ဟင်းရွက်ညွန့်ခူးသူများ

ဟင်းရွက်ညွန့်ခူးသူများ
Published 12 July 2015
အောင်သူငြိမ်း

စိန်တူးကျောက်တူးသူ၊ ကူလီထမ်းသူ၊ ပုလဲငုပ်သူ၊ ထန်းတက်သူ၊ လယ်ယာစိုက်ပျိုးသူ၊ သီးနှံပွဲစားလုပ်သူ၊ ကုမ္ပဏီပိုင်ရှင်၊ ဝန်ထမ်း စသည်ဖြင့် လူသားတို့က ၎င်းတို့၏ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် လုပ်ငန်းမျိုးစုံကို လုပ်ကိုင် ကျင်လည်ကြရသည်။ ထိုသို့လုပ်ငန်းများစွာအနက်မှ ငွေရင်းလည်း မစိုက်ထုတ်နိုင်၊ စိုက်ပျိုးမြေလည်း မရှိ၊ လက်လုပ်လက်စားအတွက်လည်း အလျဉ်မီစွာ အလုပ်အကိုင်အခွင့်အလမ်း မရှိရှာသူများလည်း ရှိကြသည်။ ထိုသူများအနက်မှ ရာသီအလိုက် အလေ့ကျပေါက်သော ဟင်းသီးဟင်းရွက်များနှင့် အတို့အမြှုပ်အဖြစ် စားသုံး၍ရသော သစ်ညွန့်၊ သစ်ခက်များကို အဓိကထား ချက်ပြုတ်စားသောက်ရသူ၊ ထိုဟင်းသီးဟင်းရွက်များအား ခူးဆွတ်ရောင်းချကာ ဘဝရပ်တည်ရသူများလည်း ရှိကြသည်။မန်ကျည်း၊ ဆူးပုပ်၊ ဟင်းနုနားဒေါင်း၊ ဥသျှစ်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ဟင်းနုနွယ်၊ ဂုံ၊ မြင်းခွာ စသည့်အရွက်များနှင့် ဖရဲ၊ ကင်းပုံ၊ ကဆစ်၊ ကြက်ဟင်းခါး စသည့် အသီးများကို ရှာဖွေခူးဆွတ် ရောင်းချကာ ဘဝရပ်တည်ကြသူများကို အညာဒေသ၏ မြို့ပေါ်ဈေးများတွင်သာမက တောဈေးများတွင်ပါ တွေ့ရလေ့ရှိသည်။ ဟင်းသီးဟင်းရွက်များအား ဈေးများတွင် ရောင်းချရန်မဟုတ်စေကာမူ ကျေးလက်နေ တောင်သူလယ်သမားများက ၎င်းတို့၏ နေ့စဉ်ဟင်းလျာအတွက် အဆိုပါကဲ့သို့ ဟင်းသီးဟင်းရွက်များကို ခူးယူလေ့ရှိကြသည်။ လယ်ယာမြေမှ ဖြစ်စေ၊ အလေ့ကျအပင်များမှဖြစ်စေ၊ ၎င်းတို့၏ နေအိမ်ခြံဝင်းများအတွင်း စိုက်ပျိုးထားသည့်အပင်တို့မှ ဖြစ်စေ လတ်လတ်ဆတ်ဆတ် ခူးယူချက်ပြုတ် စားသောက်လေ့ရှိကြသည်မှာ အညာဓလေ့တစ်ခုပမာလည်း ဖြစ်နေပြန်သည်။ကိုယ်တိုင် ခူးယူ၍ဖြစ်စေ၊ တစ်ဆင့်ဝယ်ယူ၍ဖြစ်စေ အသားမပါဘဲ ဟင်းသီးဟင်းရွက်များကိုချည်း ပေါင်းစပ်ချက်ပြုတ်လေ့ရှိသောကြောင့် ခြံစည်းရိုး ဟင်းချို၊ ဆန်စေ့ဟင်းချို၊ သီးရွက်စုံချဉ်ရည်ဟင်း ဆိုသည်တို့ကို ကျေးလက်ရိုးရာ ဟင်းလျာများဟု ကင်ပွန်းတပ်ချင်မိသည်။ခြံစည်းရိုးဟင်းချိုဆိုသည်မှာ နေအိမ် ခြံဝင်းစည်းရိုးတစ်လျှောက် အလေ့ကျပေါက်နေသော သို့မဟုတ် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို အရည်ကျဲကျဲဖြင့် စုပေါင်းချက်ပြုတ်ထားသော ဟင်းကို ခေါ်ဆိုကြခြင်း ဖြစ်သည်။ ဆန်စေ့ဟင်းချိုဆိုသည်မှာ ထမင်းအိုးငှဲ့သည့်အခါ ထမင်းရည်ကိုခံယူထားသည့် အထဲသို့ဖြစ်စေ၊ ရေနှင့် ဆန်လက်တစ်ဆုပ်ခန့် ကို ကျိုချက်ထားသည့်အထဲသို့ ဖြစ်စေ ဟင်းသီးဟင်းရွက်များ ရောထည့်ချက်ပြုတ်သည့် ဟင်းမျိုးကိုခေါ်ကြခြင်းဖြစ်သည်။ သီးရွက်စုံ ချဉ်ရည်ဟင်းဆိုသည်မှာ  ချဉ်ပေါင်ရွက် အချဉ်အခါး၊ မျှစ်၊ ကင်းမုံ၊ ဖရုံသီးနု၊ ပဲရွက် စသည်တို့ကို ရောနှောချက်ပြုတ်ထားသည့် ဟင်းကို ခေါ်ဆိုကြခြင်းဖြစ်သည်။ ထိုဟင်းများအားလုံး၏ မိတ်ဖက်မှာ ငရုတ်သီးဆားထောင်း သို့မဟုတ် ငရုတ်သီးနှင့်ကြက်သွန်သုပ် ဖြစ်သည်။

မကွေးမြို့ ရွာသစ်ရပ်မှ မန်ကျည်းပင်တွင် မန်ကျည်းရွက် ခူးနေသူတစ်ဦးအား တွေ့ရစဉ်
“ကျွန်မအမျိုးသားက ပန်းရန်လုပ်တယ်။ ကျွန်မက ခုလို ရာသီပေါ် ဟင်းရွက်ညွန့်တွေ ခူးပြီး ဈေးလိုက်တယ်။ အဲဒီအလုပ်ကို လုပ်လာတာ ငယ်ငယ်လေးကတည်းကပဲ။ မနက်ပိုင်းဈေးကပြန်လာရင် ထမင်းစားပြီးတာနဲ့ ဟင်းရွက်ခူး ထွက်တယ်။ ရလာတဲ့ဟင်းရွက်တွေကို အချဉ်ထည့်လို့ရတာဆို အချဉ်အိုးထဲမှာ သိပ်ရတယ်။ သုပ်စားလို့ရတဲ့အရွက်ဆိုရင် မနက်စောစော ဈေးမသွားခင် ရေနွေးနဲ့ဖျောဖို့ ရိုးတံတွေ၊ အရွက်ရင့်တာတွေကို သင်ထားရတယ်။ တောင်သူလုပ်ငန်း လှိုင်တဲ့အချိန်ဆိုရင်တော့ ပေါင်းနုတ်၊ လယ်ရိတ်လိုက်ပေမယ့် အဲဒါတွေက အမြဲအလုပ်မရှိဘူးလေ။ ဟင်းရွက်ခူးရောင်းတာက တစ်နေ့ကို ကျပ် ၁၅၀၀ လောက်တော့ စီပါတယ်။ ကိုယ့်အိမ်အတွက် ဟင်းဖိုးလည်း ကာတာပေါ့။ ကျွန်မရဲ့ အမျိုးသားကတော့ ပန်းရန်လုပ်ပါတယ်။ နှစ်ယောက်ပေါင်း ရတဲ့ငွေထဲက သမီးလေးကိုတော့ ကျောင်းထားပေးနိုင်ပါတယ်”ဟု စကုမြို့မှ မအမာစိန်က ဇူလိုင်မိုးဖွဲဖွဲအောက် ဟင်းရွက်နားဒေါင်းညွန့်လေးများကို ခူးဆိတ်နေစဉ် ပြောပြခဲ့သည်။မအမာစိန်၏ မိခင်ကိုယ်တိုင်လည်း ၎င်းတို့ မောင်နှမခြောက်ဦးအား ဟင်းသီးဟင်းရွက် ခူးဆွတ်ရောင်းချ၍ပင် ကျွေးမွေးပြုစုခဲ့ကြောင်း သူမ၏ အမေသည် ယခုလက်ရှိ အသက် ၅၀ ကျော်ရှိနေပြီ ဖြစ်သည့်တိုင် ဟင်းရွက်ခူး၍ ရောင်းချနေဆဲဖြစ်ကြောင်း ဟင်းရွက်တုန်းချိန်များတွင် မန်ကျည်းသီးမှည့်များ ခူးဆွတ်ရောင်းချလေ့ရှိကြောင်းများ ဆက်လက်ပြောပြခဲ့သည်။ မအမာစိန်တို့ မိသားစုဝင်များက စကုမြို့စွန်ရပ်ကွက်မှနေ၍ စကုမြို့ဈေးသို့ ဟင်းရွက်ဟင်းညွန့်များ သွားရောက်ရောင်းချလေ့ရှိသကဲ့သို့ စကုမြို့နှင့် အတော်ဝေးသော ကျေးရွာများအထိ ၎င်းတို့ကဲ့သို့ ဟင်းသီးဟင်းရွက်ခူး၍ လာရောက်ရောင်းချသူများ အများအပြားရှိကြောင်းလည်း ဒေသခံများထံမှ သိရှိခဲ့ရသည်။“ရွာမှာကတော့ မန်ကျည်းရွက်ပေါ်ချိန်ဆို ဘယ်သူ့အိမ်မဆို ဘာဟင်းချက်လဲ သွားမမေးနဲ့။ ချက်တဲ့နည်းသာ ကွာသွားမယ်၊ မန်ကျည်းရွက်ဟင်းပဲ။ ခုလိုမိုးတွင်း ချဉ်ပေါင်ရွက်ပေါချိန်ဆိုလည်း တစ်ရွာလုံး ချည်ပေါင်ရွက်ဟင်းချည်းပဲ။ ဆောင်းတွင်း ချောင်းထဲမှာ ကြက်သွန်စိုက်ချိန်ဆို ပဲရွက်တို့ ဘူးရွက်တို့ကို ဟင်းချိုချက်စားကြတယ်။ မန်ကျည်းရွက်ကတော့ ဟင်းချက်ခါနီးမှ ကိုယ့်အိမ်အပင်ပေါ်ကို  တက်ခူးလိုက်တာပဲ။ ကိုယ့်အိမ်မှာ မန်ကျည်းပင်မရှိလို့ သူများအိမ်က အပင်မှာ တက်ခူးရင် အပင်ပိုင်ရှင်အတွက် တစ်ခါချက်စာ ပိုခူးပေးရတာမျိုးလည်း ရှိတယ်။ တချို့ကတော့ မန်ကျည်းရွက်တို့ ဆူးပုပ်ရွက်တို့ လိုက်ခူးပြီး ရွာထဲမှာလည် ရောင်းကြတာလည်းရှိတယ်။ သူတို့အတွက် ဆီဖိုး ဆန်ဖိုးမရတောင် စက်တွင်းရေဖိုးလောက်တော့ ကာမိကြပါတယ်”ဟု အိမ်ခြေ ၆၀၀ ခန့်ရှိသော ရေနံချောင်းမြို့နယ်  ဥသျှစ်ကုန်းကျေးရွာမှ တောင်သူတစ်ဦးက ကျေးလက်နေ တောင်သူများအတွက် ရာသီပေါ် ဟင်းသီးဟင်းရွက် ကိုသာ အဓိကအားထားကြရသည့် အခြေအနေအား ပြောပြခဲ့သည်။ဟင်းသီးဟင်းရွက်များခူး၍ ဈေးသို့ သွားရောက်ရောင်းချရသူများအတွက် ဟင်းသီးဟင်းရွက် ရှာဖွေခူးဆွတ်ရခြင်း၊ ဈေးသို့ သွားရပြန်ရခြင်းများထက် ပိုမိုပင်ပန်းသည့် စိန်ခေါ်မှုလည်း ရှိနေသေးသည်။ မန်ကျည်းရွက်၊ ဥသျှစ်ရွက် စသည်တို့ကို ခူးဆွတ်ရန် အတွက် မြေပြင်မှနေ၍ ခူးဆွတ်နိုင်မှုမှာ နည်းပါး၍ အပင်အမြင့်များသို့ တက်ရောက်ရသည့် စိန်ခေါ်မှုဖြစ်သည်။ မန်ကျည်းရွက်သည် နွေအကုန် မိုးအကူးတွင် သဘာဝအလျှောက် အညွန့်ထွက်လေ့ရှိသော်လည်း ကျန်အချိန်များတွင် မန်ကျည်းရွက်နုရရှိရန် ပြုလုပ်သည့် နည်းလမ်းများလည်း ရှိကြသည်။

စကုမြို့အဝင်ရှိ ဥသျှစ်ပင်၌ ဥသျှစ်ညွန့် ခူးနေသူတစ်ဦးအား တွေ့ရစဉ်
နွေခါင်ခေါင်တွင် မန်ကျည်းပင်ကိုင်း ဖျားများအား မီးမြှိုက်လိုက်သောအခါ ရွက်နုသစ်များ ထွက်လာလေ့ရှိသည်။ ထိုသို့ထွက်လာသည့် မန်ကျည်းရွက်နုများကို မီးလောင်ညွန့်ဟုခေါ်လေ့ရှိကြသည်။ အခြားတစ်နည်းမှာ မန်ကျည်းရွက် အရင့်အကြမ်းများသာရှိတော့သည့်ရာသီတွင် မန်ကျည်းပင် ကိုင်းတက်များအား ဓားဖြင့် ဖျင်ချသည့်နည်းဖြစ်သည်။ ထိုသို့ ဓားဖြင့်ခုတ်ထားသည့် ကိုင်းတံများနေရာတွင် ရွက်နုသစ်များ ထွက်လာသည့်အခါ ထိုအရွက်များကို ခူးဆွတ်ရောင်းချကြပြီး ထိုမန်ကျည်းရွက်နုများကို ဓားတက်ညွန့်ဟု ခေါ်လေ့ရှိကြသည်။ ရန်ကုန်ကဲ့သို့ လူနေထူထပ်သည့် မြို့ကြီးများ၌ ဆယ့်နှစ်လရာသီစလုံး မန်ကျည်းရွက်နုရရှိသော နည်းရှိသေးကြောင်းလည်း လေ့လာခဲ့ရဖူးသည်။ မန်ကျည်းစေ့များကို ပျိုးထောင်၍ အညှောင့်ပေါက်စေပြီး အပင်ပေါက်စလေးများမှ မန်ကျည်းရွက်နုလေးများ အား ခူးဆွတ်ရောင်းချကြခြင်းဖြစ်ကြောင်း သိခဲ့ရသည်။ မန်ကျည်းပင်မှ ထိုနည်းများဖြင့် အရွက်နုရရှိကြသည်သာမက မန်ကျည်းဖူး၊ မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်တို့ကိုလည်း  ခူးဆွတ်ရောင်းချလေ့ရှိကြသည်။ မိသားစုချက်ပြုတ်စားသောက်ရန်အတွက် ဖြစ်စေ၊ တစ်ဆင့်ပြန်လည်ရောင်းချရန်အတွက်ဖြစ်စေ၊ ဟင်းသီးဟင်းရွက်တိုင်းကို ခူးဆွတ်ရန် လွယ်ကူလှသည်တော့ မဟုတ်ပေ။ မန်ကျည်းရွက် တစ်အိုးချက်ရရန်အတွက် အပင်မြင့်မြင့် ကိုင်းတံအဖျားပိုင်းအထိ တက်ရောက်ရသည်များရှိသကဲ့သို့ ထိုသို့တက်ရောက်စဉ် ခြေချော်လက်ချော် လိမ့်ကျဖူးသူများလည်း ရှိကြသည်။ ပန်းရန်အလုပ်သမားသည်လည်း အမြင့်ကြီးမှ ပြုတ်ကျနိုင်သကဲ့သို့ မျှစ်၊ ပဲရွက်၊ ဘူးညွန့်တို့ကို ခူးဆွတ်စဉ် မြွေပါး ကင်းပါးအန္တရာယ်နှင့် ကြုံဖူးရသူများလည်း ရှိခဲ့ကြသည်။ စိန်တူး ကျောက်တူးသူများက တွင်းပြို တွင်းပိသည့်အန္တရာယ်ကို ကြုံတွေ့ရ နိုင်သည်။ ကူလီထမ်းသူက အဆင်မသင့်လျှင် ခါးရိုးမျက်နိုင်သည်။ ရေရှည်တွင် အားအင်ကုန်ခန်း၍ ချည့်နဲ့သွားနိုင်သည်။ ထန်းတက်သူ၊ မန်ကျည်းရွက်၊ ဥသျှစ်ရွက်ခူးသူတို့က ကံမကောင်း အကြောင်းမလှလျှင် အပင်မြင့်မှ ပြုတ်ကျသွားနိုင်သည်။  မည်သို့ပင်ရှိစေကာမူ အချိန်မလပ် ခုတ်မောင်းနေသော အစာအိမ်ယန္တရားကြီးအတွက် လူသားတို့က သူတို့ ဝန်းကျင်မှ ဖန်တီးပေးထားနိုင်သော အလုပ်အကိုင်များကိုသာ လုပ်ကိုင်စားသောက်ကြရလေ့ရှိသည်မဟုတ်ပါလား....

Most Read

Most Recent