SSS ကုမ္ပဏီသို့ သုံးနှစ်အတွင်း ကားအစီးရေ ၄၅၀၀ အထိ အခွန်လွတ်ဖြင့် တင်သွင်းထုတ်လုပ်ခွင့် ပေးထားပြီး အခွန်ငွေ ကျပ်ဘီလျံ ရာချီ နိုင်ငံနစ်နာနိုင်

SSS ကုမ္ပဏီသို့ သုံးနှစ်အတွင်း ကားအစီးရေ ၄၅၀၀ အထိ အခွန်လွတ်ဖြင့် တင်သွင်းထုတ်လုပ်ခွင့် ပေးထားပြီး အခွန်ငွေ ကျပ်ဘီလျံ ရာချီ နိုင်ငံနစ်နာနိုင်
Published 15 July 2015
အောင်ရဲကို

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ Super Seven Stars (SSS) ကုမ္ပဏီသို့ သုံးနှစ်အတွင်း ကားအစီးရေ ၄၅၀၀ အား တင်သွင်းထုတ်လုပ်ခွင့် ပြုထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူထံမှ သတင်းရရှိသည်။၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက MIC မှ SSS ကုမ္ပဏီသို့ ကားအစီးရေ ၄၅၀၀ စီးကို သုံးနှစ်အတွင်း တင်သွင်းထုတ်လုပ်ခွင့် ပြုထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုသည့်အတွက် အခွန်ကင်းလွတ်ခွင့်ဖြင့် လုပ်ကိုင်ခွင့် ချထားပေးလိုက်ကြောင်း သိရသည်။MIC က ခွင့်ပြုပေးရာတွင် ကိုရီးယားနိုင်ငံထုတ် KIA ကားအမျိုးအစားထဲမှ Optima အား ၁၅၀၀ စီး၊ Sportage ၁၅၀၀ စီးနှင့် Sorento ၁၅၀၀ စီးအား သုံးနှစ်အတွင်း တင်သွင်းထုတ်လုပ်ရန် ခွင့်ပြုပေးထားကြောင်း သိရသည်။ထိုသို့ တင်သွင်းထုတ်လုပ်ရာတွင် Semi Knocked Down(SKD) စနစ် (အစိတ်အပိုင်းများ တင်သွင်းပြီး ပြန်လည်တပ်ဆင် ထုတ်လုပ်သည့် စနစ်) ဖြင့် တင်သွင်းခွင့် ပြုခြင်းလည်းဖြစ်သည်။သို့သော် SSS ကုမ္ပဏီမှ အဆိုပါကားများကို တင်သွင်းရာတွင် SKD စနစ်ဖြင့်အညီ တင်သွင်းခြင်းမဟုတ်ဘဲ အစိတ်အပိုင်းအချို့သာ ဖြုတ်၍ တင်သွင်းပြီး ပြန်လည်တပ်ဆင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း တိုင်ကြားချက်များအရ ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် ကားများကို ၂၀၁၅ ခုနှစ် ဇူလိုင် ၉ ရက်က အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ပထမအကြိမ် SSS ကုမ္ပဏီမှ တင်သွင်းစဉ်ကလည်း SKD စနစ်ဖြင့် ကိုက်ညီမှု ရှိမရှိ အငြင်းပွားဖွယ်ရာ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက်တွင် စက်မှုဝန်ကြီးဌာနမှ SKD စနစ် သတ်မှတ်ချက် ကိုးချက်ကို သတ်မှတ်ထားပေးခဲ့ကြောင်း သိရသည်။ကားတင်သွင်းတပ်ဆင် ထုတ်လုပ်သည့် လုပ်ငန်းတွင် အဆင့်သုံးဆင့်ရှိပြီး CKD, SKD နှင့် CBU အဆင့်များဖြစ်ကြောင်း သိရသည်။ Complete Knocked Down (CKD) စနစ်မှာ ပုံစံထုတ်ခြင်း၊ ဝရိန်တို့ခြင်း၊ ဆေးမှုတ်ခြင်းမှအစ နောက်ဆုံးထုတ်လုပ် စမ်းသပ်မောင်းနှင်ပြီးသည်အထိ အစိတ်အပိုင်းများကိုသာ တင်သွင်းထုတ်လုပ်ရသည့် စနစ်ဖြစ်ကြောင်း၊ Semi Knocked Down(SKD) စနစ်ဆိုသည်မှာ ပုံစံထုတ်ပြီး၊ ဝရိန်ပြီး၊ ဆေးမှုတ်ပြီးသည့် အစိတ်အပိုင်းများကို တစ်စိတ်တစ်ပိုင်းခြင်း တင်သွင်းပြီးမှ ပြန်လည်တပ်ဆင် ထုတ်လုပ်ရသည့် စနစ်ဖြစ်ကြောင်း၊ Complete Build Unit စနစ် (လက်ရှိ ကားတင်သွင်း စီးနင်းနေသည့် စနစ်) မှာ အသင့်စီးကား အစီလိုက် တင်သွင်းသည့် စနစ်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံမှ စက်မှုဝန်ကြီးဌာနက သတ်မှတ်ပေးသည့် SKD စနစ် သတ်မှတ်ချက် ကိုးချက်မှာ အင်ဂျင်နှင့်ဂီယာ အတွဲလိုက် တစ်ပိုင်း၊ ရှေ့နောက်ဝင်ရိုးများအား တစ်ပိုင်း၊ စတီယာရင်စနစ် တစ်ခုလုံးအား တစ်ပိုင်း၊ တံခါးနှင့် ခုံများအား တစ်ပိုင်း၊ ဘီးနှင့် တာယာအား တစ်ပိုင်း၊ ရှေ့နောက် လေကာမှန်များအား တစ်ပိုင်း (ယင်းမှန်များကို ကိုယ်ထည်တွင် တပ်ဆင်လာခွင့်လည်း ရှိသည်)၊ ကားအောက်ပိုင်း စနစ်များအား တစ်ပိုင်း၊ အိတ်ဇောစနစ်အား တစ်ပိုင်းနှင့် ကားကိုယ်ထည်၌ မီတာများ၊ ဝိုင်ယာကြိုးနှင့် လျှပ်စစ်စနစ်များ၊ အတွင်းခန်းမျက်နှာကြက်နှင့် အခင်းများ တပ်ဆင်ပြီးစနစ်များအား တစ်ပိုင်း စသည်ဖြင့် အပိုင်းကိုးပိုင်းခွဲ၍ တင်သွင်းကာ ပြည်တွင်း၌ ပြန်လည်တပ်ဆင် ထုတ်လုပ်ရန် စက်မှုဝန်ကြီးဌာနက ကားဖြင့် သက်ဆိုင်သော အစည်းအဝေးများတွင် အတည်ပြု ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။သို့သော် ယခုအကြိမ် SSS ကုမ္ပဏီမှ တင်သွင်းလာသည့်အပေါ် ဇူလိုင် ၉ ရက်က ဆိပ်ကမ်းတွင် စစ်ဆေးခဲ့ရာ ခုံနှင့်တံခါးများအား တစ်ခါတည်း ကားကိုယ်ထည်ဖြင့် တပ်ဆင်တင်သွင်းခြင်း၊ စတီယာရင်များအား အပြီးတပ်ဆင်လာပြီး တင်သွင်းခြင်း၊ ကားကိုယ်ထည်တွင် နံပါတ်များ ရိုက်ထားခြင်း အပါအဝင် SKD စနစ် သတ်မှတ်ချက်ဖြင့် မညီဘဲ တင်သွင်းလာကြောင်း စစ်ဆေးစဉ်က ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။ယင်းအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ SSS ကုမ္ပဏီသို့ ခွင့်ပြုပေးထားသည်မှာ Optima, Sportage, Sorento အမျိုးအစား သုံးမျိုးကိုသာ SKD စနစ်ဖြင့် တင်သွင်းခွင့် ပြုထားခြင်းဖြစ်ကြောင်း၊ တရားဝင် ထုတ်ဖော်ပြောကြားထားသော်လည်း ဇူလိုင် ၉ ရက်က စစ်ဆေးရာတွင် Rio နှင့် Carens အမျိုးအစားကဲ့သို့သော ခွင့်ပြုပေးထားသည့် အမျိုးအစားသုံးခုတွင် မပါဝင်သည့် ကားများကိုပါ တင်သွင်းလာကြောင်း ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။ထိုသို့ တင်သွင်းလာသည့်အတွက် SKD စနစ်ဖြင့် မဟုတ်တော့ဘဲ ကားအစီးလိုက်နီးပါး တင်သွင်းသည့်သဘော ဖြစ်နေပြီး ပြည်တွင်း၌ အနည်းငယ် ပြန်ဆင်ရုံဖြင့် ကားအစီးလိုက် အသင့်ရောင်းနိုင်သည့် အနေအထားဖြစ်ကြောင်း၊ SKD စနစ်ဖြင့် မညီတော့ဘဲ CBU စနစ်ဖြင့်လည်း မကွာတော့ကြောင်း၊ သို့သော် အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ရရှိပြီး တင်သွင်းသည့်အတွက် နိုင်ငံတော်အခွန် နစ်နာကြောင်း၊ CBU စနစ်ဖြင့်သွင်းသည့် ကားများကို ကောက်ခံသည့် အခွန်အတိုင်း ကောက်ခံသင့်ကြောင်း ကားလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ အချို့က သုံးသပ်ခဲ့ကြသည်။လက်ရှိ SSS ကုမ္ပဏီမှ တင်သွင်းရာတွင် SKD စနစ်ဖြင့် တင်သွင်းခွင့်ရသည့် ကားများအတွက် အကောက်ခွန် ရာခိုင်နှုန်း ၄၀ သို့မဟုတ် ရာခိုင်နှုန်း ၃၀ နှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်းမှာ လုံးဝကင်းလွတ်ခွင့် ရသည့်အပြင် ကညန၌ ယာဉ်မှတ်ပုံတင်ရာတွင်လည်း ပြည်ပမှ တင်သွင်းယာဉ်မှတ်ပုံတင်ကြေးကိုလည်း ပေးဆောင်ရမှုမရှိဘဲ ကင်းလွတ်ခွင့် ရထားကြောင်း သိရသည်။SSS ကုမ္ပဏီသို့ ခွင့်ပြုမိန့်ရရှိသည်မှစ၍ ယခုအထိ Optima ၂၈၈ စီး၊ Sportage ၅၀၄ စီးနှင့် Sorento ၅၇၈ စီး စုစုပေါင်း ကားအစီးရေ ၁၃၇၀ စီး ခွင့်ပြုချက် ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။SSS ကုမ္ပဏီသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းထုတ်လုပ်ခွင့် ပေးထားသည့် အစီးရေ ၄၅၀၀ အား အခွန်ဖြင့် တင်သွင်းခွင့်ပြုမည် ဆိုပါက နိုင်ငံတော် အနေဖြင့် အခွန်ငွေ ကျပ်ဘီလျံ ၁၃၀ နီးပါးအထိ ရရှိမည်ဖြစ်ကြောင်း တွက်ချက်ထားကြသည်။ (၂၀၁၄ CIF တန်ဖိုးများအရ)CIF တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၀၀၀ ရှိသည့် Optima အား အခွန်ဖြင့် တင်သွင်းမည် ဆိုပါက (၂၄၀၀ စီစီအတွက်) တစ်စီးလျှင် စုစုပေါင်းအခွန် အမေရိကန်ဒေါ်လာ ၃၁၁၆၆ ဒေါ်လာနီးပါး ကျသင့်မည်ဖြစ်ပြီး အစီး ၁၅၀၀ အတွက် ဆိုပါက အခွန်စုစုပေါင်း ဒေါ်လာ ၄၆ ဒသမ ၇ သန်းနီးပါး (ကျပ်ငွေ ၄၆ ဒသမ ၇ ဘီလျံနီးပါး) အထိ နိုင်ငံတော်က ရရှိမည်ဖြစ်သည်။ (၂၀၀၀ စီစီ ဆိုပါက ကျပ်ငွေ ၃၄ ဒသမ ၄ ဘီလျံကျော်)CIF တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၅၀၀ ရှိသည့် Sportage အား အခွန်ဖြင့် တင်သွင်းမည် ဆိုပါက (၂၀၀၀ စီစီအတွက်) တစ်စီးလျှင် စုစုပေါင်းအခွန် အမေရိကန်ဒေါ်လာ ၂၃၄၃၇ ဒေါ်လာနီးပါး ကျသင့်မည်ဖြစ်ပြီး အစီး ၁၅၀၀ အတွက် ဆိုပါက အခွန်စုစုပေါင်း ဒေါ်လာ ၃၅ ဒသမ ၂ သန်းနီးပါး (ကျပ်ငွေ ၃၅ ဒသမ ၂ ဘီလျံနီးပါး) အထိ ကျသင့်မည်ဖြစ်သည်။CIF တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၅၀၀ ရှိသည့် Sorento အား အခွန်ဖြင့် တင်သွင်းမည် ဆိုပါက (၂၂၀၀ စီစီအတွက်) တစ်စီးလျှင် စုစုပေါင်းအခွန် အမေရိကန်ဒေါ်လာ ၃၁၈၇၄ ဒေါ်လာကျော် ကျသင့်မည်ဖြစ်ပြီး အစီး ၁၅၀၀ အတွက် ဆိုပါက အခွန်စုစုပေါင်း ဒေါ်လာ ၄၇ ဒသမ ၈ သန်းနီးပါး (ကျပ်ငွေ ၄၇ ဒသမ ၈ ဘီလျံနီးပါး) အထိ ကျသင့်မည်ဖြစ်သည်။ထို့အတွက် ခွင့်ပြုပေးထားသည့် အစီးရေ ၄၅၀၀ စလုံးကို အခွန်ဖြင့် တင်သွင်းမည် ဆိုပါက အခွန်ငွေ ကျပ်ဘီလျံ ၁၂၀ နီးပါးမှ ၁၃၀ နီးပါးအထိ နိုင်ငံတော်မှ ရရှိမည်ဖြစ်ကြောင်း သိရသည်။သို့သော် SSS ကုမ္ပဏီ အနေဖြင့် တင်သွင်းမှုများ ပြုလုပ်ရာတွင် MIC ခွင့်ပြုပေးထားသည့် SKD စနစ်ဖြင့် (စက်မှုဝန်ကြီးဌာနမှ နောက်ဆုံးသတ်မှတ်ပေးထားသည့် SKD သတ်မှတ်ချက်) လည်းမညီ၊ MIC မှ ခွင့်ပြုပေးထားသည့် ကားအမျိုးအစားများတွင် မပါဝင်သည့် အမျိုးအစားများကိုလည်း ထည့်သွင်းတင်သွင်းနေသည့် အခြေအနေဖြစ်ကြောင်း အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိရသည့် ဓာတ်ပုံမှတ်တမ်းများက ဖော်ပြလျက် ရှိသည်။ထိုသို့ ကွဲလွဲတင်သွင်းသည့်အတွက် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ငွေများ ရရှိမှု မရှိဘဲ အစီး ၄၅၀၀ အားလုံးကိုသာ ယခု အနေအထားအတိုင်း ထပ်မံခွင့်ပြုပေးလိုက်လျှင် နိုင်ငံတော်က ကျပ်ဘီလျံပေါင်း ၁၃၀ နီးပါးအထိ ဆုံးရှုံးနစ်နာသွားမည်ဖြစ်သည်။ SSS ကုမ္ပဏီမှ Optima ကားအား တင်သွင်းရာတွင် လိုင်စင်၌ ဖော်ပြသည့်ဈေးမှာ တစ်စီး အမေရိကန်ဒေါ်လာ ၈၅၀၀ နှုန်းဖြစ်ပြီး ပြည်တွင်း၌ ပြန်လည်တပ်ဆင် ထုတ်လုပ်ရောင်းချဈေးမှာ ၂၀၀၀ စီစီဆိုပါက ဒေါ်လာ ၄၅၀၀၀ နှုန်းဖြစ်ကြောင်း၊ ၂၄၀၀ စီစီဆိုပါက ဒေါ်လာ ၄၆၀၀၀ ဖြစ်ကြောင်း သိရသည်။Sportage အမျိုးအစားအား တင်သွင်းသည့် လိုင်စင်ပါဈေးနှုန်းမှာ ဒေါ်လာ ၈၈၀၀ ဖြစ်ပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ပြီး ရောင်းချသည့်ဈေးမှာ ၂၀၀၀ စီစီဆိုပါက ဒေါ်လာ ၄၆၀၀၀ ဖြစ်ကြောင်း သိရသည်။Sorento အမျိုးအစားအား ပြည်ပမှ တင်သွင်းသည့် လိုင်စင်ပါ ဈေးနှုန်းမှာ ဒေါ်လာ ၈၉၀၀ ဖြစ်ပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ် ရောင်းချသည့်ဈေးမှာ ၂၂၀၀ စီစီဆိုပါက ဒေါ်လာ ၅၄၀၀၀ ဖြစ်ကြောင်းလည်း သိရသည်။ (ပြည်တွင်းဈေးနှုန်းမှာ ဇူလိုင် ၁၁ ရက် ဈေးနှုန်းများဖြစ်သည်)SSS ကုမ္ပဏီအား သုံးနှစ်အခွန်ကင်းလွတ်ခွင့်၊ SKD စနစ်ဖြင့် ကားထုတ်လုပ်ခွင့် ချထားပေးခဲ့စဉ်က MIC ဥက္ကဋ္ဌမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တာဝန်ယူစဉ်ကဖြစ်ကြောင်း သိရသည်။ယခုကဲ့သို့ ကွဲလွဲတင်သွင်းနေမှု ထင်ရှားလျက်နှင့် နိုင်ငံတော်အခွန် နစ်နာမှု မရှိစေရန် မဆောင်ရွက်လျှင် မဆောင်ရွက်သည့် သက်ဆိုင်ရာ ကော်မရှင်၊ သက်ဆိုင်ရာဌာနတို့ကပါ နိုင်ငံ့ဘဏ္ဍာ နစ်နာမှုအတွက် တာဝန်ရှိလာမည် ဖြစ်သည်ဟု ကားလုပ်ငန်းရှင်များက ထောက်ပြခဲ့ကြသည်။အများနှင့် သက်ဆိုင်သော နိုင်ငံ့ဘဏ္ဍာ နစ်နာသွားပါက အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၃ ဖြင့် ငြိစွန်းနိုင်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ထားသည်။ပုဒ်မ ၃ တွင် ‘မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားပြုမှု၊ သို့တည်းမဟုတ် လိမ်လည်မှု ကျူးလွန်လျှင် တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ ၁၀ နှစ်အောက် မနည်းသည့် ထောင်ဒဏ်ဖြစ်စေ၊ စီရင်ခြင်းခံရမည့်အပြင် ငွေဒဏ်လည်း စီရင်ခြင်းခံရမည်’ ဟု ဖော်ပြထားသည်။ ယင်းအပြင် နိုင်ငံ့ဘဏ္ဍာများ နစ်နာစေရန် အဂတိ လိုက်စားမှုများ ရှိလာပါကလည်း အဂတိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ငြိစွန်းနိုင်သည်ဟုလည်း ဥပဒေပညာရှင်များက သုံးသပ်ထားသည်။အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ‘အဂတိလိုက်စားမှု ဆိုသည်မှာ လုပ်ပိုင်ခွင့် အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တစ်စုံတစ်ရာကို ပြုလုပ်ရန်၊ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်သော် လည်းကောင်း၊ သက်ဆိုင်သူထံမှ တံစိုးလက်ဆောင်ကို မိမိအတွက်သော် လည်းကောင်း၊ တခြားသူ တစ်ဦးဦးအတွက်သော် လည်းကောင်း၊ အဖွဲ့အစည်းအတွက်သော် လည်းကောင်း၊ ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန် အားထုတ်ခြင်း၊ ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဆွေးနွေးခြင်းအား တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်ခြင်းကို ဆိုသည်’ ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

Most Read

Most Recent