ဗဟိုဘဏ်၏ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာတန်ဖိုး ၁၂၁၆ ကျပ်အထိ ဆက်တိုက်မြင့်တက်နေပြီး သုံးရက်အတွင်း ၁၆ ကျပ် တက်လာ

ဗဟိုဘဏ်၏ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာတန်ဖိုး ၁၂၁၆ ကျပ်အထိ ဆက်တိုက်မြင့်တက်နေပြီး သုံးရက်အတွင်း ၁၆ ကျပ် တက်လာ
Published 16 July 2015
အောင်မြတ်ကို

ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်းတွင် အမေရိကန်တစ်ဒေါ်လာ တန်ဖိုး ၁၂၁၆ ကျပ်အထိ ဆက်တိုက်မြင့်တက်နေပြီး သုံးရက်အတွင်း ၁၆ ကျပ်တက်လာကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင်  ၁၃ ရက်မှစ၍ တိုးမြှင့်သတ်မှတ်ခြင်းဖြစ်သည်။
ဗဟိုဘဏ်မှ စတင်တိုးမြှင့်သတ်မှတ် လိုက်သော ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးသည် ဇူလိုင် ၁၃ရက်တွင် တစ်ဒေါ်လာတန်ဖိုးကျပ် ၁၂၀၀၊ ဇူလိုင် ၁၄ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၀၅ ကျပ်၊ ဇူလိုင် ၁၅ ရက်တွင် တစ်ဒေါ်လာ တန်ဖိုးကျပ် ၁၂၁၀ မှ ဇူလိုင် ၁၆ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၁၆ ကျပ်အထိ ဆက် တိုက်တိုးမြှင့်သတ်မှတ်လျက်ရှိသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းငွေလဲနှုန်းကို ရုတ်တရက်တိုးမြှင့် သတ်မှတ်ခြင်းမှာ ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပေါက်ဈေးအတိုင်း သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်ဖြစ်နှုန်းမှာ ပြင်ပဈေးနှင့် လိုက်လျောညီထွေရှိကြောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီနှင့် ဇွန် တွင် ပြင်ပဈေးကွက် ပေါက်ဈေးနှင့် ကွာဟချက်  ၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်လာသည့်အတွက် ကွာဟချက်များလာကြောင်း၊ ထို့ကြောင့် တစ်ခုထက်ပိုသည့် ငွေလဲနှုန်း မဖြစ်စေရန်အတွက် ဗဟိုဘဏ်၏ ငွေလဲနှုန်း ပြင်ပနှင့် လိုက်လျောညီထွေစေရန် ဇူလိုင် ၁၃ ရက်မှစတင်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဇွန် ၁၈ ရက်တွင် ဗဟိုဘဏ်မှ သတ်မှတ်ပေးထားသော ငွေလဲနှုန်းဖြင့် စားအုန်းဆီနှင့် စက်သုံးဆီ သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော ဒေါ်လာငွေကို MFTB,MICB  နှင့် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ရောင်းချမည်ဟု ပုဂ္ဂလိကဘဏ်မှ တာဝန်ရှိသူများ ပြောကြားမှုအပြီး ဇူလိုင် ၁၃ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် လက်ရှိတွင်စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းများအတွက် လိုအပ်သည့်ဒေါ်လာများကို ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ရောင်းချပေးလျက် ရှိသကဲ့သို့အခြားသွင်းကုန် လုပ်ငန်းရှင်များ အားလုံးကိုလည်း လိုအပ်သော ဒေါ်လာများကို နေ့စဉ်လေလံဖြင့် ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။
ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် ဇွန်တတိယပတ်အတွင်း ၁၅ ရက်မှ ၁၈ ရက်နေ့အထိ တစ်ဒေါ်လာ တန်ဖိုးမှာ ၁၁၀၅ ကျပ်ရှိခဲ့သော်လည်း ဇွန် ၁၉ ရက်မှ ဇူလိုင် ၂ ရက်အထိ တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၁၁၀ သတ်မှတ်ခဲ့ပြီး ဇူလိုင် ၂ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၂၀ အထိ မြင့်တက်ခဲ့သည်။
တန်ဖိုးမြင့်တက်နေသော ဒေါ်လာတန်ဖိုးသည် ဇူလိုင် ၃ ရက်မှ ၁၀ရက် အထိ တစ်ဒေါ်လာတန်ဖိုး ၁၁၂၅ ကျပ် အထိရှိခဲ့ပြီး ဇူလိုင် ၁၃ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ သို့ ၇၅ ကျပ် ထပ်မံတိုးမြှင့် သတ်မှတ်ထားသည်။ ဇူလိုင် ၁၄ ရက်မှစ၍ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုးသည် တစ်ရက်လျှင် ပျမ်းမျှငါးကျပ် မြင့်တက်လာပြီး ဇူလိုင် ၁၆ ရက် တစ်ဒေါ်လာ တန်ဖိုးမှာ ၁၂၁၆ ကျပ်အထိ ရှိလာသည်။
ဇူလိုင် ၁၆ ရက်တွင် ဖြစ်ပေါ်နေ သော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၂၁၆ ကျပ်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၁၂၄၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၃၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် ဇူလိုင် ၃ ရက်မှစ၍ဇူလိုင် ၁၀ ရက်အထိ ရောင်းဈေး ၁၁၃၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၃၄ ကျပ်ဝန်းကျင်သို့ မြင့် တက်လာခဲ့ပြီး ဇူလိုင် ၁၃ ရက်တွင် ရောင်းဈေး ၁၂၀၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၉၈ ကျပ် ဝန်းကျင်သို့ တိုးမြှင့်သတ်မှတ်ထားသည်။ ဇူလိုင် ၁၆ ရက်တွင် ရောင်းဈေး ၁၂၂၆ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၂၂၃ ကျပ်ဝန်းကျင်တွင် ရှိနေသည်။             

Most Read

Most Recent