ပျော်စရာ မကြုံလည်း ပျော်ပါသည်

ပျော်စရာ မကြုံလည်း ပျော်ပါသည်
Published 8 July 2015
■ ဒေါက်တာမိုးမိုးသီ

ဧရာဝတီတိုင်းထဲအဝင် ဗိုလ်မြတ်ထွန်း တံတားကြီးကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ မြို့ကလေးဆီကို တစ်ခေါက် ရောက်ခဲ့ရပြန်ပြီ။ ဒီမြို့ကလေးဟာ တခြားနာမည်ကြီး မြို့တွေလို လည်စရာ ဈေးဆိုင်ကြီးတွေ၊ သွားစရာကြည့်စရာ အထိမ်းအမှတ်တွေလည်း မရှိ။ ရှေးဟောင်းမြို့လည်း မဟုတ်။ စီးပွားရေးအရလည်း ရထားလမ်း၊ ကားလမ်းတွေ ဆုံရပ်မဟုတ်တော့ စည်စည်ကားကား မရှိလှဘူး။ တကယ့်ကို မြို့သေးသေးလေးလို့သာ အမြင်မှာ ပြောရမလားလေ။အများအတွက် မထူးခြားလှတဲ့ မြို့လေးဟာ ကျွန်မအတွက် သတိရစရာ ပုံရိပ်တွေ အများကြီး ရှိနေတဲ့ မြို့ပါပဲ။ မြို့ကလေး ရောက်ခါနီး မြို့အဝင်က မြို့ဦးကျောင်းခေါ်တဲ့ ဘုန်းကြီးကျောင်းမှာ နွေရာသီတိုင်း တရားစခန်း ဖွင့်တတ်တယ်။ဒီတရားစခန်းကို ညီမလေးဝင်ပြီးနောက် အမေပါ လိုက်ဝင်တယ်။ စီးပွားရေးကို ဦးစားပေးသူ မိခင်က ဒေါသကြီး စိတ်မြန်တတ်လို့ ဘုရားတရား လုပ်စေချင်တာ ကြာပြီ။ အမေက တရားစခန်းဝင်ပြီဆိုရင် ကျွန်မတို့ ညီအစ်မက အမြဲအရုဏ်ဆွမ်းတစ်နပ် လှူလေ့ရှိတယ်။ ရေအလှူ၊ မီးအလှူ အပြင် အအေးဖျော်ရည်ပါ တိုက်ကျွေးခဲ့တယ်။ အမေ တရားစခန်းဝင်တဲ့ ဒီကျောင်းမှာ ကျွန်မသားလေးနဲ့ တူလေးကို အလှူပေးပြီး ရေစက်ချကာ သာသနာ့အမွေခံ ကိုရင်ဝတ်ပေးပြီး အမေ့ကို ရေစက်ချစေခဲ့တယ်။ဘုန်းကြီးကျောင်းကို ကျော်လာတော့ ကြိုဆိုပါ၏ဆိုင်းဘုတ် စိုက်ထူထားပြီး လမ်းမကြီးက မြို့ပတ်လမ်းခွဲတစ်ခု ခွဲထွက်သွားတယ်။ ပြီးတော့ စည်ပင်သာယာပန်းခြံ ရှိတယ်။ ပန်းခြံ အလယ်မှာတော့ ရေကန်အသေးလေးနဲ့ ကိန္နရီကိန္နရာမောင်နှံ အရုပ်က တူစုံတွဲလျက်။ အရင်က ကလေးတွေ ငယ်စဉ် မကြာခဏ ရောက်ပေမယ့် အခုတော့ ဖြတ်သွားဖြတ်လာလောက်ပါပဲ။ပန်းခြံနဲ့ မျက်စောင်းထိုးမှာတော့ ပြည်သူ့ဆေးရုံ ရှိတယ်။ ဆေးရုံရဲ့ မနက်ခင်း အချိန်တွေမှာ ဆိုင်ကယ်တွေ၊ ဆိုက်ကားတွေနဲ့ ပြည့်နှက်စည်ကားနေတတ်တယ်။ တစ်ခါတလေမှာ အပြင်းမောင်းလာတဲ့ နာကူကားသံနဲ့အတူ အနီးရွာက လူနာပါတတ်တယ်။ သေးငယ်ပေမယ့် လူနာအများ အားထားရာ ဆေးရုံပါ။ဒီဆေးရုံကိုလည်း မမေ့နိုင်စရာ အဖြစ်နဲ့ ရောက်ခဲ့ရဖူးတယ်။ ညီမလေးတစ်ယောက်ရဲ့အိမ်မှာ ရပ်ဝေးက လာရောက်တည်းခိုတဲ့ အမျိုးသမီး ဧည့်သည်က ညနေစာစားပြီး စကားပြောရင်း ကော်ဖီသောက်နေတုန်းမှာ ရုတ်ခနဲ လဲကျသတိလစ်သွားတော့ ကျွန်မတို့အားလုံး လူမှုရေးကားခေါ်ကာ ဆေးရုံပို့ကြတယ်။ လူနာက အသက်မမီတော့။ အသက် ၃၇ နှစ်အရွယ် ဧည့်သည်နဲ့ ကျွန်မတို့ စကားပင် ကောင်းကောင်းမပြောရခင် ဆုံးရှာပြီ။ဆေးရုံနဲ့ ရဲစခန်း ကူးသန်းရင်း နောက်ဆုံး ရင်ခွဲစစ်ဆေးချက်မှာ နှလုံးတိုက်ခိုက်မှုကြောင့် သေရတဲ့အကြောင်းတွေ့မှ ပြီးတော့တယ်။ အဆင်မသင့်ရင် ကိုယ့်ကို အမှုပတ်တော့မှာမို့ တော်တော်ကို စိတ်ညစ်ခဲ့ရတယ်။ ကိုယ့်အိမ်မှာဆုံးတော့ အသုဘကိစ္စအားလုံး ကိုယ့်တာဝန် ဖြစ်ခဲ့ရတယ်။ လူ့ဘ၀ ဆိုတာလည်း ဘယ်နေရာ သေရမယ်ဆိုတာ မသိနိုင်ပါလားလေ။ဆေးရုံကျော်ရင် မျက်နှာချင်းဆိုင်မှာ အခြေခံပညာ အထက်တန်းကျောင်း ရောက်ပြီ။ ဒီကျောင်းမှာ ကျွန်မရဲ့ ညီမနှစ်ယောက် ၁၀ တန်း အောင်တယ်။ ဒီကျောင်းကပဲ မြန်မာတစ်ပြည်လုံး အဆင့် (၈) ချိတ်ဖူးတယ်။ နောက်ပြီး ဒီကျောင်းမှာ ကျွန်မသားလေးကို မူလတန်း ထားခဲ့ဖူးတယ်။ သောကြာနေ့လို နေ့မှာ ကျွန်မ ရန်ကုန်ကနေ အိမ်ကိုပြန်လာပြီဆိုရင် သားကို ကျောင်းပေါက်ဝမှာ တိတ်တိတ်လေး သူအံ့သြသွားအောင် သွားကြိုပြီး မုန့်စားကြလေ့ ရှိတယ်။ပြီးရင်တော့ ကျွန်မတို့အိမ်ရှိတဲ့ ကျောက်တိုင်လမ်းကို ရောက်တယ်။ လမ်းကို အောင်ဇေယျလမ်းလို့ ခေါ်ပေမယ့် လမ်းဆုံးမှာ လွတ်လပ်ရေးကျောက်တိုင်ရှိလို့ ကျောက်တိုင်လမ်းလို့သာ ခေါ်ကြတော့တယ်။ လွတ်လပ်ရေးနေ့လို အထိမ်းအမှတ်နေ့တွေမှာ ဒီကျောက်တိုင်ကိုလာပြီး အလေးပြုတဲ့ အခမ်းအနားမျိုးကလွဲလို့ ကျန်ရက်တွေမှာတော့ တိတ်ဆိတ်လို့ပေါ့။ကျောက်တိုင်လမ်းဆုံးအထိ ရပ်ကွက်အဆုံး သွားခဲ့ရင်တော့ ခလရ ၃၆ စစ်တပ်တည်ရာ နေရာ ရောက်တယ်။ တစ်ခါတရံ ရှေ့တန်းပြန် ကြိုဆိုပွဲတွေ ကျွန်မတို့ ငယ်ငယ်တုန်းက ကြုံဖူးတယ်။မြို့လေးရဲ့ ဗဟိုမြို့လယ်ကောင်မှာ မြို့နယ်အုပ်ချုပ်ရေးရုံးကြီးရှိတယ်။ ဒီရုံးကြီးမှာ ဖေဖေ အလုပ်လုပ်တုန်းက ရုံးကပေးတဲ့ အစိုးရတိုက်အိမ်လေးမှာ မိသားစုနေကြတယ်။ ဝန်ထမ်းအိမ်မို့ ရေမီးအဆင်ပြေလို့ အိမ်နောက်ဘက်က အဘွားတို့အတွက် ရေပိုက်ဆွဲကာ ရေပေးရတာတွေ မှတ်မိသေးတယ်။ဒီမှာက စည်ပင်ရေလိုင်းမရှိတော့ အများစုက လက်နှိပ်အဝီစိတွင်းပဲ သုံးကြရတယ်။ ကိုယ့်ခြံမရှိရင် သူများခြံက ရေခပ်ကြရတယ်လေ။ မော်တာသုံးပြီး ရေတင်ဖို့ကလည်း မီးမမှန်တော့ အသုံးမဝင်လှဘူး။    ရုံးကြီးပြီးတော့ မီးသတ်တပ်ဖွဲ့ရုံး တွေ့ရတယ်။ ဒီမီးသတ်နဲ့ မျက်နှာချင်းဆိုင် လမ်းထဲမှာ ကျိုက်ပရောဘုရား ရှိတယ်။ ဘုရားမှာ တန်ဆောင်တိုင်ပွဲလုပ်ရင် နိဗ္ဗာန်ဈေး အလှူ လည်း အမြဲလုပ်လေ့ရှိလို့ မကြာခဏ လာလှူ ဖြစ်ကြတယ်။ ဘုရားကြီး ဝင်ပေါက်မှာရှိတဲ့ အသုပ်ဆိုင်ကလည်း စားကောင်းလွန်းလို့ ရောင်းမလောက်အောင် လူစည်ကားနေတတ်တယ်။ ဘုရားလည်းဖူးရင်း အသုပ်လည်း စားရင်းပေါ့လေ။မြို့လယ်နာရီစင်ကျော်ရင် မြို့မဈေးကြီးရောက်ပြီ။ အနီးအနားရွာတွေက ရောင်းကြတဲ့ ဟင်းသီးဟင်းရွက်တွေ။ ပြီးတော့ အင်းထဲက ငါးနဲ့ငါးပိ၊ လယ်ယာသုံးပစ္စ ည်းအမျိုးမျိုး ရောင်းဝယ်ဖောက်ကားရာ နေရာကြီးတစ်ခုပါပဲ။ ကျွန်မအကြိုက် မြန်မာမုန့်တွေ အစုံရနိုင်တဲ့ ဈေးကြီးပါ။ သားငါးပုစွန်တွေ ပေါများရာ အရပ်မို့ လတ်ဆတ်ပြီး ဈေးလည်း ချိုလှတယ်။ဈေးကြီးပြီးတော့ မြို့ကျက်သရေဆောင် မြတ်ချမ်းသာဘုရားကြီး တည်ရှိတယ်။ အရင်က ကလေးတွေ ကျောင်းပိတ်ရင် ထမင်းချိုင့်နဲ့ ရေဘူးထည့်ပြီး ဘုရားကြီးကို လာတတ်ကြတယ်။ အခုတော့ ကလေးတွေ ကြီးလာတာနဲ့အမျှ စီးပွားရေးဘက်ပဲ ဦးစားပေးနေရတယ်။ ဘုရားကြီးအနီးက ဖြတ်တိုင်း လက်အုပ်ချီရုံလောက်ပဲ။ပြီးရင်တော့ ချောင်းကြီးလှေဆိပ်။ ဒီလှေဆိပ်က တစ်ဘက်ကမ်းမှာရှိတဲ့ ရွာတွေကိုကူးတဲ့ ကူးတို့ဆိပ်ပါ။ အောက်ဘက်လှေဆိပ်တစ်ခု ရှိသေးတယ်။ ဒီဆိပ်ကနေ စက်လှေစီးပြီး ညီမလေးရဲ့ မူလတန်းကျောင်းရှိရာ ရွာလေးကို လိုက်ဖူးတယ်။ လှေအဆင်း မြင်းအတက်ဆိုတဲ့စကား မှန်၊ မမှန် သိချင်ရင် လှေအဆင်း အတက်မှာ သိရပေမယ်။ ဗေဒါပင်တွေကြားကို လှေဦးက အဆင်းမှာ မှောက်လျားထိုး လဲခဲ့ဖူးတယ်။ ချောင်းဘေးက ကျောင်းကလေးရဲ့ မူအုပ်ဆရာမနဲ့အတူ လိုက်တုန်းက ဒီမူလတန်းကျောင်းက ချို့တဲ့သူ ကလေးတွေကိုလည်း ပညာဒါနစာအုပ် အလှူ လှူဖို့ရောက်ဖူးခဲ့တယ်။ ရွာကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေပွဲအဖြစ် မဲလက်မှတ်တွေ ကူညီရောင်းချပြီး မဲဖွင့်တဲ့ အခမ်းအနားကိုလည်း ညီမလေးခေါ်လို့ တက်ဖူးတယ်။ ကိုယ်က ဘာမဲမှ မပေါက်ခဲ့ဘူး။ကမ်းနားမရောက်ခင် ဈေးရှေ့မှာ ကွေ့သွားတဲ့လမ်းကတော့ အင်းရဲလမ်းလို့ နာမည်ပေးထားတယ်။ ဒီလမ်းကမြို့ကလေး အနီးမှာရှိတဲ့ အင်းရဲကျွန်းကို အစွဲပြုပြီး ပေးထားတာပါ။ ဒီလမ်းက ဓနုဖြူအထိ ကားနဲ့ သွားနိုင်တယ်။အင်းရဲလမ်းမပေါ်မှာတော့ ကြည်နူးစရာ ကန်သာယာဘုရားနဲ့ ရေကန်ရှိတယ်။ အရင်ကတော့ ကန်သာယာကန်အနီး လမ်းမမှာ သီတင်းကျွတ်ရင် ဘုရားပွဲလုပ်လေ့ ရှိတယ်။ ကျွန်မ ညီမလေးတွေ ၁၀ တန်းအောင်တဲ့နှစ်က သူတို့ဖွဲ့ထားတဲ့ တီးဝိုင်းအဖွဲ့နဲ့ ဒီကန်သာယာမှာ Stage Show ပွဲလုပ်၊ သီချင်းဆိုကြတော့ ကျွန်မက သူတို့အတွက် အဝတ်အစားနဲ့ မိတ်ကပ် ပြင်ပေးခဲ့ရဖူးတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဒီလောက် မဖွံ့ဖြိုးသေးဘူး။ အခုတော့ ပွဲလမ်းမှန်သမျှ ဘောလုံးကွင်းမှာပဲ ကျင်းပဖြစ်တော့တယ်။လမ်းမအတိုင်း ဆက်သွားရင်တော့ မြို့ပြင် ဟိုင်းဝေးကနေလမ်းခွဲပြီး ထန်းတောတွေကိုဖြတ်ကာ ဖို့ထားတဲ့ တာလမ်းတစ်လျှောက် မြို့ပတ်လမ်းရှိတယ်။ တာသစ်ကြီးလမ်းပေါ်မှာ ဆိုင်ကယ်စီးရင်း ကျွန်မတို့ မိသားစုက လမ်းဘေးတဲအိမ်လေးမှာ ထန်းရည်သောက်ချင်လို့ အပျော်သောက်ခဲ့ဖူးတယ်။ မြေအိုးလေးတွေနဲ့ ထန်းရည်က ပုစွန်ဆိတ်ခုန်ခေါ်မလား၊ အမြှုပ်ကလေးတွေ ပလုံစီပြီး စိမ်းမြနေတယ်။ ခါးလည်းမခါး။ ဒါပေမဲ့ ဒီတိုင်း မသောက်ချင်လို့ ဆိုင်ရှင်မိန်းမကို အမြည်းမေးတော့ ငါးကြော်ပေးမယ် ဆိုတာနဲ့ ငါးကြော်ပူပူကို တစ်အိုးပြီးတစ်အိုး စားကြတယ်။ လတ်ဆတ်တဲ့ချောင်းငါးနဲ့ အေးမြတဲ့ထန်းရည် တဖြည်းဖြည်း ခါးလာတာကို အရသာခံပြီး စားကြတယ်။ ကျွန်မကတော့ ဘီယာတို့၊ ထန်းရေတို့ မကြိုက်။ ခါးတာကိုလည်း မကြိုက်တော့ ငါးကြော်စားပြီး အားပေးတယ်။ ထန်းရည်ရောင်းသူ မိသားစုနေတဲ့ အိမ်ကလေးက မြေစိုက်တဲကလေးပါ။ ရှေ့ဘက်မှာခုံချပြီး ရောင်းရင်း အိမ်ဘေးက ဟင်းလင်းပြင် မီးဖိုမှာ ငါးကိုကိုင်ပြီး မီးမွှေးကာ ကြော်ပေးတယ်။ပိုက်ဆံရှင်းတော့ ကျပ် ၁၀၀၀ ပင် မကုန်ချင်။ မကုန်ဘဲပိုနေတဲ့ ထန်ရည်ကို ပုလင်းနဲ့ ထည့်ပေးလိုက်သေးတယ်။ တစ်ခါကပေါ့လေ။မြို့ပတ်လမ်းက မြို့အထွက် ပန်းခြံဘေးမှာ ဘုန်းကြီးကျောင်း အနီးကနေ မြို့ထဲပြန်ဝင်လာတယ်။ မြို့ငယ်ကလေးမို့ တစ်ပတ်ပတ်ဖို့ မကြာသလို ကြည့်ရှုလည်ပတ်စရာလည်း မရှိတဲ့ဒေသမို့ နယ်ခံတွေကလွဲလို့ ဧည့်သည်တွေပျော်ဖို့ ခဲယဉ်းတဲ့ မြို့ကလေးပါပဲ။ ဘီယာဆိုင် ဆိုတာလည်း လက်ငါးချောင်း မပြည့်ချင်။ ကာရာအိုကေကတော့ တစ်ဆိုင်ပဲ တွေ့မိတယ်။ အပြင်လူ မြို့ကြီးသား မြို့ကြီးသူတွေ အတွက်တော့ ပျော်စရာ ရှားပါးပေလိမ့်မယ်။ လယ်ကွင်းတွေနဲ့ ထန်းတောသာ အပျင်းပြေကြည့်စရာ ရှိလိမ့်မယ်။ဒါပေမဲ့ ဒီမြို့မှာ သတိရစရာ အလွမ်းပြေစရာတွေများတဲ့ ကျွန်မအတွက်ကတော့ ဒီမြို့ကလေးက ချစ်စရာ လွမ်းစရာ ကောင်းနေတာတော့ အမှန်ပါပဲလေ။ပျော်စရာ မကြုံရလည်း ကျွန်မအတွက်တော့ ပျော်စရာကောင်းတဲ့ ကျုံပျော်မြို့ကလေးပဲပေါ့။

Most Read

Most Recent