မြေပြင်တစ်ခုလုံး ကျင်းတွေချိုင့်တွေနဲ့ မွစကျဲနေတယ်။ နေအိမ်တိုက်တာ အဆောက်အဦတွေ ပြိုပျက်နေတယ်။ နှစ်ဖက်လက်နက်ကိုင်တပ်တွေ တုံးလုံးပက်လက် လဲပြိုနေတယ်။ အပြစ်မဲ့ပြည်သူတွေ ရှောင်ပုန်းနေရတယ်။ ပတ်ဝန်းကျင်တစ်ဝိုက် ဝေ့ဆိုင်းနေတဲ့ မီးခိုးငွေ့တွေကြားမှာ ကလေးတစ်ယောက်က စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးနေတယ်။ အမြောက်သံတွေ မိုးခြိမ်းသလို တချိန်းချိန်းကြားနေရတယ်။ ဒီမြင်ကွင်းကတော့ စစ်ပွဲဆိုတာကို ပေါ်လွင်အောင် ဖော်ပြထားတဲ့ မြင်ကွင်းတစ်ရပ်ဖြစ်ပါတယ်။
စစ်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို ကြည့်ရရင် အုပ်စုနှစ်ခုကြား အယူအဆမတူတဲ့ နိုင်ငံရေးခံယူချက်တွေ၊ ကိုယ့်နယ်မြေ ကိုယ်လူမျိုးနဲ့ အာဏာချုပ်ကိုင်ချင်တဲ့ အဖွဲ့ တွေ၊ နောက်ဆုံး နိုင်ငံခြားတိုင်းပြည်တွေက ကျူးကျော်စစ်တွေကြောင့် ဖြစ်တာများပါတယ်။ စစ်မဖြစ်ရလို့တော့ တားလို့မရပါဘူး။ မတူညီတဲ့ ရည်မှန်းချက်ရည်ရွယ်ချက်တွေ။ သြဇာ၊ အာဏာတည်ဆောက်လိုတဲ့ ပြင်းပြတဲ့စိတ်ဆန္ဒတွေကြောင့် စစ်ပွဲတွေဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အချိန်ကာလ မလပ်အောင် ဖြစ်နေဦးမှာပါပဲ။
ဓား၊ လှံ၊ လက်နက်ခေတ်က နှစ်ပေါင်းရာနဲ့ချီ တာရှည်ကြာညောင်းခဲ့တဲ့ ဘာသာရေး အခြေခံခရူးဆိတ်စစ်ပွဲတွေ၊ ကိုလိုနီနယ်ချဲ့ ခေတ်မှာ ဥရောပနိုင်ငံကြီးတွေရဲ့အပြိုင်အဆိုင် နယ်ချဲ့ရာကနေ ဖြစ်ပွားလာတဲ့ ကိုလိုနီစစ်ပွဲတွေ၊ ခေတ်ဟောင်း၊ ခေတ်သစ်ကိုလိုနီ တွေ အပြိုင်အဆိုင် အားစမ်းကြတဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ကမ္ဘာစစ်တွေပြီးတဲ့နောက်မှာတော့ ၁၀ စုနှစ်တစ်ခုအတွင်း အားပြိုင်လာတဲ့ ဒီမိုကရေစီ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံတွေရဲ့ နိုင်ငံရေးအခြေခံပြီးဖြစ်လာတဲ့ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ ကျူး ဘားဒုံးပျံအရေးအခင်း၊ အခုထိ မပြီးဆုံးသေးသော ဂါဇာကမ်းမြှောင်ဒေသ စစ်ပွဲများ၊ ဆက်လက်ပြီး ဖြစ်ပွားလာတဲ့ အစွန်းရောက်တွေရဲ့ အဆုံးမရှိ စစ်ပွဲတွေနဲ့ မြေကမ္ဘာနဲ့ လူသားတွေဟာ သံသရာလည်နေရတာဖြစ်ပါတယ်။
ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာသလို စစ်လက်နက်ပစ္စည်းတွေကလည်း အဖျက်စွမ်းအား မြင့်မားလာပါတယ်။ ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ အဏုမြူဗုံးကို တီထွင်နိုင်ခဲ့ပြီးမှာတော့ အဏုမြူဗုံးပိုင်ဆိုင်မှသာ ကိုယ့်နိုင်ငံ လုံခြုံရေးကို ကာကွယ်ရာရောက်တယ်ဆိုပြီး စစ်အင်အားကြီးနိုင်ငံတွေက ပိုင်ဆိုင်နိုင်အောင် အပြိုင်အဆိုင်ကြိုးစားလာပါတယ်။ နောက်ပိုင်း အဏုမြူဗုံးထက် ပိုမိုဖျက်အားပြင်းတဲ့ နျူကလီးယားလက်နက်တွေကို ပိုင်ဆိုင်လာကြပါတယ်။ ဒီလိုဖျက်အားပြင်း လက်နက်တွေ ပိုင်ဆိုင်လေ လုံခြုံမှုအတွက် စိတ်ချောက်ချားလေပါပဲ။
၂၀ ရာစုရဲ့အတော်ဆုံးသိပ္ပံပညာရှင် အိုင်စတိုင်း ပြောခဲ့သလို တတိယကမ္ဘာစစ်တော့ မသိဘူး။ စတုတ္ထကမ္ဘာ စစ်ရောက်ရင်တော့ လူတွေက ကျောက်တုံးတွေကို လက်နက်အဖြစ် သုံးရလိမ့်မယ်လို့ ပြောခဲ့တာဟာ မြေကမ္ဘာပျက်သုဉ်းပြီး ကျောက်ခေတ်ပြန်ရောက်သွားမယ်လို့ အဓိပ္ပာယ်ဖွင့်မိပါတယ်။
ကျွန်တော်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာကြီး ကျော်ဖြတ်လာတဲ့ ကျောက်ခေတ်၊ ကြေးခေတ်၊သံခေတ်ကနေ မျက်မှောက်ခေတ်အထိ ခေတ်အဆက်ဆက် စစ်မဖြစ်ဖူးတဲ့နေရာနဲ့ အချိန်ကာလဆိုတာ မရှိပါဘူး။ တရားသော စစ်ဆိုတာရှိသလို၊ မတရားသောစစ်ဆိုတာလည်း ရှိပါတယ်။ ကျူးကျော်စစ်ကို ဆင်နွှဲတာက မတရားတဲ့စစ်ဖြစ်ပြီး ဆုံးရှုံးသွားတဲ့ ကိုယ့်နိုင်ငံရဲ့ လွတ်လပ်ရေးကို ပြန်လည်ရယူဖို့ တိုက်ခိုက်တဲ့စစ်ပွဲက တရားသောစစ် ဖြစ်ပါတယ်။
လူကြီးတွေက စစ်ပွဲကို ဖန်တီးကြပြီး လူငယ်တွေကျတော့ သေပေးရတယ်တဲ့။ ဒုတိယကမ္ဘာစစ်ကာလက ကိုလိုနီလက်သစ်နဲ့ လက်ဟောင်းတွေ အပြိုင်အဆိုင် နယ်လုရာကနေ လူငယ်သန်းနဲ့ ချီ အသက်ပေးခဲ့ရပါတယ်။ ကမ္ဘာစစ်နောက်ပိုင်းမှာလည်း နိုင်ငံတော်တော်များများမှာ ရောင်စုံသူပုန်ထ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့သလို၊ နယ်နိမိတ်အငြင်းပွားစစ်ပွဲတွေ လက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စစ်ဆိုတာ ဘယ်သူမှ ဖြစ်ချင်တဲ့အရာတစ်ခု မဟုတ်ပါဘူး။ စစ်ဖြစ်တယ်ဆိုကတည်း က နိုင်ငံတစ်နိုင်ငံရဲ့ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဘက်ပေါင်းစုံ ချွတ်ခြုံကျသလို တောမီးလောင်တော့ တောကြောင်တွေက လက်ခမောင်းထခတ်လာပါတယ်။ ကြားထဲက သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပြည်သူတွေက မြေဇာပင်ဖြစ်လာပါတယ်။
ဥပမာတစ်ခုပြရရင် ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက မြဝတီ သင်္ဃန်းညီနောင် ကော့ကရိတ်အာရှလမ်းသစ်နဲ့ လမ်းဟောင်းမှာ ကလိုထူးဘော (KKO) အဖွဲ့အစည်းနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားရာကနေ ကုန်စည်စီးဆင်းမှု ကျဆင်းသွားတာကြောင့် တစ်ဖက် နိုင်ငံက ဝင်လာတဲ့ ကုန်စည်တွေဟာ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းခန့် ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ ဖြစ်ပွားလာပြီး မြို့ပေါ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်လာတဲ့အတွက် ပတ်ဝန်းကျင်မြို့ရွာက ပြည်သူတွေ အထိတ်တလန့်ဖြစ်ရပါတယ်။ ဒါကတော့ စစ်ပွဲတစ်ခုရဲ့ပြယုဂ်ပါပဲ။
စစ်ပွဲက မွေးထုတ်ပေးလိုက်တဲ့အရာကတော့ လူမှုဘဝနေထိုင်မှု၊ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံအဆောက်အဦးအရာအားလုံးကို အစကနေ ပြန်လည်တည်ဆောက်ခြင်းနဲ့ IS လို လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ် ဖွဲ့ဝင်တွေက အာဏာရှင်စနစ်ကို ဖြုတ်ချဖို့အတွက် အကြောင်းပြချက်တွေနဲ့ အရှေ့အလယ်ပိုင်းက အာဏာရှင်နိုင်ငံတချို့ကို ဝင်တိုက်ကြတယ်။
အာဏာရှင်ကို ဖြုတ်ချပြီး ရွေးကောက်ပွဲနဲ့ အစိုးရတစ်ရပ် တင်မြှောက်ခဲ့ပေမယ့် စစ်ဖြစ်ခဲ့တဲ့ နိုင်ငံတွေဟာ ခုချိန်ထိ ငြိမ်းချမ်းရေး အသီးအပွင့်ကို ရရှိခံစားရရဲ့လား ယခင်အာဏာရှင်ကို ထောက်ခံတဲ့အဖွဲ့အစည်းတွေက သူပုန်ဖြစ်ကြတယ်။ လက်ရှိအစိုးရနဲ့တိုက်ပွဲတွေ ထပ်ဖြစ်ကြရတယ်။ နောက်ဆုံးမြေစာပင်ကတော့ ပြည်သူတွေပါပဲ။ ဖျက်ဆီးခံရတဲ့ ရှေးဟောင်းအမွေအနှစ်တွေကတော့ မတည်မြဲခြင်း နိယာမအတိုင်း ပျောက်ကွယ်သွားကြပါတော့တယ်။
စစ်ကြောင့် စာသင်အရွယ်ကလေးသူငယ်တွေ စာသင်ရမယ့်အစား ကျည်ဆန်တွေကြား ပုန်းရှောင်နေရတယ်။ ချစ်ခင်ရသူတွေနဲ့ နေ့မြင်ညပျောက်သလို ခွဲခွာနေရတယ်။ နေ့ဖို့ ညစာနေနေသာသာ ထမင်းမငတ်ဖို့အတွက် ရှာကြံစားသောက်နေရတယ်။ အနာဂတ်ဆိုတာ နေထွက်တာကို မြင်ရသေးသရွေ့ ငါ မသေသေးပါလားဆိုတဲ့ အတွေးသာ ရှိပါတော့တယ်။ နိုင်ငံရှိလျက်နဲ့ ဒုက္ခသည်စခန်းရွက်ဖျင်တဲတွေမှာ နေထိုင်ရင်း နိုင်ငံမယ့်ဘဝကို ခံယူကြရပါတယ်။ အခုလက်ရှိလည်းကမ္ဘာ့ရေးရာ နိုင်ငံတကာသတင်းတွေကို လေ့လာဖတ်ရှု ကြည့်ရင်းစစ်ဖြစ်ပွားနေတဲ့သတင်းက အများစုဖြစ်ပါတယ်။
ကမ္ဘာကျော် စစ်ပညာရှင်ဆွန်ဇူးက ပြောဖူးပါတယ်။ စစ်ပွဲ ၁၀၀ လုံး အနိုင်တိုက်နိုင်တာ က အတော်ဆုံး စစ်ခေါင်းဆောင်မဟုတ်ဘူး၊ သွေးထွက်သံယို တစ်ချက်မဖြစ်ဘဲ တစ်ဖက်ရန်သူကို အနိုင်ရခြင်းကသာ အတော်ဆုံးစစ်ခေါင်းဆောင်ဖြစ်တယ်တဲ့ ပြောချင်တဲ့ အဓိပ္ပာယ်က ခွန်အားထက် ဉာဏ်အားကို ပိုသုံးပါလို့ ယူဆရပါတယ်။
စစ်ပွဲနည်းလမ်းထက် စားပွဲဝိုင်းထိုင်ပြီး နှစ်ဖက်ခေါင်းဆောင်တွေက နိုင်ငံရေးအယူအဆတွေ၊ မကျေနပ်မှုတွေ၊ သဘောမညီမျှတဲ့ ဆန္ဒတွေကို ဖြေရှင်းသင့်ပါတယ်။ ဒီလိုဖြေရှင်းနည်းနဲ့ အောင်မြင်တာဟာ စစ်ပညာရှင် ဆွန်ဇူးပြောသလို ခွန်အားထက် ဉာဏ်အားကို သုံးတာသာ ဖြစ်ပါတယ်။










