အပယ်ခံလူသားများ

အပယ်ခံလူသားများ
Published 12 July 2015
မင်းသူဝင်းထွဋ်

ရန်ကုန်မြို့ရဲ့ အဆင့်ဆင့်သော ယာဉ်ကြောပိတ်ဆို့မှုကို ဖြတ်ကျော်အပြီး၊ ကံဆိုးရင် တစ်နာရီကျော်လောက် တရွေ့ရွေ့လေးနဲ့ ဖြတ်ရတဲ့ ဘုရင့်နောင်တံတားကို ဖြတ်ကျော်အပြီးမှာတော့ ရန်ကုန်မြို့နဲ့ ဧရာဝတီတိုင်းဒေသရဲ့ အဝေးပြေးကားများ ရပ်နားရာ ဒဂုံဧရာအဝေးပြေးဆိုတဲ့ လှိုင်သာယာအဝေးပြေးဝင်းထဲကို ရောက်ခဲ့ပြီပေါ့။ လှိုင်သာယာအဝေးပြေးဝင်းထဲမှာ ရပ်နားထားတဲ့ ကားများစွာထဲက ရန်ကုန်-လပွတ္တာလို့ ရေးထားတဲ့ အဝေးပြေးကားတစ်စီးပေါ်ကို တက်ပြီးတဲ့နောက်မှာတော့ မြန်မာအငြိမ့်ကို ခွေနှစ်ခုလောက်ပြီးချိန်မှာ မြစ်ဝကျွန်းပေါ် ဧရာဝတီမြေကို ခံစားမိနေပါပြီ။အဝေးပြေးကားပေါ်မှာ ပြသနေတဲ့ မြန်မာအငြိမ့်ခွေ သုံးခုလောက်ပြီးချိန်မှာတော့ ဧရာဝတီတိုင်းဒေသကြီးရဲ့ ကန်ကြီးထောင့်မြို့နယ်ထဲက ကံကုန်းဆိုတဲ့ လမ်းဆုံလေးတစ်ခုကို ရောက်ပါပြီ။ ညစဉ် ဆယ်တန် အထက်ကုန်ကားကြီးပေါင်း မြောက်မြားစွာ ဖြတ်သန်းနေပေမယ့် ခရီးသည်တင်ကားကြီးများကို မိုးတွင်းကာလ လမ်းပျက်မှာဆိုးလို့ဆိုပြီး မသွားခိုင်းတဲ့ ဧရာဝတီတိုင်း ဆောက်လုပ်ရေးဌာနရဲ့ ညွှန်ကြားမှုကြောင့် ကျွန်တော်တို့ ကားငယ်လေးတစ်စီးနဲ့ ထပ်ပြောင်း စီးရပြီပေါ့။
ကားငယ်လေးနဲ့ တစ်နာရီခန့်ကြာ ဖြတ်သန်းခဲ့အပြီးမှာတော့ မြစ်ဝကျွန်းပေါ်ဒေသပေမဲ့ ကုန်းမြင့်မြင့်ပေါ်မှာတည်ထားတဲ့ ဘယ်တော့ သဘာဝဘေးကို မစိုးရိမ်ရတဲ့ မြောင်းမြဆိုတဲ့ ရှေးဟောင်းမြို့လေးကို ရောက်ပါပြီ။ မြောင်းမြမြို့လေးမှာ ခေတ္တအညောင်းပြေ ရပ်နားပြီးတဲ့နောက်မှာတော့ ဆက်လက်ထွက်ခွာလာတဲ့ ကားငယ်လေးပေါ်ကနေ နှစ်နာရီခန့်အကြာမှာ မြင်ရတာ က လပွတ္တာ သုံးမိုင်မြို့သစ်ဆိုတဲ့ ဆိုင်းဘုတ်ကလေးပါပဲ။ကားပေါ်ကနေဆင်းပြီးတော့ မျှော်လင့်ချက်ကြီးမားစွာနဲ့ လာရောက်စောင့်ဆိုင်းနေတဲ့ လူသားများကို နှုတ်ဆက်ပြီးချိန်မှာ သုံးမိုင် မြို့သစ်ဆိုတဲ့ မြို့သစ်လေးရဲ့ နောက်ဘက် ချောင်ကျကျနေရာလေးကို မိုးသည်းသည်း ရွှံ့နွံများစွာနဲ့ ဖြတ်ကျော်ခဲ့ပြီး ရောက်ခဲ့ပါပြီ။
အဲဒီနေရာလေးမှာ အစိုးရရဲ့ အပယ်ခံတွေ၊ လူသားဆန်မှု ပျောက်ဆုံးခဲ့ပြီး လူသားဆန်စွာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့ သူတွေက စောင့်လို့ကြိုနေပါတယ်။ သူတို့ဆိုတာ လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော်ချိန်က မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော သဘာဝရဲ့ ဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့ရတဲ့ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်လက်ကျန်များပါပဲ။ အခုချိန်ထိ နေစရာမဲ့ ခိုနားရာမဲ့တဲ့သူတွေဆိုတော့ ကျောတစ်ခင်း မြေတစ်ကုပ်ကို အစိုးရဆီက အသနားခံ တောင်းဆိုနေတဲ့သူများပါပဲ။ သူတို့ကို ဒေသအာဏာပိုင်များကတော့ ကျူးကျော်သူတွေလို့ သတ်မှတ်ထားကြတယ်။ရွှံ့ရေအိုင်ကျယ်ကျယ်ရဲ့ နောက်မှာ သူတို့ရဲ့ နေအိမ်သေးသေးစုတ်စုတ်များစွာ ရှိနေတယ်။ တကယ်ဆိုသူတို့ဟာ စေတနာရှင်များရဲ့မေတ္တာကို ဗန်းပြစားသောက်ဖို့အတွက် စုဖွဲ့ထားသူများမဟုတ်ကြဘဲ ကျောတစ်ခင်းမြေတစ်ကုပ်အတွက် တောင်းဆိုနေကြသူတွေသာ ဖြစ်ပါတယ်။ မိုးတွင်းကာလရဲ့ ခက်ခဲမှုများစွာမှာ သူတို့ရဲ့မရှိတဲ့ ဝမ်းစာ၊ မရှိတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကြောင့် ဆန်ပြုတ်ဆိုတာကိုတောင် မမျှော်မှန်းနိုင်ကြတဲ့သူတွေပေါ့။သူတို့ဆီကို ရောက်ဖြစ်တာကတော့ သူတို့ရဲ့ သောကများစွာကို ထမ်းပိုးပေးချင်တဲ့ လူငယ်တစ်စုရဲ့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များကြောင့်ပါပဲ။

လူသားဆန်စွာ လူသားချင်းကူညီမှုပြုလိုကြတဲ့ သူတို့အကြောင်းသိတဲ့ လူငယ်တစ်စုဟာ မိုးတွင်းကာလမှာ ကလေးငယ်များရဲ့ ကျောင်းတက်နိုင်ရေး၊ မိသားစုများရဲ့ နေထိုင်ဝမ်းခါးလှစေရေးအတွက် ကူညီဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ရင်ဘတ်ချင်းတူသူများ စုစည်းပြီးတော့ သူတို့အတွက် ဆန်၊ဆီ၊ ဆား၊ ပဲ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးများနဲ့ ကလေးငယ်များ ပညာသင်ကျောင်း ကို အဆင်ပြေစွာ သွားလာနိုင်ဖို့ ကျောင်းသုံးပစ္စည်းများ စုစည်းလှူဒါန်းဖို့ သွားတဲ့ခရီးမှာ ကျွန်တော်လိုက်ပါလာခဲ့မိခြင်းပါပဲ။ကျူးကျော်သူဒုက္ခသည်များ အစုအဖွဲ့ ရဲ့ အိမ်တန်းလေးကို မရောက်ခင်မှာ အရင်ဆုံးတွေ့နေရတာတော့ ဖိနပ်စီးဖြတ်သန်းလို့ မရနိုင်တဲ့ ရွှံ့နွှံထူထူ ရေအိုင်ကျယ်ကျယ်ပါ။သူတို့အတွက်  စေတနာရှင်လူငယ်တွေ ထောက်ပံ့တဲ့ တစ်အိမ်ထောင်ကို ဆန်ခြောက်ပြည်ဆိုတာကို လာရောက် တိုးဖိတ် ယူငင်နေကြပုံက ဘဝရဲ့ငတ်မွတ်ခြင်းကို မြင်တွေ့ရခြင်းပါ။“သူတို့အတွက် ဘာထပ်လုပ်ပေးနိုင်မလဲလို့ ကျွန်တော်သူတို့ကိုကြည့်ရင်း တွေးမိပါတယ်ဗျာ။ ဆန်လာယူတာမှာ တခြားက ငတ်မွတ်သူတွေပါ ပါနေတယ်။ နာဂစ်ဒုက္ခသည်တွေအတွက် လာလှူတာဆိုပေမယ့် ငတ်မွတ်နေသူတွေကိုလည်း မမေ့ခဲ့ချင်ဘူး” လို့ အလှူပစ္စည်းများစွာကို လှူဒါန်းနေချိန်မှာ လာရောက်တန်းစီ မျှော်လင့်နေတဲ့ လူအုပ်ကြီးကိုကြည့်ပြီးတော့ စေတနာရှင် လူငယ်တစ်ဦးက ပြောကြားမှုက သူတို့ဘဝကို မြင်သာစေခဲ့ပါတယ်။
“အခုလို လာလှူတာကို တကယ်ကျေးဇူးတင်ပါတယ်။ မိုးတွင်းမှာ ဒီမှာဘာမှလည်း လုပ်မရ။ နေစရာလည်းမရှိဆိုတော့ အရမ်းဒုက္ခရောက်ပါတယ်။ လာလှူတာလဲ ကျေးဇူးတင်ပါတယ်။ တကယ်တော့ ကျွန်မတို့ အလိုချင်ဆုံးက မြေနေရာ အပိုင်လေးတစ်ခုပါပဲ။ မြေနေရာလေးသာ ရမယ်ဆိုရင် ကျွန်မတို့ ဘယ်နေရာမှာပဲ ထွက်ပြီးတော့ ဘာပဲလုပ်ရ လုပ်ရ အချိန်တန်လို့ ပြန်လာစရာ အိမ်ဆိုတာတော့ရှိမယ်လေ။ ခုနစ်နှစ်လည်း ကြာခဲ့ပါပြီ။ ကျွန်မတို့ကို ဒုက္ခသည်တွေလို့ ခေါ်နေတာကို မခံချင်တော့ပါဘူး။ ကျွန်မတို့ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်ချင်ပါတယ်။ နေစရာလေးပဲ လိုချင်တာပါ။ ကျွန်မတို့ ဒီလိုမျိုး နာဂစ်ဒုက္ခသည်ဆိုတဲ့ဘဝတွေက လွတ်ချင်ပါပြီ။ ကျွန်မတို့မှာ ဇာတိကိုလည်း ပြန် သွားစရာနေရာမရှိ၊ မိသားစုနောက်ခံလည်း မရှိတော့လို့သာ ဒီနေရာမျိုးမှာ ကျူးကျော်လို့ မျက်နှာအောက်ချနေရတာပါလို့ ကျူးကျော်လို့ သတ်မှတ်ခံရတဲ့ လပွတ္တာသုံးမိုင်မြို့သစ် က နာဂစ်ဒုက္ခသည်အမျိုးသမီးရဲ့ ရင်ဖွင့်သံဟာ သူတို့ဘဝတွေကို ထင်ဟပ်စေပါတယ်။သူတို့ကို မြေနေရာပေးမယ်။ နေရာချထားပေးမယ်လို့ ပြောခဲ့တဲ့ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းရဲ့ ညွှန်ကြားမှုနဲ့ လာရောက်ပြီးတော့ စိစစ်တဲ့သူတွေရဲ့ မက်လုံးများစွာဟာ မုတ်သုံမိုးနဲ့ အတူတူ မျောပါသွားနေခဲ့ပါပြီ။ အခုချိန်ထိ သူတို့ဟာ မြန်မာပြည်မှာနေ မြန်မာနိုင်ငံသားဖြစ် မြန်မာပြည်ရဲ့ အဆိုးရွားဆုံးသော သဘာဝဘေးကို ရင်ဆိုင်ခဲ့ကြရပြီး အခုချိန်ထိ ကယ်သူမဲ့နေသူတွေ ဖြစ်နေခဲ့ပေမယ့် သူတို့ဟာ အပယ်ခံလူသားများပဲ ဖြစ်နေသေးပါတယ်။ သူတို့ဟာ မိုးသည်းသည်းများကြားမှာ နေထိုင်ရပ်တည်စရာ ကျောတစ်ခင်း မြေတစ်ကုပ်အတွက် ခန္ဓာကိုအရင်းတည်ပြီး တောင်းဆိုနေတဲ့ အပယ်ခံလူသားများစွာပဲ ဖြစ်နေပါတယ်။

Most Read

Most Recent