အမေရိကန် တစ်ဒေါ်လာ ၁၂၁၅ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာပြီး တစ်ပတ်အတွင်း တစ်ဒေါ်လာ ၃၇ ကျပ်အထိ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်

အမေရိကန် တစ်ဒေါ်လာ ၁၂၁၅ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာပြီး တစ်ပတ်အတွင်း တစ်ဒေါ်လာ ၃၇ ကျပ်အထိ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်
Published 8 July 2015
အောင်မြတ်ကို

အမေရိကန် တစ်ဒေါ်လာ ၁၂၁၅ ကျပ်ဝန်းကျင်အထိ မြင့်တက်လာပြီး တစ်ပတ်အတွင်း တစ်ဒေါ်လာ ၃၇ ကျပ်ဝန်းကျင် မြင့်တက်လာကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ဇူလိုင် ဒုတိယပတ်အတွင်း မြင့်တက်လာသော ဒေါ်လာတန်ဖိုးသည် ဇွန် ၂၉ ရက် ဈေးကွက်ပေါက်ဈေး ရောင်းဈေး တစ်ဒေါ်လာ ၁၁၇၈ ကျပ်မှ တစ်ပတ်ကျော် ကာလအတွင်း ဇူလိုင် ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၁၅ ကျပ် ဝန်းကျင်အထိ ၃၇ ကျပ်ဝန်းကျင် မြင့်တက်လာကြောင်း စုံစမ်းသိရသည်။“ဒေါ်လာတန်ဖိုးက ဒီတစ်ရက် နှစ်ရက်အတွင်း တက်လာတယ်။ မနေ့က ဒေါ်လာဈေးက ၁၂၀၀ ဝန်းကျင်ရှိတယ်။ အခုဆို အရွက်ဈေးမှာ တစ်ဒေါ်လာကို ၁၂၁၅ ကျပ် ဝန်းကျင်အထိ ရှိတယ်။ ဒေါ်လာဈေးထပ်တက်ဖို့ ရှိလားဆိုရင် အတိအကျပြောဖို့ ခက်တယ်” ဟု ပြင်ပဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ် ပြုလုပ်သူ တစ်ဦးက ပြောကြားသည်။ဇူလိုင် ၈ ရက်တွင် ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၁၂၅ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၁၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၂၀၀ ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၉၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၈၈၅ ကျပ်ဝန်းကျင်နှင့် ယူရိုတန်ဖိုးမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၃၂၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ဒေါ်လာတန်ဖိုးသည် ဇူလိုင်ပထမပတ် ၁ ရက်တွင် ရောင်းဈေး ၁၁၈၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၇၇ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ဇွန် ၂ ရက်တွင် ရောင်းဈေး ၁၁၈၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၈၂ ကျပ် ဝန်းကျင်တွင် ရှိခဲ့သည်။ ဇွန် ၃ ရက်မှစ၍ ဒေါ်လာဈေးသည် ရောင်းဈေး ၁၁၉၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၈၅ ကျပ်ဝန်းကျင်သို့ မြင့်တက်လာပြီး ဇူလိုင် ၇ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ၁၂၀၀ ကျပ်ဝန်းကျင်အထိ ရှိလာသည်။ဇူလိုင်လတွင် အတက်ဘက်သို့ ဦးတည်နေသော ဒေါ်လာတန်ဖိုးသည် ဇူလိုင် ၈ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၁၅ ကျပ်ဝန်းကျင်အထိ တစ်ရက်အတွင်း ၁၅ ကျပ်ဝန်းကျင် မြင့်တက်လာခဲ့ပြီး ယခုဖြစ်ပေါ်နေသော ဈေးနှုန်းသည် ဇွန် ၁၈ ရက်တွင် ဗဟိုဘဏ်မှ သတ်မှတ်ပေးထားသော ငွေလဲနှုန်းဖြင့် စားအုန်းဆီနှင့် စက်သုံးဆီ သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော ဒေါ်လာငွေကို MFTB, MICB နှင့် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ရောင်းချမည်ဟု ပုဂ္ဂလိကဘဏ်မှ တာဝန်ရှိသူများ ပြောကြားမှုအပြီးတွင် ဇွန် ၁၉ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၁၆၃ ကျပ် ဝန်းကျင်သို့ ကျဆင်းလာပြီး နောက်ပိုင်း ဇူလိုင် ၈ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ကျော် (၁၂၁၅ ကျပ်ဝန်းကျင်) သို့ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ ရောင်းဈေး ၁၁၁၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၁၃ ကျပ်ဝန်းကျင်တွင် ရှိခဲ့ပြီး ဇွန် ၁၉ ရက်မှ ဇူလိုင်၂ ရက်ထိ ရောင်းဈေး ၁၁၁၉ ကျပ်ဝန်းကျင်၊ ၁၁၁၈ ကျပ်ဝန်းကျင် ရှိနေခဲ့သည်။ ဇူလိုင် ၃ ရက်မှစ၍ ဇူလိုင် ၈ ရက်အထိ ရောင်းဈေး ၁၁၃၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၃၄ ကျပ်ဝန်းကျင်သို့ မြင့်တက်လာခဲ့သည်။တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။ 

Most Read

Most Recent