ဆုတောင်းပွဲလေးဆီ ရောက်ဖြစ်ခဲ့တယ်

ဆုတောင်းပွဲလေးဆီ ရောက်ဖြစ်ခဲ့တယ်
Published 8 July 2015
■ ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် စပ်လဲကျေးရွာအုပ်စု နော်ပယ်ကျေးရွာအနီး ကျောက်ကြီးအရှေ့ တောင်ကုန်းတွေမှာရှိတဲ့ မြေဧက ၇၀၀၀၀ ကျော်ကို ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီနဲ့ စိုးနိုင်ဖြိုး ကုမ္ပဏီလီမိတက်တို့က သံသတ္တုနဲ့ အဖြိုက်နက်သတ္တု စမ်းသပ်တူးဖော်ခွင့် ရရှိထားတယ်လို့ ကျောက်ကြီးမြို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေက သဘောမတူတာကြောင့် ကန့်ကွက်တဲ့အနေနဲ့ ဆုတောင်းပွဲလေးတစ်ခု ပြုလုပ်မယ်ဆိုတဲ့အကြောင်း ဖုန်းဆက်လာတာနဲ့ တောင်ငူကနေ ကျောက်ကြီးမြို့နယ်ကို ဆိုင်ကယ်နဲ့ ခရီးဆက်ခဲ့ပါတယ်။တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်က ရန်ကုန်-မန္တလေး ပုံမှန်လမ်းမကြီးနံဘေး၊ မိုင်တိုင်အမှတ် ၅၂ အနီးမှာရှိတဲ့ ပဲနွယ်ကုန်းမြို့ကနေ အရှေ့ဘက်ကို ၁၇ မိုင်သွားရပါတယ်။ တောင်ငူကနေသွားရင် မိုင် ၇၀ ကျော် ဝေးပါတယ်။ ဆိုင်ကယ်နဲ့သွားရင် လေးနာရီလောက် မောင်းရပါတယ်။ ဆုတောင်းပွဲလုပ်မယ့် အချိန်က ဇွန် ၅ ရက် နံနက် ၇ နာရီ လုပ်မှာဆိုတော့ ကျောက်ကြီးမှာ ညအိပ်ရမှာဖြစ်လို့ ဇွန် ၄ ရက် ညနေ ၄ နာရီခွဲလောက်မှာ တောင်ငူကနေ ကျောက်ကြီးမြို့ကို ခရီးဆက်ခဲ့ပါတယ်။ ကျောက်ကြီးမြို့ဆိုတာ တစ်ချိန်တုန်းက အမည်းရောင်နယ်မြေပေါ့။ ကေအင်န်ယူတပ်စခန်းတွေ ခြေကုပ်ရယူထားတဲ့ တောင်ခြေမြို့လေးတစ်ခု ဖြစ်ပါတယ်။ လူဦးရေ ၇၀၀၀၀ ကျော်သာရှိပြီး ကရင်တိုင်းရင်းသား အများစုနဲ့ ရှမ်း၊ ပအို့ဝ်၊ မြန်မာ စတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့မြို့လည်း ဖြစ်ပါတယ်။တောင်ငူကထွက်လာပြီး ဆိုင်ကယ်ကို နှစ်နာရီခွဲလောက် မောင်းပြီးတဲ့အချိန်မှာ ကျောက်ကြီးမြို့ကိုသွားမယ့် လမ်းခွဲရှိတဲ့ ပဲနွယ်ကုန်းမြို့ကို ရောက်ပါတယ်။ ပဲနွယ်ကုန်း ရောက်တဲ့အချိန်မှာ မိုးတွေသဲသဲမဲမဲ ရွာနေလို့ ကင်မရာနဲ့ ဖုန်းတွေကို အိတ်ထဲထည့်ပြီး မိုးရေမစိုအောင် လုပ်ရပါသေးတယ်။ ပဲနွယ်ကုန်းမြို့ကနေပြီး ကျောက်ကြီးလမ်းခွဲပေါ် ဆိုင်ကယ်မောင်းနေတဲ့ အချိန်မှာ ည ၇ နာရီလောက် ရှိနေပါပြီ။ အဲဒီအချိန်မှာ မိုးက သဲသဲမဲမဲ ရွာနေတော့ မီးတွေပျက်ပြီး ပတ်ဝန်းကျင်လည်း မှောင်မိုက်နေပါပြီ။ လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်ဆိုတော့ လမ်းဘေးနှစ်ဖက်မှာ လယ်ကွင်းတွေပဲရှိတဲ့ ကျောက်ကြီးလမ်းမပေါ်မှာ ဆိုင်ကယ်မောင်းရတာ စိတ်ချောက်ချားခဲ့ရပေမယ့် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ တစ်နာရီလောက် ထပ်မောင်းရဦးမယ့် ကျောက်ကြီးမြို့ကို အားစိုက်မောင်းလာခဲ့မိပါတယ်။ ကျောက်ကြီးမြို့ဟာ တစ်ချိန်တုန်းက အခုလို အချိန်သွားဖို့ မဆိုထားနဲ့ နေ့ခင်းကြောင်တောင်ကြီးတောင် လူစိမ်းတစ်ယောက် သွားလာဖို့ မစဉ်းစားရဲတဲ့ အမည်းရောင်နယ်မြေ တစ်ခုလည်း ဖြစ်ပါတယ်။အခုတော့ ငြိမ်းချမ်းရေးညှိနှိုင်း ဆွေးနွေးပွဲတွေနဲ့အတူ ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူနဲ့ အစိုးရတို့ကြားက ထိုက်သင့်တဲ့ ပြေလည်မှုတွေ ရရှိပြီးတဲ့နောက်မှာ ကျောက်ကြီးဒေသဟာ အရင်တုန်းကထက်စာရင် ငြိမ်းချမ်းသာယာ နေခဲ့ပါပြီ။ လွတ်လပ်စွာ သွားလာနိုင်ခဲ့ပါပြီ။ပဲနွယ်ကုန်း-ကျောက်ကြီးလမ်းမအတိုင်း တစ်နာရီလောက်မောင်းပြီးလို့ ည ၈ နာရီလောက်မှာ ကျောက်ကြီးမြို့ကို ရောက်ပါတယ်။ ညအိပ်နားခိုမယ့်အိမ် ရောက်တော့ ရေစိုအဝတ်အစားတွေလဲပြီး ကျောက်ကြီးမြို့နယ်မှာ မြေဧက ၇၀၀၀၀ ကျော်ကို သံသတ္တုနဲ့ အဖြိုက်နက် စမ်းသပ်တူးဖော်မယ့် စီမံကိန်း အခြေအနေလေးတွေကို လေ့လာမေးမြန်းမိပါတယ်။“ဒါကို ဘယ်သူမှ မသိကြဘူး။ ပြည်သူတွေကလည်း သူတို့ဖာသာ အစိုးရအလုပ်တွေ လုပ်နေကြတယ်ပဲ ထင်နေတာ။ နောက်တော့မှ ဂိတ်တွေမှာ နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာနေတာကို သတိထားမိလာတယ်။ ဒီအလုပ်ကို တရုတ်တွေချည်းပဲ လုပ်ကြတာ။ တရုတ်တွေကို စစ်ဆေးတာလည်း မတွေ့ဘူး။ ထွေလာကားကြီးတွေနဲ့ ဘက်ဟိုးကြီးတွေ တင်လာတာကို သတိထားမိလာတယ်။ သေချာလေ့လာတော့မှ သူတို့က စီမံကိန်းတွေ လုပ်နေတာကို သိလာရတယ်။ ခဲမဖြူနဲ့ အဖြိုက်နက် ထုတ်မယ်လို့ ကြားတယ်။ စာရွက်စာတမ်း အထောက်အထားတွေမှာတော့ ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီနဲ့ စိုးနိုင်ဖြိုးညီနောင် ကုမ္ပဏီက လုပ်တာ။ တရုတ်တွေ ပါနေရတာလဲ။ ခွင့်ပြုတဲ့သူတွေက ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူနဲ့ အစိုးရလို့ သိရတယ်။ နှစ်ဖက်အစိုးရပေါ့။ ကျွန်တော်တို့ ဒေသခံတွေက ကေအင်န်ယူကိုမေးတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ခံစားခွင့် ဘယ်လိုရှိလဲ မေးတော့၊ ကေအင်န်ယူက ရာခိုင်နှုန်း ၂၀ ယူမယ်။ အစိုးရက ရာခိုင်နှုန်း ၂၀ ယူမယ်။ ပညာရှင်က ရာခိုင်နှုန်း ၂၀ ယူပြီးတော့ ကုမ္ပဏီက ရာခိုင်နှုန်း ၄၀ ယူမယ်ဆိုလို့ ကျွန်တော်တို့ ပြည်သူတွေက ဘာတွေခံစားခွင့်ရှိလဲ မေးတော့။ အဲဒါ အစိုးရက လုပ်လိမ့်မယ် ပြောတယ်” လို့ ဒေသဖွံ့ဖြိုးရေး စောင့်ကြည့်ရေးအဖွဲ့ (ကျောက်ကြီး) Kyaukkyi Development Watch(KDW) အဖွဲ့ဝင် ကိုသောင်းမြင့်က ဆိုပါတယ်။ဒေသခံများ စုဆောင်းထားတဲ့ အချက်အလက် မှတ်တမ်းဓာတ်ပုံများအရ ကုမ္ပဏီနှစ်ခုက ကျောက်ကြီးမြို့နယ် အရှေ့ဘက် တောင်ကြောများမှ မြေဧကပေါင်း ၇၃၁၂၄ ကို သံသတ္တုနှင့် အဖြိုက်နက်သတ္တုများ စမ်းသပ်တူးဖော်ရန် ခွင့်ပြုချက် ရရှိထားခဲ့သည်။ ကုမ္ပဏီရဲ့ လုပ်ပိုင်ခွင့်လိုင်စင်အတွက် ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူ ညောင်လေးပင်ခရိုင်နဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုပေးထားသည်။ အဆိုပါ ခွင့်ပြုမြေများပေါ်တွင် အုပ်ဆိုင်းနေသည့် သစ်ပင်သစ်တောများ ရှိသည်။ တောထဲတွင် အစဉ်တစ်စိုက် နေလာခဲ့ကြသည့် ဒေသခံများ၏ ဒူးရင်းသီး၊ ပိန္နဲ၊ သရက်၊ တညင်း စသည့် နှစ်ရှည်ဥယျာဉ်ခြံများ၊ တောင်ယာ စိုက်ခင်းများ၊ စိုက်ပျိုးရေးခြံလုပ်ငန်းများ ရှိသည်။ တောင်ခြေမှ ဖြတ်သန်းစီးဆင်းရာ ချောင်းနှင့် ပတ်ဝန်းကျင်တွင် လယ်မြေများ၊ စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးကြသည်။ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ နေစရာ၊ လုပ်ကိုင်စားသောက်စရာ၊ ကျေးရွာအချို့ ပျောက်ကွယ်တော့မည့် အခြေအနေပင် ဖြစ်သည်။သံနှင့်အဖြိုက်နက်သတ္တု စမ်းသပ်တူးဖော်ခွင့် ရရှိထားသည့် ကုမ္ပဏီ၊ လုပ်ကိုင်ခွင့်ပေးသည့် ကေအင်န်ယူနဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ဒေသခံများအပေါ် ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်း၊ ဒေသခံများ၏ သဘောထားကို စနစ်တကျ တောင်းခံညှိနှိုင်း ရှင်းပြမှု မရှိခဲ့ခြင်း၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားရာ နေရာများကို ပျက်စီးစေပြီး ရာသီဥတု ဖောက်ပြန်မှုကို ဖြစ်စေနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် မြေနီလမ်း ဖောက်လုပ်နေပြီး တရားမဝင် သစ်ခိုးထုတ်မှုများ ရှိနေခြင်း၊ ကျောက်ကြီးဒေသ၏ သဘာဝအရင်းအမြစ်များ၊ ရေဝေရေလဲ ဧရိယာများ၊ သစ်တောများ၊ မြစ်ချောင်းများ၊ ဒေသခံများ၏ ရပ်တည်ရှင်သန်နေသော အသက်မွေးဝမ်းကျောင်းနှင့် ဘဝများကို ထိခိုက်ပျက်စီးစေနိုင်ခြင်းတို့အပြင် နောင်အနာဂတ် သားသမီးများအတွက် စိုးရိမ်မှုများစွာ ဖြစ်ပေါ်နေခြင်းတို့ကြောင့် စီမံကိန်းလုပ်ကိုင်နေမှု ရပ်တန့်စေရန် ရည်ရွယ်၍ ဆုတောင်းပွဲလုပ်ရန် ဖြစ်ပေါ်လာရတဲ့ အကြောင်းတွေကို သိခဲ့ရပါတယ်။စီမံကိန်းအကြောင်း လေ့လာနေတုန်းမှာပဲ ဒူးရင်းသီးနဲ့ဧည့်ခံတဲ့ မနော်တဘီသားက “စားပါဦး။ ကျောက်ကြီးခြံထွက် ဒူးရင်းသီးနော်။ နောက်ဆိုရင် စားရချင်မှ စားရတော့မှာ” လို့ဆိုတော့ လူကြိုက်များပြီး နာမည်ကြီးတဲ့ ကျောက်ကြီးဒေသထွက် ဒူးရင်းသီးတွေလည်း ပျောက်ကွယ်တော့မှာလားဆိုတဲ့ အတွေးလည်း ဝင်ခဲ့မိပါတယ်။ ကမ္ဘာကြီးထဲမှာ စစ်ပွဲတွေ ဖြစ်နေရတာ လူသားအချင်းချင်း မျိုးသုဉ်းသတ်ဖြတ်နေရတာ၊ သယံဇာတတွေကြောင့် ဆိုတာကို အချင်းချင်း ဝေဖန်ပြောဆိုမိကြတယ်၊ မြန်မာနိုင်ငံ အနောက်မြောက်နားက လက်ပံတောင်းတောင်မှာ တရုတ်လူမျိုးပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်တို့ရဲ့ ကြေးနီထုတ်လုပ်ရေး စီမံကိန်းကြောင့် ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့တွေ အချင်းများခဲ့ရတယ်။ အပြစ်မဲ့ပြည်သူ ဒေါ်ခင်ဝင်း သေနတ်မှန်ပြီး သေဆုံးခဲ့ရတဲ့ သယံဇာတ ပြဿနာတွေ အကြောင်းကို အပြန်အလှန် ပြောဆိုမိရင်း ညအိပ်နားလိုက်ပါတယ်။ဇွန် ၅ ရက် နံနက် ၇ နာရီလောက်မှာ ကျောက်ပုံချ ဆုတောင်းပွဲလုပ်မယ့် နော်ပယ်ကျေးရွာ လမ်းဆုံကို ဆိုင်ကယ်နဲ့ ဆက်သွားခဲ့ပါတယ်။ နံနက် ၈ နာရီမှာ ဆုတောင်းပွဲ စဖြစ်ခဲ့ပါတယ်။ ဒေသခံအင်အား ၁၀၀ လောက် ဆုတောင်းကြပါတယ်။ နောင်ရေးအတွက် စိုးရိမ်နေတဲ့ ဒေသခံတွေက သတ္တုစမ်းသပ်တူးဖော်မယ့် စီမံကိန်း အမြန်ဆုံး ရပ်တန့်သွားဖို့ မျှော်လင့်ချက်နဲ့ ဒေသထွက် ကျောက်ခဲတွေမှာ မိမိတို့နာမည်ရေးထိုးပြီး ကျောက်ပုံချ ဆုတောင်းကြပါတယ်။ ဆုတောင်းပွဲကို အရပ်ဘက် အဖွဲ့အစည်း အချို့လည်း တက်ရောက်ခဲ့ကြပါတယ်။ဒို့မြေကွန်ရက်အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုစည်သူကလည်း “ဒေသခံတွေက ဒီမြေပေါ်မှာ ဘိုးစဉ်ဘောင်ဆက် ရိုးရိုးသားသားနဲ့ နေလာခဲ့ကြတာပါ။ တဖြည်းဖြည်းနဲ့ လူနည်းစုရဲ့ လက်ထဲမှာ ကျွန်တော်တို့ရဲ့ သယံဇာတတွေ၊ ယဉ်ကျေးမှုတွေ၊ သမိုင်းအမွေအနှစ်တွေ ပျောက်ကွယ်တော့မယ့် အချိန်ကို ရောက်လာတယ်။ သူတို့ လူနည်းစုက ဒေသခံတွေကို လွှမ်းမိုးဖို့ ကြိုးစားလာတယ်။ ယနေ့ ကမ္ဘာနဲ့အဝန်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပြုလုပ်နေတယ်။ တစ်ဖက်မှာလည်း အတ္တကြီးမားတဲ့ အန္တရာယ်ရှိတဲ့ အရိပ်အယောင်တွေကလည်း ကျွန်တော်တို့ကို အစဉ်တစ်စိုက် လွှမ်းမိုးလာတယ်။ ကျွန်တော်တို့ဟာ ဒီနေ့ ဒီအချိန်မှာမှ ဒီလို မစုဝေးကြဘူးဆိုရင် နောင်သားစဉ်မြေးဆက်က အပြစ်တင်ကြလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ကို ရရင်ရသလိုမျိုး နေရာတကာမှာ ဖျက်ဆီးနေကြမယ်ဆိုရင် ကျွန်တော်တို့ ရပ်တည်မှုဟာ အနှေးနဲ့အမြန် ပျောက်ကွယ်သွားလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ဆိုတာ ရောင်းကုန်မဟုတ်ဘူး။ မြေဆိုတာ ရောင်းကုန်မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အနုပညာဖြစ်တယ်၊ သမိုင်းဖြစ်တယ်၊ တန်ဖိုးထားရာ ဖြစ်တယ်၊ အသက်မွေးဝမ်းကျောင်းလုပ်တဲ့ ဘဝတွေလည်း ဖြစ်တယ်။ ကျေးဇူးပြုပြီး ပြောချင်တာက သစ်ပင်တောတောင်တွေ ပျက်စီးဆုံးရှုံးခြင်း စတဲ့ သဘာဝဂေဟစနစ် ပျက်စီးဆုံးရှုံးမှုတွေကို ရပ်တန့်နိုင်ဖို့ ဒီကမ္ဘာကြီးကနေ ထွက်လာသမျှ သယံဇာတတွေကို အလိုဆန္ဒရှိသလောက် ထုတ်ယူသုံးစွဲဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘဝတွေကို မသတ်ပါနဲ့၊ အနာဂတ်တွေကို မဖျက်ဆီးပါနဲ့၊ သယံဇာတတွေကို မုဒိအ်းမကျင့်ပါနဲ့” လို့ ဆုတောင်းပွဲမှာ ပြောဆိုသွားခဲ့ပြီး နံနက် ၉ နာရီ မထိုးခင်မှာ ဆုတောင်းပွဲ ပြီးဆုံးပါတယ်။တကယ်တော့ ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ၊ ရန်ပွဲတွေ အများစုဟာ သယံဇာတ လုယူမှုတွေကြောင့် ဖြစ်ခဲ့ရတာပါ။ ကြေးနီတောင်ရှိတဲ့ လက်ပံတောင်းတောင် အရေးအခင်းကြောင့် ရဲနှင့်ပြည်သူတွေ အမုန်းပွားခဲ့ရတယ်။ အပြစ်မဲ့ပြည်သူ ဒေါ်ခင်ဝင်းက သေနတ်ဒဏ်ရာကြောင့် အသက်ပေးခဲ့ရတယ်။ ဒါတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ ဒေသခံပြည်သူတွေအပေါ် အကျိုးဖြစ်ထွန်းမှု မရှိခဲ့တဲ့ သယံဇာတ သိမ်းပိုက်မှုတွေကနေ စတင်ခဲ့တာပါ။ ယနေ့ဖြစ်ပေါ်နေတဲ့ ရာသီဥတု ဖောက်ပြန်မှု၊ သီးနှံစိုက်ခင်း ပျက်စီးဆုံးရှုံးခြင်း အကျိုးဆက်ကို ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။ သတ္တုသယံဇာတမြေပေါ်က သစ်တောသစ်ပင်တွေကိုလည်း ထိန်းသိမ်းကြဖို့ လိုအပ်နေပါပြီ။ ဒေသခံပြည်သူတွေနဲ့ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများရဲ့ အနာဂတ်အတွက် စဉ်းစားကြဖို့ လိုနေပါပြီ။ ဒေသခံများ စိုးရိမ်နေကြသလို အနောက်မြောက်ကနေ အရှေ့တောင်တွေကို ရွှေ့ပြောင်းလာတဲ့ ဒုတိယ လက်ပံတောင်းတောင် မဖြစ်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ဆုတောင်းမိရင်း လာလမ်းကို လှည့်ပြန်ခဲ့မိပါတယ်။

Most Read

Most Recent