စစ်မြေပြင် နှုတ်ခမ်းစပ်က ကော့ကရိတ်မြို့သို့ ရောက်ခဲ့တစ်ခေါက်

စစ်မြေပြင် နှုတ်ခမ်းစပ်က ကော့ကရိတ်မြို့သို့ ရောက်ခဲ့တစ်ခေါက်
Published 14 July 2015
ကိုရွှေသိန်း(မြဝတီ)

Eleven Media  Group ရဲ့ (၁၅) နှစ်ပြည့် အခမ်းအနားကအပြန် ကော့ကရိတ်မှာ တစ်ညတာ သောင်တင်နေခဲ့ရပါတယ်။
 
“တိုက်ပွဲဖြစ်လို့ လမ်းတွေပိတ်ထားတယ်။ ရွာဦးဘုန်းကြီးကျောင်းဝင်းမှာ၊ မြို့တွင်းမှာ ခရီးသည်နဲ့ ခရီးသွားကားတွေ၊ ကုန်ကားတွေ ရာနဲ့ချီ ပိတ်မိနေတာ သုံး၊ လေးရက်ရှိပြီ” ဆိုတဲ့သံစဉ်တွေ ကော့ကရိတ်မြို့လမ်းမပေါ်မှာ ပဲ့တင်ထပ်လို့နေပါတယ်။
 
ဇူလိုင်၂ ရက်က  ကော့ကရိတ်မြို့အနီး အာရှလမ်းသစ် ကော့နွဲ့ဂိတ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေဟာ ဖွဲမီးလို တငွေ့ငွေ့လောင်မြိုက်လာတာ ဇူလိုင် ၅ ရက်မှာတော့ လမ်းဟောင်းမှ သွားလာမှုတွေပါ ရပ်နားခဲ့ရပါတယ်။ လမ်းသစ်၊ လမ်ဟောင်းနှစ်ခုစလုံးမှာ စစ်ဒဏ်ကိုခံနေရပြီး  နယ်စပ်ကုန်သွယ်မှုတွေလည်း ရပ်ဆိုင်းခဲ့ရပါတယ်။
 

 
“ကော့နွဲ့ဂိတ် (နားမကြားဂိတ်)မှာ စပြီး ပစ်ခတ်မှုတွေ  ဖြစ်တာပါ။ လမ်းသစ်လုံခြုံရေးကိစ္စနဲ့ စတဲ့ပြဿနာဟာ မြို့နဲ့အလှမ်းဝေးပေမယ့် လမ်းမကြီးရဲ့အသက်ရှင်မှုကိုပါ ရပ်နားလိုက်ရတဲ့အတွက် ရွာနီးချုပ်စပ်က ဒေသခံတွေရဲ့ စားဝတ်နေရေး အဆင်မပြေမှုတွေ ကြုံလာရပါတယ်။ ပြီးတော့ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် ဒေသခံအချို့လည်း ဒဏ်ရာရှိခဲ့ပါတယ်”ဟု ကော့ကရိတ်မြို့သားတစ်ဦးဖြစ်တဲ့  ကိုကျော်က ပြောဆိုနေလေရဲ့။
 
ဒေါနတောင်ရဲ့ခြေရင်းမှာ  နယ်စပ်ကိုသွားမယ့် ခရီးသည်တွေရဲ့ ခဏတာနားခိုမှုနဲ့  ဝေစည်နေတဲ့မြို့။ အခုတော့ လက်နက်ကြီးသံတွေ၊ ယမ်းငွေ့နံ့တွေကြားမှာ ငြိမ်ဆိတ် အသက်မဲ့သလို ဖြစ်နေပါတယ်။
 

 
ဇူလိုင် ၇ ရက် နံနက်က  ချောင်းတောင် အထက်တန်းကျောင်းရဲ့ မူလတန်းဆောင်အမိုးကို လက်နက်ကြီး (၄၀.မမ) ကျည်ကျ ပေါက်ကွဲတော့ တစ်မြို့လုံး ကလေး၊ လူကြီးလန့်၊ အံ့သြစိုးကြောက်စိတ်တွေနဲ့ လမ်းသွားလမ်းလာပင် မရှိသလောက်။ ကုန်မျိုးစုံရောင်းတဲ့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေလည်း ပိတ်၊ စာသင်ကျောင်းတွေလည်း ပိတ်ထားရနဲ့ စစ်ပွဲရဲ့ ခါးသီးမှုကို ရင်စည်းခံနေကြရတယ်လို့ ဆိုပါတယ်။
 
ယင်းနေ့ နေ့လယ်မှာ ကော့ကရိတ်မြို့မှ ဝါရင့်သတင်းထောက်တစ်ဦးဖြစ်သူ ဦးတင်ဝင်းလှိုင်နဲ့အတူ ကော့ကရိတ်မြို့တွင်း လျှောက်ကြည့်ရင်း ခရိုင်ဆေးရုံကြီးကိုလည်းရောက် ဖြစ်ခဲ့ပါတယ်။
 
ကော့ကရိတ်အထွက် ကောင်းမှုှုစခန်းမရောက်မီ ကြောင်လျှာကုန်းကျေးရွာအနီးမှာ ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကျည် ဒဏ်ရာကြောင့် အရေးပေါ်ဆေးကုသမှု ခံယူနေတဲ့ တပ်မတော်သားတစ်ဦးနဲ့ ကရင်အမျိုးသမီးတစ်ဦးကိုလည်း တွေခဲ့ရပါတယ်။
 

 
“အမိုးက အိမ်ကနေ လမ်းမကိုအထွက်မှာ ပေါက်ကွဲသံကြားတာပါ။ လမ်းလုံခြုံရေးယူနေတဲ့ ရဲဘော်သုံးဦးမှာ နှစ်ဦးက အဲဒီနေရာမှာပဲ သေသွားတယ်။ တစ်ဦးကတော့ ဟိုဘက်ခန်းမှာ ဆေးကုသမှုခံယူနေဆဲပဲ  ဖြစ်ပါတယ်။အမိုးကတော့ ထိတာကို ချက်ချင်းမသိဘူး။ နောက်တော့မှ ခေါင်း၊ ပေါင်၊ နောက်ကျောမှာ အစတွေ လာမှန်ထားတာ သိရပါတယ်။ အခုတော့ ခွဲစိတ်ကုထားပါပြီ။ ဟိုဘက်ခန်းက ရဲဘော်တော့ မျက်နှာထိသွားပါတယ်”ဟု ကော့ကရိတ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက် (၅၆) နှစ်အရွယ် ဒေါ်လုံးခင်က ပြောကြားပါတယ်။
 
ဦးခေါင်းပိုင်းဒဏ်ရာနဲ့ ဆေးကုသမှုခံယူနေတဲ့ ရဲဘော်လေးအနီးမှာတော့ အစောင့် ရဲဘော်တစ်ဦးကလွဲလို့ ကူညီဖေးမမည့်သူ မရှိဘူးလို့ ဆိုပါတယ်။ ပြင်းထန်တဲ့ဒဏ်ရာကြောင့် ကော့ကရိတ်ဆေးရုံမှတစ်ဆင့် တောင်ကလေးဆေးရုံကို ပို့ဆောင်ကုသမယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ကော့ကရိတ်မြို့တွင်းသို့ ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်များမှာ ပေါက်ကွဲတာရှိသလို မပေါက်ကွဲဘဲ ကျန်နေတာလည်းရှိတာမို့ ပြည်သူတွေ သက်သာရာရခဲ့တယ်လို့လည်း ဦးတင်ဝင်းလှိုင်က ပြောရဲ့။
 

 
ဆေးရုံကအပြန်မှာ မနက်က လက်နက်ကြီးကျလို့ ပျက်စီးခဲ့တဲ့ ချောင်းတောင်အထက်တန်းကျောင်းကို သွားရောက်ခဲ့ရာမှာတော့ ပေါက်ပြဲပျက်စီးသွားတဲ့ ကျောင်းဆောင်အမိုး၊ မျက်နှာကြက်တို့ကို ကျောင်းအုပ်ဆရာမကြီးနဲ့ တာဝန်ရှိသူတွေက ချက်ချင်းပြင်ဆင်နေတာ တွေ့ရပါတယ်။
 
“သူတို့ ဘာရည်ရွယ်ချက်နဲ့ အပြစ်မဲ့ကလေးတွေ ပညာသင်နေတဲ့ စာသင်ကျောင်းကို ပစ်လဲဆိုတာတော့ နားမလည်နိုင်လောက်အောင်ပါပဲ။ ကလေးတွေအတွက် အရမ်းကို စိုးရိမ်စိတ်ဖြစ်မိပါတယ်။ ကျောင်းမတက်မီ မနက်စောစောဖြစ်တဲ့အတွက် တစ်စုံတစ်ရာ ဒဏ်ရာရှိမှုမဖြစ်ခဲ့ပေမယ့် စိတ်ပူပြီး ကျောင်းလည်းပိတ်ထားလိုက်ပါတယ်။  ဖြစ်ပြီးမနက်မှာပဲ ပျက်စီးသွားတာတွေကို ချက်ချင်းပြင်လိုက်ကြပါတယ်”လို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။
 

 
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရဲ့ အသက်သွေးကြောဖြစ်တဲ့ ကော့ကရိတ်-အာက်ဗိုလ်တဲကြား ကောင်းမှုကျေးရွာ၊ တောင်ပြတ်ကျေးရွာ၊ တောင်သုံးလုံးနေရာတွေမှာ  စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့တယ်။ နောက်နေ့မှာ မြဝတီ-ကော့ကရိတ်လမ်းဟောင်း ပတ်ဝန်းကျင်မှာရှိတဲ့  ဒီကေဘီအေ တပ်စခန်းနေရာတွေကို  တပ်မတော်က ထိန်းချုပ်လိုက်နိုင်ပြီဖြစ်တဲ့အတွက် ခရီးသွားကားတွေ လှုပ်လှုပ်ရွရွနဲ့ အသက်ဝင်လာပါတယ်။
 
ဇူလိုင် ၈ ရက် နံနက်က မြဝတီကိုတက်မယ့် ခရီးသည်တွေ ဆိုင်ကယ်နဲ့ အပြေးအလွှား သွားနေကြပေမယ့် စိုးထိတ်မှုကိုယ်စီနဲ့ပေါ့။ ယင်းနေ့မှာပဲ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှူးက လမ်းလုံခြုံရေးဆောင်ရွက်စဉ် ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလည်း လုပ်ခဲ့ပါတယ်။     
 

 
မြဝတီ ဒေါနတောင်ကျော်အာရှလမ်းသစ်၊ လမ်းဟောင်းတွင် ပစ်ခတ်မှုများနှင့် ပတ်သက်၍ DKBA တပ်ဖွဲ့အား တိုက်ခိုက်ခြင်း မဟုတ်ဘဲ  လမ်းလုံခြုံရေးအတွက် ရှင်းလင်းရခြင်းဖြစ်ပါတယ်လို့ ဗိုလ်မှူးကြီး စောချစ်သူ က ပြောကြားပါတယ်။
 
တစ်ပတ်ကြာ ယာဉ်ကြောရပ်နား၊ ပိတ်ဆို့မှုတွေကြောင့် တစပြင်လို ငြိမ်သက်ခဲ့ရာမှ ဇူလိုင် ၁၀ ရက်မှာ ဒေါနတောင်ကျော်လမ်းနှစ်သွယ်မှ ခရီးသွားလာမှုကုန်သွယ်မှုတွေ ဥဒဟို သွားလာနေပြီဆိုပေမယ့် မွန်းလွဲ ၂ နာရီ ကျော်ခန့်မှာ မြဝတီ-ကော့ကရိတ် လမ်းဟောင်း တောင်ပြတ်ကျေးရွာအနီးမှာ ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ပြည်သူတွေနဲ့ ခရီးသွားတွေရဲ့ သောကတွေ ရင်ထဲမှာ လောင်မြိုက်လို့နေဆဲ ဖြစ်ပါတယ်။

Most Read

Most Recent