ကာဗွန်ကြောင့် လေထုညစ်ညမ်းမှု၊ ကမ္ဘာကြီးပူနွေးလာမှု ဖြစ်ပေါ်သည့် အကြောင်းကို “ကာဗွန်ခြေရာများ”
(The Daily Eleven 4-3-2014) နှင့် “ကာဗွန်ခြေရာ အရောင်းအဝယ်” (The Daily Eleven 16-2-2015)
ဆောင်းပါးများဖြင့် ဖော်ပြရေးသားခဲ့ပြီးဖြစ်သည်။ ယင်းဆောင်းပါးများ၌ ကျောက်မီးသွေးရှို့ခြင်းကြောင့် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လွတ်ထွက်ပျံ့လွင့်သွားခြင်း ဖြစ်စဉ်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏအား တိုင်းတာခြင်း၊ ထုတ်လွှတ်သည့် ကာဗွန်ပမာဏ အနည်းအများပေါ် မူတည်ကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပေးအယူလုပ်ပြီး အရောင်းအဝယ် ပြုလုပ်ခြင်း စသည့်အကြောင်းအရာများ ရေးသားထားသည်။
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လေထုထဲသို့ ပျံ့လွင့်သွားစေမည့်အစား၊ ကာဗွန်ကို အဆင့်မြင့် နည်းပညာသုံး၍ ဖမ်းချုပ်နိုင်ပါက ကောင်းကျိုးသက်ရောက်မှုများစွာ ဖြစ်ထွန်းလာမည်ကို သိရှိလာသည့် အားလျော်စွာ ယခုအခါ ကျောက်မီးသွေးရှို့ခြင်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဖြစ်စဉ်မှ ထွက်ရှိသည့် မလိုလားအပ်သော အဆိပ်အတောက် ဖြစ်စေမည့် ဓာတ်ငွေ့များအား ထိန်းချုပ်ရန် ကြံဆောင်လာကြသည်။ ပုံမှန်အားဖြင့် အရည်အသွေး မကောင်းသော ကျောက်မီးသွေးအား မီးရှို့ပါက ဆာလ်ဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက် အမျိုးမျိုး၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ပြဒါးတို့နှင့်တကွ ဘေးထွက်ဓာတုပစ္စည်းများစွာ ထွက်ပေါ်လာသည် ကို တွေ့ရပေမည်။ ဆာလ်ဖာဒိုင်အောက်ဆိုက်နှင့် နိုက်ထရိုဂျင်အောက်ဆိုက် ဓာတ်ငွေ့များသည် အက်စစ်မိုး (Acid Rain) ကို ဖြစ်စေသော အဓိကဓာတ်ငွေ့များ ဖြစ်ကြသည်။ ပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ စသည့် ကျန်းမာရေးနှင့် ပတ်သက်၍ ဆိုးကျိုးပေးသေးသည်။
သို့ဖြစ်ရကား ကျောက်မီးသွေးတွင် ပါဝင်သော မသန့်ပစ္စည်းများအား ထုတ်ပစ်ရန်အတွက် ဓာတုနည်းဖြင့် ဆေးကြောခြင်း၊ ဓာတ်ငွေ့လွှတ်၍ သန့်စင်စေခြင်း နည်းစနစ်အပြင် ကာဗွန်ဖမ်းချုပ်ခြင်း (Carbon Capture) နည်းစနစ်လည်း ပါဝင်သည်။ ကာဗွန်ကို ဖမ်းချုပ်ပြီးသောအခါ ယင်းအားလုံခြုံသည့် တစ်နေရာ၌ သိုလှောင်ထားရှိရန်လည်း လိုအပ်လာပေသည်။
ကာဗွန်ဖမ်းချုပ်ခြင်း နည်းစနစ်ကို သန့်စင်ကျောက်မီးသွေး နည်းပညာ (Clean Coal Technology) တစ်ရပ်အဖြစ် ပညာရှင်တို့်က လတ်တလော အာရုံစူးစိုက် နေကြပြီဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ဆာလ်ဖာဒိုင်အောက်ဆိုက် ဆိုးကျိုးထက် ကမ္ဘာကြီးပူနွေးမှုနှင့် အဆိပ်အတောက်ပြဒါး၏ ဆိုးကျိုးသက်ရောက်မှုတို့မှာ ပို၍ စိုးရိမ်ပူပန်မှု ဖြစ်စေသည့် အခြင်းအရာ ဖြစ်နေသောကြောင့်ဖြစ်သည်။ နောက်ထပ်စိုးရိမ်ပူပန်ဖွယ် အခြေအနေ တစ်ရပ်မှာ ဤနည်းပညာသစ်များနှင့် စပ်လျဉ်းသော စီးပွားရေး တွက်ခြေကိုက်နိုင်ခြေ ရှိ၊ မရှိဟူ၍ ဖြစ်သည်။ တစ်ဖန် လူမှုရေးဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးသွားခြင်းနှင့် ဆက်စပ်သော မမြင်ရ မမှန်းဆနိုင်သည့် ကုန်ကျစရိတ် မြင့်မားမှုသည်လည်း အဟန့်အတား တစ်ခုအဖြစ် တည်ရှိနေသည်။
ဖယ်ထုတ်ဖမ်းချုပ်လိုက်သည့် ကာဗွန်ကို စွန့်ပစ်သည့် စရိတ်စကမှာလည်း အလွန်တရာ မြင့်မားသည်။ ယင်းသို့ ပြုလုပ်နိုင်ရန် ဦးစွာကာဗွန်ကို သိုလှောင်နေရာတစ်ခုသို့ ပို့ဆောင်ရပြီးနောက် လေထုထဲသို့ ပြန်လည်မရောက်ရှိ လာစေရန် ဘူမိဆိုင်ရာမြေလွှာ ဖြစ်တည်သည့် အတွင်းသို့ မြှုပ်နှံပေးရသည်။
ကာဗွန်ကို ဖမ်းချုပ်ပြီးသယ်ယူပို့ဆောင်ရန် ဖိသိပ်ရသည့်ဖြစ်စဉ် တစ်ခုတည်းပင်လျှင် စရိတ်စက မြင့်မားလှသည်။ ထို့ပြင် ထုတ်လုပ်လိုက်သော လျှပ်စစ်စွမ်းအင်၏ ကုန်ကျစရိတ်အပေါ် ရာခိုင်နှုန်း ၅၀ ထက်မက ထပ်ဆောင်း၍ မြင့်တက်လာစေသည်ဟု ဆိုသည်။ သိုလှောင်နေရာနှင့်ဝေးသည့် လက်ရှိလည်ပတ်နေသော ဓာတ်အားပေး စက်ရုံများအတွက် အဆိုပါ ကာဗွန်ဖမ်းချုပ်ဖိသိပ်သည့် နည်းပညာကို အသုံးပြုပါက စရိတ်စကပို၍ပင် မြင့်မားမည်ဖြစ်သည်။
ကာဗွန်ဒိုင်အောက်ဆိုက်ကို သင့်တော်သည့် သိုလှောင်နေရာများသို့ ပို့ရာတွင် ပိုက်လိုင်းများအား အသုံးပြုလေ့ ရှိကြ၏။ ၂၀၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စုစုပေါင်း ကီလိုမီတာ ၅၈၀၀ အရှည်ရှိ ပိုက်လိုင်းများ အသုံးပြုခဲ့သည်ဆိုသည်။ ယေဘုယျအားဖြင့် ယင်းကာဗွန်ကို ရေနံထုတ်လုပ်ရာဒေသသို့ ပို့လေ့ရှိပြီး ရေနံထုတ်လုပ်ရန်နှင့် ပိုမိုထွက်စေရန် ရေနံတွင်းဟောင်းများထဲသို့ ထိုးသွင်းလေ့ရှိသည်။ ကာဗွန်ကိုရှည်ကြာစွာ သိုလှောင်ထားသည့် နည်းစနစ်များအနက် ဘူမိမြေလွှာကြော အတွင်း၌လည်းကောင်း၊ ပင်လယ်အောက်တွင် လည်းကောင်း၊ သတ္တုအချို့နှင့် ဓာတုတုံ့ပြန်စေကာ တည်ငြိမ်သော ကာဘိုနိတ် (Carbonate) အဖြစ်သို့ ပြောင်းစေသောနည်းကို လည်းကောင်း အသုံးပြုကြသည်။ သို့ရာတွင် မြေလွှာမှ၊ ပင်လယ်ရေအောက်မှ ကာဗွန်များ ယိုစိမ့်ထိုးဖောက် ထွက်လာသည့် သာဓကလည်း ရှိခဲ့ဖူးသည်။
၁၉၈၆ ခုနှစ်တွင် ကင်မရွန်းနိုင်ငံရှိ Lake Nyos ရေအောက်တွင် သဘာဝအလျောက် တာရှည်အောင်းလျက် ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက် အစုလိုက် အပြုံလိုက် ယိုစိမ့်ထွက်လာသောကြောင့် လူပေါင်း ၁၇၀၀ အား အသက်ရှူရပ် သေဆုံးသွားစေခဲ့သည့် အဖြစ်အပျက်သည် မီးတောင်ပေါက်ကွဲမှု တစ်ရပ်၏ နောက်ဆက်တွဲ ဖြစ်စဉ်ကြောင့် ဖြစ်သည်ဆိုသည်။ မီးတောင်၏ လှုပ်ရှားမှုကြောင့် ရုတ်ခြည်းကာဗွန်ဓာတ်ငွေ့ အလုံးအရင်း စုပြုံလွတ်ထွက် သွားသဖြင့် ယင်းရေကန်အောက်မှ ဓာတ်ငွေ့များ ရုန်းကန်ထွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
မကြာသေးမီက ဂျပန်နိုင်ငံနာဂိုယာမြို့ရှိ အဆင့်မြင့်နည်းပညာဖြင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအကြောင်း သတင်းတစ်ပုဒ် ဖတ်ရှုခဲ့ရသည်။ ယင်းဓာတ်အား ထုတ်လုပ်စက်ရုံသည် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စံနှုန်းနှင့်အညီ လိုက်နာလည်ပတ်နေသော စက်ရုံဖြစ်ကာ လူတို့၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝကို မထိခိုက်စေရန် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေခြင်း ဖြစ်သည်ဆိုသည်။
သာဓကအားဖြင့် ကျောက်မီးသွေးရှို့ခြင်းမှ ထွက်လာသည့် ဆာလ်ဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့အား ဂျစ်ပ်ဆမ် (Gypsum) အဖြစ်သို့ ဓာတ်ပြုပြောင်းလဲပေးခြင်း၊ ကျောက်မီးသွေး အမှုန့်များလွင့်ပျံ့ခြင်းမှ ကာကွယ်ရန် တံတိုင်းအမြင့်ဖြင့် ကာရံခြင်း၊ စက်ရုံရှိ အမှုန်အမွှားများကို စုပ်ယူရန် လျှပ်စစ်ငြိမ်ဖုန်စုပ် ကိရိယာများ သုံးခြင်းစသဖြင့် စီမံပြုလုပ်ထားသည် ဆိုသည်။
မှန်ပါသည်။ ကောင်းလှပါသည်။ သို့သော် . . .။
ထို့ပြင် စက်ရုံမှထွက်သည့် ကျောက်မီးသွေးပြာ အများစုကို ဘိလပ်မြေပြုလုပ်ရာတွင်သုံးပြီး ကျန်သည့်ပြာများအား ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရန် အဆင့်မြင့်နည်းပညာဖြင့် ထိန်းသိမ်းထားခြင်း စသဖြင့် စီမံထားသည်ဆိုသည်။ တစ်လလျှင် တန်ချိန်ရှစ် သောင်းရှိ ကျောက်မီးသွေးကို အခြားနိုင်ငံများမှ တင်သွင်းလျက် ရှိနေသည်ဆိုသည်။ သတင်းထဲတွင် ပါသည့်အတိုင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံများကို အလျင်အမြန် တည်ဆောက်နိုင်ပြီး ထုတ်လုပ်မှုစရိတ်လည်း နည်းပါးသည်ဟု ဆိုပါသည်။
မှန်ပါသည်။ အားလုံးကောင်းပါသည်။ သို့သော် . . .။
အလျဉ်းသင့်၍ အမေရိကန်အခြေစိုက် Sierra ကလပ်တစ်ခုမှ အပြည်ပြည်ဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms Nicole Ghio က ပြောကြားသည့် စကားကို ဖောက်သည်ချလိုပါသည်။ ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ် စက်ရုံတည်ဆောက်မှု အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်းအားသူမက ပြန်လည်ဖြေကြားရာ၌ အစီရင်ခံစာများအရ အိန္ဒိယတွင် ကျောက်မီးသွေးမှ ထွက်သော ညစ်ညမ်းမှုကြောင့် နှစ်စဉ် လူတစ်သိန်းခန့်၊ တရုတ်တွင် ပိုများသော လူအရေအတွက်တို့ သေဆုံးလျက် ရှိနေသည်ဟု ပြောကြားသည်။ သေဆုံးမှုသာမကဘဲ လူမှုဘ၀ ဆုံးရှုံးမှုများသည် စက်ရုံဘေး အနီးအနားတစ်ဝိုက် နေထိုင်သည့် အသိုင်းအဝိုင်း တစ်ခုလုံးက ပေးဆပ်ရမည့် တန်ဖိုးများ ဖြစ်သည်ဆိုသည်။ (The Daily Eleven - 10-7-2015 နေ့ထုတ်) ။
“သို့သော် ...” ဆိုသည့် စကားလုံး၏ နောက်ဆက်တွဲကို ဖြည့်စွက်ရေးသား ပါတော့မည်။ ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ သန့်စင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံကို လေ့လာပြီးနောက် ဤနိုင်ငံသို့ အလားတူစီမံကိန်းမျိုး လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ဖိတ်ခေါ်လိုက်ခြင်းမှာ သင့်တင့်လျောက်ပတ် ပါသည်။ ကောင်းလှပါသည်။ သို့သော်…။
ဤစီမံကိန်းမျိုးနှင့် ပတ်သက်၍ သန့်စင်ကျောက်မီးသွေး နည်းပညာ ဆိုသည်မှာ ဆောင်ပုဒ်သက်သက်သာ ဖြစ်ကြောင်း၊ သန့်စင်ကျောက်မီးသွေး နည်းပညာဟူသည် သီးသန့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေးကြောင်း အချို့ပညာရှင်များက ယနေ့တိုင် သတ်မှတ်နေကြဆဲပင်ရှိ၏။ စွန့်ပစ်ပစ္စည်း အများအပြား ထွက်သည့်အတွက် ပြာပူကို ထိန်းချုပ်သိမ်းဆည်းခြင်းမှအစ အမှုန်အမွှားများ၊ ပြဒါးနှင့် ဆာလ်ဖာလွင့်ပျံ့မှုများအား ထိန်းချုပ်သည့် တိုင်အောင် လေထုရေထုထဲသို့ ထွက်ရှိနေဦးမည်သာဖြစ်သည်။
စရိတ်စက အလွန်တရာကြီးမြင့်သည့်အတွက် အကျိုးအမြတ် နည်းပါးရုံမျှမက အကျိုးအမြတ်ပင်ရရှိနိုင်ရန် ခက်ခဲနေသည့် အခြေအနေအောက်တွင် သန့်စင်ကျောက်မီးသွေး ကိစ္စကို များစွာတွက်ချက် စဉ်းစားရဦးမည်ဖြစ်သည်။ ပြီးတော့ ဒေသခံပြည်သူ အများအပြား ဆန့်ကျင်ကန့်ကွက် နေကြခြင်းကို ဆန်းစစ်ကြည့်ပါက သက်ဆိုင်ရာအပေါ် ယုံကြည်မှု နည်းပါးနေခြင်းသည် အဓိက အကြောင်းရင်း ဖြစ်နေသည်ကို တွေ့ရသည်။ သန့်စင်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တစ်ခုတွင် အမှန်ပင် ရှိသင့်ရှိထိုက်သော ပစ္စည်းကိရိယာ တန်ဆာပလာအားလုံး တပ်ဆင်အသုံးပြုထားရန် လိုအပ်သည်။ တပ်ဆင်ထားသည်၊ မထားသည်ကိုမူ မည်သူမျှ သိနိုင်မည်မဟုတ်။ မည်သည့် အာဏာပိုင်က အမှန်အတိုင်း ဘက်မလိုက်၊ အဂတိတရား ကင်းရှင်းစွာဖြင့် စစ်ဆေးထိန်းကွပ်ပေးမည်နည်း။ သက်ဆိုင်ရာ အာဏာပိုင် တစ်ဖွဲ့လုံးအပေါ် ယုံကြည်မှုလျော့နည်း ပျက်ပြယ်ပြီးဖြစ်သော ယနေ့လို ကာလမျိုးတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုအား ဆက်လက်ဆန့်ကျင်နေခြင်းနှင့် မိမိတို့ လူမှုဘဝတစ်ခုလုံး ဆုံးရှုံးထိခိုက် နစ်နာမည့်အရေးအတွက် ဆန့်ကျင်နေခြင်းတို့သည် ဒေသခံများ၏ အမှားမဟုတ်ဟု ပြောချင်ပါသည်။










