ပညာခေတ်မှာ အနှစ်ကို ယူတတ်ကြစေဖို့

ပညာခေတ်မှာ အနှစ်ကို ယူတတ်ကြစေဖို့
Published 16 July 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ပညာနဲ့ ပတ်သက်ပြီး စာရေးသူတို့ မြန်မာစကားမှာ မှတ်သားဖွယ်ရာတွေ များစွာရှိ၏။
ပညာရွှေအိုး လူမခိုး။
ပညာရဲရင့် ပွဲလယ်တင့်။
ပညာရှာ ပမာသူဖုန်းစား။
ပညာမြင့်မှ လူမျိုးတင့်မယ်။
ဆိုတာတွေ ဖြစ်ပါတယ်။ စာရေးသူ မှတ်မိသလောက်ပါ။ မသိတာလည်း ရှိဦးမှာပါ။ ပညာဆိုတာက ဘယ်သောအခါမှ သင်ယူလို့ မဆုံးနိုင်တဲ့အရာ ဖြစ်ပါတယ်။ လူ့ဘဝမှာ သိသင့်တဲ့ အသိပညာအတတ် ပညာတွေက ဘယ်သောအခါမှာမှ မကုန်ခန်းနိုင်ပါ။ အပေါ်ယံမျှ မဟုတ်ဘဲ ထဲထဲဝင်ဝင် လေ့လာမယ်ဆိုရင် ဆုံးခန်းမတိုင်နိုင်ပါ။ ပညာကို လေ့လာဆန်းစစ်ကြည့်ရင်
(၁) အရှိပညာ
(၂) အသိပညာ
(၃) အလုပ်ပညာ
ဆိုပြီး သုံးခုခွဲခြားနိုင်တယ်။
(၁) အရှိပညာ
အရှိပညာဆိုတာက အမှန်တကယ်ရှိ သင့်ရှိထိုက် တက်သင့်တက်ထိုက်ကဲ့ ပညာတွေကို အမှန်တကယ် ရှိနိုင် ပိုင်ဆိုင်နိုင်စေမှု ဖြစ်ပါတယ်။ အရှိပညာကို အမှန်တကယ် ရှိအောင် ပိုင်ဆိုင်နိုင်မှု မရှိရင် မိမိတို့လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေမှာ တလွဲတချော်တွေ ဖြစ်သွားနိုင်တယ်။ အရှိပညာကို အမှန်တကယ် ပိုင်ဆိုင်နိုင်စေဖို့ ပညာရေးမှာ အဖွင့်ပညာရေးကို အားပေးလုပ်ဆောင် ကြရမှာဖြစ်တယ်။ ဥပမာ ဆိုရရင် ဆရာဝန်ဘွဲ့တော့ ရတယ်။ ဒါပေမဲ့ ဆရာဝန်ပညာကို အမှန်တကယ်ရှိအောင် မသင်ယူနိုင်ရင် ဆရာဝန်အလုပ်နဲ့ မိမိဘဝကို ရပ်တည်နိုင်မှာ မဟုတ်ပါ။ ဘယ်နှပုဒ်ကျက်ပြီး ဖြေနိုင်ရင် စာမေးပွဲအောင်ပြီဆိုတဲ့ စနစ်က အောင်ရုံသက်သက် ပညာရေးစနစ် ဖြစ်တာမို့ အရှိပညာကို အမှန်မရနိုင်ပါ။ အနာဂတ် အတွေးအမြင် ကောင်းစေမယ့် ပညာရေးစနစ်ကို အကောင်အထည် ဖော်ပေးကြရမှာ ဖြစ်တယ်။ ဒီကနေ့ လူငယ်တွေက နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာ အနာဂတ်အတွက် မက်လုံးကောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီခေါင်းဆောင် ဖြစ်လာစေမယ့် လူငယ်တွေကို အရှိပညာမျိုးစေ့တွေ ကောင်းကောင်း ချပေးနိုင်ရမှာဖြစ်တယ်။ မျိုးစေ့ကောင်းပါမှ အပင်သန်မယ်။ အပင်သန်ပါမှ အသီးအပွင့်တွေ ကောင်းလာစေမှာ ဖြစ်တယ်။
(၂) အသိပညာ
ပညာမှာ အရှိပညာနဲ့ မလုံလောက်ကာကြောင့် အသိပညာကိုပါ ဆက်လက်လေ့လာ ဆည်းပူးကြရတယ်။ အသိပညာ ဆိုတာက မိမိမှာရှိထား ပိုင်ထားတဲ့ အရှိပညာက ဆင့်ပွားကြစေမယ့် အသိပညာကို အချိန်ရသမျှ စာကောင်းပေမွန်တွေဖတ်တာ၊ လက်တွေ့ဘဝက အတွေ့အကြုံတွေကိုပါ ပေါင်းစပ်ရယူတာတွေဖြစ်တယ်။ ဒီကနေ့ခေတ်ကို အသိပညာခေတ် Knowledge Age လို့ ဆိုကြတယ်။ ဒီကနေ့ခေတ်မှာ အရှိပညာနဲ့ အသိပညာ ပေါင်းစပ်ထားသူတွေ များလာဖို့ လိုအပ်တယ်။ အသိပညာမှာ ပညာအသိနဲ့ သညာအသိ နှစ်မျိုးစလုံး ပေါင်းစပ်ဖို့ လိုအပ်တယ်။ စာတွေများများဖတ်ပါမှ အရှိပညာတွေ အသိပညာတွေ ပိုမိုးတိုးတက် လာစေမှာဖြစ်တယ်။
(၃) အလုပ်ပညာ
လူတစ်ဦးချင်းမှာအရှိပညာ၊ အသိပညာ ခိုင်ခိုင်မာမာရှိလာသိလာပါမှ အလုပ်ပညာ ကောင်းလာစေမှာဖြစ်တယ်။ လူတစ်ဦးချင်းမှာဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုချင်းမှာဖြစ်စေ၊ နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်းတွေ မှာဖြစ်စေ၊ တစ်ဦးချင်းရဲ့ ဘဝအရည်အသွေးတွေ ကောင်းလာစေရာကနေ အဖွဲ့အစည်းတွေရဲ့ အရည်အသွေးတွေ မြင့်မားလာစေမှာ ဖြစ်တယ်။ နိုင်ငံတွေမှာတော့ မိမိနိုင်ငံ မိမိလူမျိုး အကျိုးအတွက် အကျိုးဖြစ်ထွန်းမှုတွေ ကောင်းအောင်လုပ်ဆောင် ကြရမှာဖြစ်တယ်။
လူတစ်ဦးချင်းမှာဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုချင်းမှာဖြစ်စေ၊ နိုင်ငံကို အုပ်ချုပ်ရာမှာ ဖြစ်စေ Mission လို့ ခေါ်တဲ့ အဆုံးစွန် မျှော်မှန်းချက်တွေ ထားရှိကြရမယ်။ Mission ကို Mission Statement အဖြစ် စာရွက်ပေါ်မှာ ထားရှိတာနဲ့ မပြီးဘဲ လက်တွေ့ရုပ်လုံး ဖော်ကြရမှာဖြစ်တယ်။ လက်တွေ့ရုပ်လုံး ဖော်ရာမှာလည်း အနာဂတ်အမြင် Future Vision ရှိကြရမှာ ဖြစ်တယ်။ Future Vision ရှိရုံမျှနဲ့ မပြီးသေးဘဲ ဘယ်လိုရုပ်လုံးဖော်ရင် ဖြစ်နိုင်မလဲဆိုတဲ့ နည်းဗျူဟာ Strategies တွေ ချမှတ်အသုံးပြုဖို့လည်း လိုအပ်တယ်။
အရှိပညာနဲ့ အသိပညာတွေ နည်းပါးတဲ့ နိုင်ငံတွေမှာ လူတွေအပေါ် လိမ်လည်လှည့်ဖြားတဲ့ လုပ်ငန်းတွေက နေရာဝင်ယူပြီး ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်စေတယ်။ စာရေးပေးသူတွေက လူတွေမမှားအောင် ဆောင်းပါးတွေ ရေးပေးကြပေမယ့် စာဖတ်မှု အားနည်းသူတွေက မက်လုံးပေးတာတွေကို အဟုတ်ထင်ပြီး ငွေကြေးထည့်ဝင်မှုတွေ လုပ်ဆောင်ကြရာမှာ အတိတ်ကာလမှာလည်း မြန်မာကျုံယွမ်လို၊ ဧရာမြေလို၊ သဘာဝလို ငွေကြေးဝန်ဆောင်မှု အမည်ခံ လုပ်ဆောင်ကြရာမှာ အရှိနဲ့အသိပညာတွေ နည်းပါးသူတွေ ငွေကြေးဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ကြတယ်။
မကြာသေးမီကဘဲ ဂျာနယ်တစ်စောင်မှာ ပိရမစ်စီးပွားရေးအောက် ဒုက္ခရောက်ကြသူများဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ပါလာတယ်။ Charle ကနေစလိုက်တဲ့ Pomze Scheme က Pyramid Scheme၊ အဲဒီကနေ Multiple-level Marketing (MLM) လို့ ခေါ်တဲ့ အသွင်အမျိုးမျိုးနဲ့ မဖွံ့ဖြိုးမတိုးတက်တဲ့ နိုင်ငံတွေကို ထိုးဖောက်ဝင်လာတယ်။ Global Growth ကလည်း မကြာသေးမီကဘဲ ဒေါ်လာများစွာ လိမ်သွားတဲ့သတင်း ဖတ်လိုက်ရတယ်။ စာရေးသူ အလျဉ်းသင့်သလို ဆောင်းပါးတွေ ရေးခဲ့ဖူးတယ်။ မကြာမီကဘဲ ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မြင်အောင်ကြည့်တတ် စေဖို့ဆိုတဲ့ ဆောင်းပါးရေးခဲ့ဖူးတယ်။ လူတွေက လောဘတက်လာရင် ဘာကိုမျှမမြင်တက်ဘဲ အဝိဇ္ဇာ ဖုံးတတ်ကြတယ်။ ဒါကို အခွင့်ကောင်းယူပြီး လိမ်မယ့်သူက အကွက်ချောင်း လုပ်ဆောင်တာဖြစ်တယ်။ စာရေးသူရှေ့မှာဆိုခဲ့တဲ့ အရှိပညာကို အမှန်တကယ်ရှိ၊ အသိပညာကို အမှန်တကယ်သိရင် အမှားကို အမှားမှန်း သိတဲ့အတွက် နေရာတိုင်းမှာ ဆုံးရှုံးမှုတွေ မဖြစ်စေနိုင်တော့ပါ။
ဒါကြောင့် အမှန်ရှိရမယ့် အရှိပညာတွေကို အမှန်သိရမယ့် အသိပညာနဲ့ ပေါင်းလိုက်ရင် အမှန်တကယ် အလုပ်တွေ ကောင်းလာစေနိုင်တာကြောင့် ရလဒ်ကောင်းတွေရလာစေမှာ ဖြစ်ကြောင်းပါ။ နိုင်ငံသားတွေ အလိမ်မခံရစေဖို့ အရှိ၊ အသိနဲ့ အလုပ်ဆိုတဲ့ အသုံးလုံး ဆောင်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ပညာခေတ်မှာ အနှစ်ကို ယူနိုင်ကြပါစေ။

Most Read

Most Recent