ့ ခေတ္တနားခိုရာ
Published 21 July 2015
မင်းသူဝင်းထွဋ် (မြောင်းမြ)

ရောင်နီလာ လင်းကြက်မတွန်မီ သူတို့ အသက်ဝင်လှုပ်ရှားမှုများ စတင်ခဲ့လေပြီ။ အခါတော်ဦးက ၄ နာရီကျော်ကျော် သူတို့ စတင်မှုက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် တစ်ညတာကို နားစက်ခွင့်ပြုခဲ့သည့် နေရာ၏ ကျေးဇူးကို သိတတ်စွာ စည်းကမ်းစနစ်ကျနစွာ သိမ်းဆည်းခြင်းပေးဖြစ်သည်။နံနက် ၅ နာရီ သူတို့ ကျောင်းလေးထံမှ ဘုရားဝတ်ပြု ဆုတောင်းသံများက ပတ်ဝန်းကျင်တစ်ဝိုက် စီးမျောလျက်ပင်။ ဝတ်ပြုပြီး ဆုတောင်းမှုကတော့ ကိုယ်စောင့်နတ်မှလွဲ၍ မသိနိုင်သော်လည်း သူတို့ဆုတောင်းမှုများက ဘဝဆက်တိုင်း မိဘစုံညီစွာဖြင့် ငြိမ်းချမ်းဖွံဖြိုးသော နယ်မြေတစ်ခုတွင် လူသားအဖြစ် ရှင်သန်ခွင့် ဖြစ်နေမည် ဆိုသည်မှာ မလွဲနိုင်။နံနက် ၆ နာရီ ဝန်းကျင်မှာတော့ တစ်နေ့တာမှာ တစ်နပ်စာသာ သုံးဆောင်ခဲ့ရသည့် သူတို့ ဝမ်းမီးတောက်အတွက် အရုဏ်ဆွမ်းဆိုသည့် နံနက်ခင်း ဝမ်းစာမီးတောက်ကို ငြှိမ်းသတ်ကြတော့သည်။ ငြိမ်သက်လှပစွာသော သူတို့၏ အရုဏ်ဆွမ်းဆိုသည်က ကော်ဖီ၊ မုန့်နှင့် အခြားခြားသော စားဖွယ်ရာများ မဟုတ်ခဲ့ဘဲ အလွန်မွှေးပျံ့လှသည့် ငါးပိရည်ကျိုနှင့် ထမင်းဟင်းများသာပင်။နံနက် ၇ နာရီဆိုသည့် နာရီလက်တံအရ သူတို့တွေ ယမန်နေ့ရဲ့ တစ်နေ့တာမှာ သင်ကြားမှတ်သားခဲ့ရသည့် ကျောင်းသင်ခန်းစာ ဘဝသင်ခန်းစာနှင့် ဘာသာတရား သင်ခန်းစာများကို ပြန်လည်ဆန်းသစ်ရသည့်အချိန်။နံနက် ၉ နာရီ ကျောင်းဝန်းပြင်ပတွင် မရပ်နားသည့် ဘဝခရီးအတွက် ဈေးဝယ်ပြန်၊ ရုံးတက်၊ ကျောင်းသွားသည့်အချိန် ဖြစ်နေသည့် အားလျော်စွာ သူတို့များမှာလည်း ပညာရေးစာသင်ကြားမှု ဘာသာရေးစာသင်ကြားမှု များစွာကို အားထုတ်ကြိုးစားရ နေရတော့သည်။နံနက် ၁၁ နာရီဆိုသည့် နေဝန်းနီရောင် ဖန်မလာခင်က ဝမ်းစာဖြည့်ခဲ့သည့် အာရုံဆွမ်းနေရာတွင် ဝမ်းမီးငြှိမ်းသတ်ဖွယ် ထမင်းဝိုင်းများသို့ သူတို့ညီညာစွာ လျှောက်လှမ်းရပေတော့သည်။ သူတို့၏ ဆွမ်းဟင်းစားပွဲတွင် များစွာနေရာယူထားသည်က အလွန်အမွှေးရနံ့ သင်းပျံ့သည့် ငါးပိရည်နှင့် ကန်စွန်းရွက်ပြုတ်၊ ပဲပင်ပေါက်ပြုတ်များပင်။ ထို့ထက်ပိုသည်က ငါးခြောက်ငါးခြမ်းများနှင့် ရာသီစာ အသီးအရွက် ဟင်းမယ်များသာ။ အပတ်စဉ် ဆိုသလို ရှင်သန်အားအင်ပြည့်ဝစေဖို့ သားကြီးငါးကြီး ဟင်းလျာများမှလွဲ၍ အခြားသော တန်ဖိုးကြီး နေ့လယ်စာများ မပါဝင်။ဆွမ်းစားပြီးချိန်မှာ သူတို့ ဆက်လက်လုပ်ဆောင်သည်က အတန်းပညာ ဆက်လက်သင်ကြားခြင်းနှင့် ဘာသာတရား သင်ခန်းစာများ ဆက်လက်သင်ကြားခြင်းပင်။ ညနေ ၃ နာရီဆိုသည့် အချိန် ပြီးချိန်မှာတော့ သူတို့ ခေတ္တအနားယူပြီး ကလေးငယ်များပီပီ ကိုယ်လက်လှုပ်ရှား ကစားနေကြပါပြီ။ တစ်နေကုန် ချုပ်ထိန်းခဲ့သမျှ သူတို့အတွက်တော့ ကလေးငယ်များရဲ့ ဘဝသရုပ်ကို ပီပြင်စွာ ဖော်နိုင်တဲ့ ရှားပါးချိန်လေးပါပဲ။မှောင်ရီလင်းချုပ်စ ပြုခဲ့တဲ့ ညခင်းချိန် ၆ နာရီဆိုသည်နှင့် ကျောင်းဝင်းတစ်ဝိုက် မေတ္တာပို့သံ၊ ဘုရားဝတ်ပြုသံများနှင့် ပီဘိငြိမ်းချမ်းဖွယ်ရာ နှစ်နာရီခန့် အချိန်တာပင်။ အဝေးမြေမှာ ကျန်ရစ်ခဲ့သည့် မိဘများ၊ လူ့လောကကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ မိဘများ၊ သူတို့အတွက် အလှူရှင်များကို မေတ္တာပို့သံများက စည်ဝေနေလျက်။ညအိပ်ရာမဝင်ခင် စာဖတ်၊ စာမှတ် စာပြန်ပြီးချိန်မှာတော့ သူတို့အိပ်စက် အနားယူခွင့်များ ပိုင်ဆိုင်လေပြီ။ တစ်နေ့တာ ဝမ်းမီးတောက်အတွက် လိုအပ်သည့် အာဟာရကို ညဦးပိုင်းမှာ ထန်းလျက်ခဲလေးများဖြင့် အပန်းဖြေအနားယူရင်း သူတို့ အိပ်စက်လေခဲ့ပါပြီ။သူတို့ဆိုသည်က မြန်မာနိုင်ငံဖွား တိုင်းရင်းသား မိဘမဲ့ ကလေးငယ်များ၊ မိဘစုံလျက်နှင့် နေရပ်ဒေသ ဖွံဖြိုးမှု မရှိသေးသည့်အတွက် ဒေသစွန့်ခွာလာရသည့် ကလေးငယ်များ၊ အမျိုးသမီးငယ်လေးများသာပင် ဖြစ်သည်။ သူတို့ ခေတ္တမှီခို နေထိုင်နေရသည့် နေရာလေးက အဆောင်ငယ်ငယ် အခန်းကျဉ်းကျဉ်းပေမယ့် မေတ္တာတရား ကျယ်ပြန့်သည့် သီလရှင် စာသင်တိုက် နေရာတစ်ခုမှာပင် ဖြစ်နေသည်။ ယင်းသီလရှင် စာသင်တိုက်လေးကို မြောင်းမြမြို့မှာတော့ ရတနာသိင်္ဂီ စာသင်တိုက်ဟုပင် လူများသိပ်မသိခဲ့ဘဲ ငြိမ်းချမ်းစွာ ခက်ခဲစွာ ရပ်တည်နေရသည့် စာသင်တိုက်ကျောင်းလေးမှာပင် ဖြစ်သည်။“ဒီမှာရှိတဲ့ ကလေးတွေဟာ မွန်ပြည်နယ် ရေးမြို့တောနယ်တွေနဲ့ ကော့သောင်းမြို့နယ်များက မိဘမဲ့တွေ၊ မိဘတွေ ရှိပေမယ့် ဆင်းရဲပြီး ဒေသက ခေါင်းပါးလွန်းလို့ ကလေးတွေကို အသိပညာ ရှိစေချင်လို့ ထည့်ပေးလိုက်တဲ့ ကလေးတွေ များတယ်။ သူတို့ ဒေသတွေမှာထားရင် ကလေးတွေ ဘာမှဖြစ်မလာမှာစိုးလို့ ဆရာလေးဆီကို ထည့်ပေးလိုက်တာ၊ ဆရာလေးက အမြဲသူတို့ကို စုပြီးတော့ သွားခေါ်ပေးတယ်။ ဒီမှာ ပညာသင်ပေးတယ်ပြီးတော့ သီလရှင်ပညာ သင်ပေးတယ်။ မိန်းကလေးတွေဆိုတော့ ပျက်စီးမှာစိုးတယ်။ ဆရာလေး ကိုယ်တိုင်က ဝါသနာပါတော့ ဒီကျောင်းလေးကို လုပ်ဖြစ်တာ။ အခက်အခဲတွေကတော့ အများကြီးပေါ့။ စရောက်ရောက်ချင်းမှာ ကလေးတွေနေဖို့ နေရာပါ မရှိတော့ မနည်းကို နေခဲ့ရတယ်။ အခုလည်း စာသင်ကြားပေးတာမှာ ဆရာငှားရမ်းခတွေ အရမ်းလိုအပ်တယ်။ ကလေးတွေက အခုဆို ၄၀ လောက် ရှိတယ်။ သုံးနှစ်တစ်ခါ ကလေးကို အိမ်ပြန်ပို့တယ်။ နေရပ်ကို ပြန်ချင်ရင်လည်းပြန် မပြန်ရင်လည်း ဒီမှာ ထူးချွန်မှုရှိပြီး ပရဟိတ ဆရာလေးတွေ စာတတ်လေးတွေဖြစ်အောင် ဆက်သင်ပေးတယ်။ ဒါပေမဲ့ ကလေးတွေက မိဘမဲ့များတော့ မပြန်လိုကြပါဘူး” ဟု ရတနာသိင်္ဂီ စာသင်တိုက်ကို ဦးဆောင်နေတဲ့ ဆရာကြီး ဒေါ်ဣန္ဒဝတီက စာသင်ကျောင်းလေးရဲ့ ရပ်တည်လည်ပတ်ပုံကို ရှင်းပြပါတယ်။ကလေးငယ်များနဲ့ စာသင်တိုက်ရဲ့ ရပ်တည်မှုက နွမ်းပါးစွာပင်။ တစ်နှစ်တာပတ်လည်မှာ ငါးပိဿာချိန် ၁၀၀ ကျော်အထိ ကုန်ကျတယ်ဆိုတဲ့ စာသင်တိုက်ကလေးရဲ့ အာဟာရဖြည့်တင်းမှုက ခက်ခဲမှုကို အလိုလိုပင် သိနေနိုင်ပါတယ်။ လာရောက်မှီခိုနေသည့် မိန်းကလေးငယ်များ အားလုံးကို ဆရာလေးများက သီလရှင် ဝတ်ပေးထားကာ ကလေးငယ်အားလုံးရဲ့ အဝတ်များကနေအစ ဖိနပ်အဆုံး ရေအိမ်သွားမှုကိုပါ ဂရုစိုက် လုပ်ဆောင်ပေးနေရခြင်းဟာ ဦးဆောင်သူနဲ့ လာဘ်ငွေနည်းပါးသည့် စာသင်တိုက်ကျောင်းရဲ့ ဆက်လက်ရပ်တည်မှုကို စိတ်ဓာတ်ခွန်အားများကသာ ဦးဆောင်နေပါတယ်။စာသင်တိုက်ကျောင်းမှာရှိတဲ့ ဆရာလေးငယ်ပေါင်း များစွာဟာ နေရပ်ကို မပြန်လိုကြပါဘူး။ သူတို့ဟာ အခုချိန်မှာ မပြန်ဘူး ဆိုပေမယ့် တစ်ချိန် ပညာစုံချိန်မှာတော့ နေရပ်ကိုပြန်ပြီး ပရဟိတလုပ်ငန်း များစွာကို လုပ်ကိုင်ပြီးတော့ သီလရှင်စာသင်တိုက်တွေ တည်ထောင်မယ်လို့ စိတ်ဆုံးဖြတ်ချက်များစွာဟာ ကိုယ်စီမှာ ရှိနေကြပါတယ်။ ဒါဟာလည်း တံငါနားနီး တံငါ၊ မုဆိုးနားနီးတော့ မုဆိုး၊ သူတော်ကောင်းနားနီးတော့ သူတော်ကောင်းစိတ် ဝင်ကြတယ်လို့သာပဲ မှတ်ယူဖြစ်ပါတယ်။ခရီးတစ်ထောက် နားခိုမှုဟာ ကောင်းမွန်စင်ကြယ်သည့် နေရာတစ်ခု ဖြစ်နေခြင်းဟာ ဝေးသီခေါင်းပါးတဲ့ နေရပ်များစွာကနေ မိုင်ပေါင်းထောင်ချီကို လာရောက်နေထိုင်ရပေမယ့် လုံခြုံအေးမြနေပါတယ်။ တစ်ချိန်က ကရင်တစ်ကျပ် ဗမာတစ်ကျပ်ဆိုတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြောစကားကို နောက်နောင် ဗိုလ်ချုပ်များက အလွှဲပြုခဲ့မှုကနေ တိုင်းရင်းသား ကလေးငယ်များအတွက် ဘဝကြမ်းတမ်းစေမှုကို ဒီသီလရှင်ကျောင်းလေးက အနည်းငယ်တော့ ချွေးသိပ် ဖြေဖျောက်ပေးပေမယ့် သူတို့ရပ်တည်နိုင်မှုဟာ ခက်ခဲနေလျက်ပါပဲ။